ပြီးခဲ့သည့် မေလ ၂၂ ရက်နေ့က မန္တလေးမြို့တွင် ပထမဆုံးအကြိမ် အဖြစ် မြန်မာ့စီးပွားရေး ဖိုရမ်ကြီးအား UMFCCCI (ပြည်ထောင်စု မြန်မာနိုင်ငံ၊ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း) က ကြီးမှူးကာ ကျင်းပခဲ့ပြီး မန္တလေး အခြေစိုက် စီးပွားရေး သမားကြီးများ အင်နှင့်အားနှင့် တက်ရောက် ဆွေးနွေးခဲ့ကြသည်။ တကယ်တော့ စကားလုံး လှအောