ကျုပ်မလည်း အသက်သာကြီးလာတယ် ထစ်ကနဲရှိစိတ်တိုတတ်တဲ့အကျင့်ကို ဘယ်လိုမှဖျောက် မရသေး ဘူးဗျာ။ဒီအကျင့်ဆိုးဟာ မကောင်းဘူးဆိုတာလည်းသိပါလျက် ဖျောက်မရတာအတော်ဆိုးသကိုး။
လောကကြီးမှာ သူတစ်ပါးကိုတရားချရ တာထက် ကိုယ့်ကိုယ်ကိုတရားပြရတာပိုခက်တယ်ဗျ။
ကျုပ်စိတ်တိုမိပြီဆိုရင် မီးခိုးကြွက်လျှောက် ဟိုလူ့ဆွဲထည့် ဒီလူ့ပတ်ရမ်း ဒေါသကိုစိတ်ရှိလက်ရှိ ဆွဲဆန့် တတ်တဲ့အကျင့်ကပိုတောင်ဆိုးသေး။ အခုလည်းကျုပ် ဒေါကန်နေပြန်ပြီ။
ဘယ်ကိစ္စရှိရမတုန်းဗျ။ကျုပ်အမြဲတမ်းလိုလို ကြည့်ကြည့်နေတဲ့၊သောက်သုံးတစ်စက်မှမကျ၊သုံးမရ၊စားမရ ဗီစီဒီအခွေ တွေကိစ္စပေါ့။
ဒေါကန်ရင်လည်းမကြည့်ဘဲနေပေါ့ဗျာ။ဟုတ်လား။ခင်ဗျားပါးစပ်ကပြောတော့အလွယ်လေးပေါ့ဗျာ။
ခင်ဗျားကိုယ်ချင်းစာကြည့်လေ မိုးလင်းမိုးချုပ်တနေကုန် အခန်းကျဉ်းလေးထဲမှာ ဘယ်သကောင့်သား ဆယ် နှစ်ကျော်အောင်းနေနိုင်ပါ့မတုန်း။အပြင် ထွက်လည်ပေါ့ဆိုပြီး ကပ်ဖဲ့မတိုက်နဲ့ဗျ။
အပြင်ထွက်လည်ရလွန်းလို့ ဖူးခက်တမြို့လုံးချောင်ကြိုချောင်ကြားပါမကျန်နှံ့နေပြီ။ ကုန်တိုက်တွေဖက်ခြေ ဦးလှည့်ဖို့လဲအကြံပေးပါနဲ့တော့။ ဆိုင်တိုင်းလိုလိုအရောင်းစာရေးတွေတောင် ကျုပ်ကိုမျက်မှန်း တန်းမိ ကုန်ပြီ။
ဟုတ်ပါ့ဗျာ မယ်မယ်ရရမဝယ်ပဲ အားအားရှိတောင်ငေးမြောက်ငေးလာလာလုပ်လွန်းလို့။ဒါကြောင့်ပျင်းပျင်းရှိ
ဘာရယ်ညာရယ်မဟုတ် အောက်စက်ထဲအခွေလေးထိုးထည့်ပြီးကြည့်နေရတာပေါ့။ဘဝကတော့ သောက်ခွ ဆိုတဲ့အစားပါပဲဗျာ။ ခုပဲကြည့်အုံး။
အခုကျုပ်ကြည့်နေခဲ့တဲ့အခွေက ဘာတဲ့။နောက်ဆုံးထွက်အက်ရှင်ဇာတ်ကားသစ်(22Jump Street)တဲ့။ အမယ် အဲဒီ စာတမ်းအပေါ်မှာ(Socios Por Accidente)ဆိုတဲ့ ဇာတ်ကားတစ်ကားနာမည်လည်း ပြူးတူးပြဲတဲ စာလုံးကြီးနဲ့ပါသေး။ ဂျိန်းစဘွန်းမင်းသားဟောင်း ပီယာဘရော့နန်သရုပ်ဆောင်တဲ့ကားဆိုတော့ ကျုပ်လည်း စိတ်ဝင်စားမိတာပေါ့။
ဒီအခွေကို စဖွင့်တတည်းက ကျုပ်မသင်္ကာလှဘူး။ဖွင့်လည်းကြည့်ရောထင်တဲ့အတိုင်းသောက်တလွဲ။ အေးလေ။မူရင်းကနေ ကော်ပီပွားတာမှမဟုတ်တာ ရုပ်ရှင်ရုံတစ်ခုထဲမှာ လက်ကိုင်ဖုန်းနဲ့လား ဗီဒီယိုကင်မ ရာနဲ့လား တခုခုနဲ့ခိုးရိုက်ထားတဲ့ အခွေကြီး။ဝါးတားတားနဲ့တုန်လိုက်မှုန်လိုက်သမှ မင်းသား မင်းသမီး ရုပ်ကိုတော်တော်ဖမ်းယူရတယ်။ တော်တော်သောက် သုံးမကျတဲ့အခွေ။
အဲဒီအခွေတွေရဲ့နာမည်ပေးပုံတွေကိုကြည့်အုံး။ ခေါင်းစဉ်နာမည်အပေးကောင်းလှတဲ့ ဆရာမောင်သာရကြား ရင်တောင် မတ်တပ်ရပ်ပြီး လမ်းမှာငိုသွားလောက်ပါရဲ့။အခွေနာမည်ဖတ်မိရုံနဲ ဝယ်ချင်စိတ်တစ်ခါတည်း ပေါက်သွားမယ်။ဘာတဲ့။
ထိုက်ချိဇီးရိုးမှ ဟီးရိုးသိုင်းဇာတ်ကားကောင်းများ၊ကမ္ဘာလုံးဆိုင်ရာစစ်ပွဲကြီးများ (X -Men)စွမ်းအားရှင်တို့၏ ဇာတ်လမ်းသစ်များ၊ နာမည်ကျော်လက်ဝှေ့အက်ရှင်ဇာတ်လမ်းများ အာရှသိုင်းလက်ရွေးစင်ဇာတ်ကားများ၊ ထိတ်လန့်ဖွယ်ရောမမြွေဆိုးကြီး ဇာတ်လမ်းများ၊ လူသားစားသတ္တဝါဆိုးဇာတ်လမ်းများ ကမ္ဘာကျော်မျောက် မျိုးနွယ်စုတိုက်ပွဲဇာတ်လမ်းများ ကမ္ဘာဦးမှလူသားစား ဒိုင်နိုဆောဇာတ်လမ်းများ အမုန်းဆွဲ တော့မဲ့ဆရာကြီး တို့ရဲ့လက်ဝှေ့ပွဲစဉ်များ၊ အမလေးစုံချက် ဆန်းချက်ကတော့လက်ကုန်ကမ်းကုန်ပါပဲဗျာ။
အခွေလို့သာအလွယ်ပြောတာပါဗျာ တကယ်တော့ဗီစီဒီအပြားပါ။ညံ့လိုက်တဲ့အပြားတွေ တခါတခါ ဇာတ်လမ်း အရှိန်တက် ပြီးကြည့်ကောင်းနေပြီဆိုရင် တဂျစ်ဂျစ်နဲ့ ထစ်တော့တာပဲဗျ။
ထစ်တဲ့အပြင် တခါတလေ နောက်အခန်းက ရှေ့ဖက်ရောက်လာပြီး ဘယ်လိုချိတ်ဆက်ပါလိမ့်လို နဝေတိမ် တောင်ဖြစ်ရတာကရှိသေး။
တချို့အပြားတွေကျတော့ မြန်မာစာတန်းထိုးမပါပြန်ဘူး။အေးလေ အင်္ဂလိပ်စာတန်းထိုးတာကို ကျုပ်မှီ အောင်လိုက်မဖတ်နိုင်ဘူး။ မှီပြန်တော့လည်း အဓိပ္ပါယ်မသိတဲ့စာလုံး တွေ ဘန်းစကားတွေကြောင့် ဆိုလို ရင်းအဓိပ္ပါယ်ကို သဘောမပေါက်ပြန်ဘူး။
မရှက်ပါဘူးဗျာ။ကျုပ်မှ အင်္ဂလိပ်စာကိုဂျောင်းဂျောင်းပြေးအောင်မှမဖတ်တတ်တာ အမယ် ခင်ဗျား အင်္ဂလိပ် စာလွှတ်ကျွမ်း နေရင်လည်းအခွေတိုင်း အပြားတိုင်းနဲ့တော့အဆင်မပြေနိုင်ဘူးဗျ။
တချို့က ဂျပန်စာတမ်း တချို့တရုတ်စာတန်း နောက် ကိုရီးယားစာတမ်း အိုး တကမ္ဘာလုံက ရှိသမျှ ဘာသာ နဲ့စာတမ်းထိုးထားတာခင်ဗျားဘယ့်နှယ့်လုပ်ဖတ်မတုန်း။
မြန်မာစာတမ်းအပြည့်အစုံထိုးတာာကလည်း မြန်မာရုပ်မြင်သံကြားတွေမှာပြခဲ့ပြီးတဲ့ ဂျူမုံတို့ ဂန္ထဝင်တွင်မယ့် သူရဲကောင်းလီဆွန်ရှင်းတို့လိုဇာတ်လမ်းတွဲလောက်ပါဗျာ။နောက်ပိုင်း မထိုးတချက်ထိုးတချက်
နဲ့ တော်တော့ကိုအာရုံနောက်ရတဲ့အပြားတွေ။
ရှေ့ပိုင်းမှာကောင်းပင်ကောင်းလျက်နဲ့စာတမ်းအပြည့်ထိုးနေတော့ စိတ်ဝင်တစားနဲ့ကြည့်နေလိုက်တာ ဇာတ် လမ်း အလယ်လောက်လည်းရောက်ရော မူရင်းဘာသာနဲ့စာတမ်းတွေချည်းပေါ်လာတော့ပဲဗျို့။
အမယ် ဟိုတကွက်ဒီတကွက် ဆိတ်ချေးပါသလို ဟိုနေရာတတန်းထိုးလိုက် ဒီနေရာ တတန်းထိုး လိုက်တွေ လည်းရှိသေးဗျ။ ဘယ်မတုန်းကောင်းကွက်။
နောက်တစ်ချက်က ဒီခိုးခွေတွေဟာ SAMSUNG ၊ SONY၊ TOSHIBA တို့လိုနာမည်ကြီး Branded အောက် စက်တွေနဲ့ဖွင့် မရဘူး ခင်ဗျ။
တရုတ်စက်ခပ်ညံ့ညံ့စက်တွေကမှ အခွေခပ်သိမ်းဖွင့်လို့ရတာမို့ အဲဒါမျိုးပဲရွေးဝယ်နေရတယ်။စိတ်ပျက်စရာ။
ဒီကိစ္စမှာအဓိကတရားခံကတော့ တရုတ်ပဲဗျ။ ဟုတ်တယ်။ တကမ္ဘာလုံးကရှိရှိသမျှ ရုပ်ရှင်ဇာတ်ကားတွေကို တရားမဝင်ခိုးကူးပြီး တကမ္ဘာလုံးကိုဖြန့်နေတဲ့မောင်တွေလေ။
ဟိုးလွန်ခဲ့တဲ့ဆယ့်ငါးနှစ်ဝန်းကျင်လောက်ကတော့၊အဲဒီအခွေတွေဟာ တရုတ်ကနေဗမာပြည်ထဲကိုခိုးသွင်း ကြတာတဲ့ဗျ။
နောက်ပိုင်းဝယ်လိုအားများလာတော့ ဗီစီဒီကူးတဲ့ တရုတ်စက်တွေသွင်းလာပြီး ဗမာတစ်ပြည်လုံးအနှံ့ ငတက် ဖြားဇာတ်လမ်းခင်းလိုက်ကြတာ ပြည်တွင်းဗီဒီယိုနဲ့သီချင်းခွေတွေ ဒုက္ခလှလှတွေ့ကုန်ကြတဲ့အထိ။
တရုပ်လည်းသောက်သုံးမကျသလို ခိုးကူးတဲ့ကောင်တွေလည်းကြံရာပါပဲ။ ဘာသာပြန်တဲ့ကောင်တွေက အချောင်သမားတွေ။ သေသေချာချာစေတနာထားပြီးဘာသာမပြန်ကြတော့ ကြည့်မိသမျှ ဆန့်တငန့်ငန့် ချည်းပဲ။
ဒီတော့ကျုပ်မှာ ဘယ်တော့ များဇာတ်လမ်းအစအဆုံးဗမာစာ တမ်းထိုးနဲ့ကြည့်ရပါ့မတုန်းဆိုပြီး နောက် အခွေ တွေမှာအဲဒီဇာတ်ကားပါလာပြန်တော့လည်း အဆင်ပြေလိမ့်နိုးနိုးနဲ့၊စက်ထဲထိုး ထိုးထည့်နေရတော့ တာ ပါပဲဗျာ။
ဒီသောက်ကျင့်ဟာ ဈေးကွက်ကိုမလိမ့်တစ်ပတ်လုပ်တဲ့ ညစ်ကွက်ဖြစ်ရ မယ်ဗျ။ အမယ် ဒီအခွေတွေ ဟာဈေးတော့မဆိုးလှဘူးဆိုရမယ်။
အေးလေ တစ်ခွေတည်းမှာစုစုပေါင်းခြောက်ပုဒ်ကြီးများတောင်ပါသဗျာ။ တပြားကိုထိုင်းဘတ် သုံးဆယ်ပဲ တန်တယ်ဆိုတော့ ရုပ်ရှင်တကားကို ငါးဘတ်(ဗမာငွေကျပ်တစ်ရာ့ငါးဆယ်)ဆိုပါတော့။
ဟောလီးဝုဒ်ဒါရိုက်တာတွေ မင်းသားမင်းသမီးနဲ့ထုတ်လုပ်သူတွေများသိခဲ့ရင် စိတ်ထောင်းကိုယ်ကြေဖြစ်ပြီး
နေရာမှာတင်တုန်းကနဲလဲသေသွားလောက်တယ်။ ဗမာ ဇာတ်ကားဟုတ်လား။ ရှိပါ့ဗျာ။ရှိပါ့။
ပြည်တွင်းမှာဘယ်လောက်ဖမ်းဖမ်း နယ်စပ်မှာခိုးကူး ထိုင်းနိုင်ငံထဲမှာခိုးကူးနေလိုက်ကြတာ ပန်းပန် လျက်ပါ ဆိုတဲ့အထဲက။
ထိုင်းတွေလည်းသူခိုးတွေပါပဲဗျာ ပါတောင်ကမ်းခြေဖက်မှာဆိုပေါလိုက်တဲ့ခိုးကူးခွေ ညစ်ညမ်းအခွေ ဖိုက် တင် ဇာတ်ကြမ်း ဒရမ်မာအဆုံးကြိုက်တာယူ ဘတ်တစ်ရာပဲဗျ။
အမယ် ဖူးခက်မြို့ထဲက စတိုးဆိုင်ကြီး တွေမှတော့ ခပ်တည်တည်နဲ့ VCD, DNA) ဆိုပြီးဈေးကြီးကြီးနဲ့ဟန်ပြ သဘော မျိုးရောင်းတာတွေလည်းရှိပါ့။
ဒါပေသည့် အဲဒီ အခွေတွေကဈေးကြီးတဲ့အပြင် ထိုင်းစာတန်း ထိုးတွေဆိုတော့ ကျုပ်ဟာဗမာ စာတမ်းထိုး နိုင်ငံခြားကားတွေကိုပဲအားပေးရတာပေါ့။ ဗမာဇာတ်ကားတွေကတော့ ကြည့်မိရင်အပျင်းမပြေတဲ့ အပြင်ဒေါသထွက်ရလွန်းလို့ ဝေရာမဏိပါပဲ။
ဒီအခွေတွေကျုပ်ဘယ်ကနေရသတုန်းဟုတ်လား။ ကျုပ်ဆိုင်မှာတင်ရောင်းနေတဲ့ဟာတွေလေ။ ဟုတ်ပါ့ဗျာ။
ဗမာပြည်နယ်စပ်မြို့တွေကနေ ခိုးသွင်းကြ ထိုင်းထဲမှာ ခိုးကူးနေကြတဲ့အခွေတွေပေါ့။
ထိုင်းပုလိပ်တွေကိစ္စလား ဒါလေးများဗျာ။ မူးယစ်ဆေးဝါး နဲ့လက်နက်တွေတောင် မှောင်ခိုဈေးကွက်မှာကြိုက် သလောက်ရနေတဲ့ဖူးခက်မြို့ကြီးမှာအများမိုးခါးရေသောက်သလို ပုလိပ်ကိုလစဉ်ကြေးပေးနေလိုက်ရုံပဲလေ။ဒါပေမဲ့ဒီသောက်ပုလိပ်တွေလည်း အကျင့်ကောင်းတဲ့ကောင်တွေမဟုတ်ဘူး ရမှန်းသိရင် ကဒီးကဒီးလာနေ တတ်ကြတာ။စိတ်ပျက်စရာသိပ်ကောင်းတယ်။ ပျက်လိုက်ရတဲ့စိတ် ထွက်လိုက်ရတဲ့ဒေါသဘယ်တော့များမှ ဒီ အပူတွေငြိမ်းမှာပါလိမ့်။
ဒီစာဒီနေ့ရောက်လာတော့ ခင်ဗျားက ကျုပ်ကိုတရားချမယ်ဆိုတာကျုပ်သိနေတယ်။“ဒီလိုစိတ်ပျက် ဒေါသ ထွက်စရာတွေ တသီတတန်းကြီးဖြစ်ရခြင်းဟာ လူတစ်ဦး ချင်းစီရဲ့ကိုယ့်ကျင့်တရားနဲ့ သက်ဆိုင် တယ်”ဘာညာဘာညာပေါ့။
ခင်ဗျားပုံခိုင်း မဲ့လူတကာပြောနေကျပုံပြင်လေးတစ်ပုဒ်ကိုတောင် ကျုပ်ကကြိုသိနေသေး။ဟိုပြောင်းဖူးချိုးတဲ့ ဖိုးသူတော်ပုံပြင်မဟုတ်လား။
တစ်နေ့တော့ နေပူကျဲတဲထဲ ခရီးထွက်လာခဲ့တဲ့ ဖိုးသူတော်တစ်ပါး နေကလည်းပူ ဗိုက်ကလည်းဆာမို့လမ်း ဘေးမှာတွေ့တဲ့ပြောင်းခင်းထဲက ပြောင်းဖူးကို မီးဖုတ်စားမယ်ဆိုပြီး ပြောင်းဖူးတစ်ဖူးကိုချိုးလိုက်ရင်း ပြောင်း ဖူးကိုဖြဲကြည့်လိုက်တော့ အဆံတွေကကျိုးတိုးကြဲတဲနဲ့မအောင်ဘူးတဲ့ဗျ။
နောက်ထပ်နှစ်ဖူး သုံးဖူးထပ်ချိုးပြီးဖြဲကြည့်ပြန်တော့လည်း ထိုနည်းလည်း ကောင်းဆိုတော့ စိတ်ပေါက် ပေါက်နဲ့ သောက်သုံးမကျတဲ့ပြောင်းဖူးဆိုပြီးဆဲပါလေရော။
ဒီတော့ပြောင်းဖူးက သူအဆံမအောင်တာဟာ၊မြေကြီးမှာမြေသြဇာမရှိလို့ဆိုပြန်တာကြောင့်၊မြေကြီးကို ကလော်ဆဲပြန်ရောပေါ့ဗျာ။
မြေကြီးကလည်း မိုးမရွာလို့ မြေဆီသြဇာမဖြစ်ဆိုပြီး ခေါင်းရှောင်ပြန်တော့ ဖိုးသူတော့်ဒေါသဟာ မိုးနတ်မင်း ဆီကိုရောက်ပြန်ရော။
မိုးနတ်မင်းလည်းဘာသားနဲ့ထုထားတာမှတ်လို့ဗျာ။မိုးမမှန်တာလေမမှန်တာဟာတိုင်းပြည်အုပ်ချုပ် မင်းလုပ် တဲ့ဘုရင်၊မင်း ကျင့်တရားဆယ်ပါးနဲ့မညီလို့ဆိုပြီး ဂျက်ဆီဂျိန်းပြန်တာပေါ့။
ဖိုးသူတော်နဲ့ဘုရင်တွေ့တဲ့အခန်းကတော့၊ပွဲကြီးပွဲကောင်းပဲဗျ။ ဖိုးသူတော်ရဲ့စွဲချက်ကိုနားထောင်ပြီးတဲ့ဘုရင် ဟာဖိုးသူတော် ကို “အဲဒီပြောင်းဖူးတွေဘယ်ကရလာသတုန်း”ဆိုပြီးပြန်လှန်မေးခွန်းထုတ်သတဲ့။
ဒီမှာတင်ဖိုးသူတော် အကြပ်ရိုက်တော့တာပါပဲ။သူကိုယ်တိုင်လည်း ဒီပြောင်းဖူးကို နီးရာယာခင်းထဲက ခိုးပြီး ချိုးခဲ့သကိုး။ ဒါပဲမဟုတ်လား။
ဒီပုံပြင်အတိုင်းဆိုရင်ဖြင့် ကျုပ်ဟာကိုယ်ကျင့်တရားမလုံခြုံတဲ့ အချောင်သမားပေါ့။ဟုတ်ပါပြီ။ဟုတ်ပါပြီ။ဒီလို သာ ပြောကြကြေးဆိုရင် ကျုပ်တင်ဘယ်ကပါ့မတုန်း။ ခေတ်ပြောင်းစနစ်ပြောင်းမှာနေသာသလိုနေ ဒူးကလေး နှံ့ပြီး ကိုယ်ကျင့်တရားမစောင့်ထိန်းပဲ ရေသာခိုအချောင်လိုက် ပေါချောင်ကောင်း စိတ်ဓာတ်မွေးနေတဲ့ ခင်ဗျား တို့လည်းသေချာပေါက်ပါတာပေါ့။ အေးလေ။အဲဒီစိတ်ဓာတ်ဟာ ကျုပ်ဗီစီဒီခိုးခွေရောင်း ကိုယ်တိုင်ကြည့်နေ တဲ့စိတ်ဓာတ်နဲ့ဘာကွာလို့တုန်း။
တိုင်းပြည်အုပ်ချုပ်မင်းလုပ်အုပ်ချုပ်တဲ့အစိုးရမင်းများဆိုပိုဆိုးသေး။ တရားမျှတတဲ့ဒီမိုကရေစီစနစ်ဆိုပြီး
ကြိုတင်မဲတွေသုံးပြီး မသမာတဲ့နည်းနဲ့ တက်လာတယ်။
လွှတ်တော်ထဲမှာစစ်သားအမတ်အစိတ်သားအတင်းဝင်ထိုင်တယ်။ ဒီမိုကရေစီဗန်းပြပြီး နိုင်ငံတကာ လှည့်အကူအညီတောင်းတယ်။
ဘယ်လောက်ရရ ဘယ်ကရရငွေချေးတယ်။တိုင်းပြည်ဟာဒုံရင်းကဒုံရင်း လူထုမှာလည်း၊ ဒုက္ခတွင်းနက် သထက်နက်။လယ်တွေယာတွေသိမ်းလိုက် တာများ လယ်လုပ်တဲ့လယ်သမားတောင် ကုန်း ကောက်စရာ တောင်မရှိတော့တဲ့အဖြစ်။
ဟော။အခုရွေးကောက်ပွဲအသစ်နီးလာပြန်တော့ တွေ့ဆုံဆွေးနွေးရေးကိုငြင်းချင်တာနဲ့ ပြဿနာမှန် သမျှ မီးခွက်ထွန်းရှာတယ်။
အမျိုးဘာသာသာသနာအယောင် ပြပြီးညစ်နည်းမျိုးစုံသုံးတယ်။ ခုရက်ပိုင်းထဲမှာပဲ၊ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူကြီးဆင်ခြေပေးပုံကိုကြည့်အုံး“ကျနော်တို့ကောင်းမယ်ထင်လို့ နိုင်ငံတော်ကြီးကိုလုပ်ခဲ့တယ်။ နိုင်ငံတော်ကြီးပျက်အောင်၊ ကျနော်တို့မလုပ်ခဲ့ပါဘူး။ ကောင်းမယ်ထင်လို့လုပ်တယ်။ခင်ဗျားတို့တွေ လည်း ကောင်းမယ်ထင် လို့လုပ်တယ်”တဲ့ဗျ။ကျုပ်တို့ တောင်နေရင်းထိုင်ရင်းတရားခံစာရင်းထဲပါနေပါပေါ့လား။
အမယ်။ဒါတင်ဘယ်ကအုံးမလဲဗျာ။ လွှတ်တော်ထဲမှာ၊တမတ်သားထည့်ထားတာဟာ အာဏာပြန်မ သိမ်း ဖြစ်အောင်လို့တဲ့။ တိုင်းပြည်မတည်ငြိမ် မအေးချမ်းရင် စစ်တပ်ကအာဏာပြန်သိမ်းရမှာပဲဆိုပဲ။အံ့ပါရဲ့ဗျာ။
တိုင်းပြည်တည်ငြိမ်အေးချမ်းတိုး တက်အောင်အာဏာသိမ်းတဲ့နည်းကလွဲရင်တခြားနည်းလမ်းကို မစဉ်း စားတတ်ကြဘူးလားဗျာ။စစ်တပ်ကအာဏာသိမ်းပြီး လူတောသူတောတိုးတဲ့နိုင်ငံရယ်လို့ ကမ္ဘာပေါ် မှာ ရှိသလားဗျာ။
ငွေရှိတဲ့သူနဲ့ ပေါင်းပါ။အာဏာရရင်သူတို့ကိုပြန်ကြည့်ပါဆိုတဲ့ အရင်စကားခံကလည်းရှိသေး။ ဒီလို လူ တွေဟာ တိုင်းပြည်အာဏာကို မရရတဲ့နည်းနဲ့ ဆက်ပြီးမောင်ပိုင်စီးထားအုံးမဲ့သဘောပေါ့။
ဒါဆိုကျုပ်လိုပဲအချောင်သမား စာရင်းဝင်တွေဖြစ်မနေဘူးလားဗျ။တော်ပါဗျာ။ဆက်ပြောရင်ဒေါသ အမျှင် တန်းပြီး အခန်း တစ်ရာ့ငါးဆယ်ပါတဲ့ ကိုးရီး ယားဇာတ်လမ်းတွဲလို၊ဖြစ်တော့မယ်။ဒီစကားကိုဒီမှာတင်ရပ်လိုက်တာကောင်းပါတယ်လေ။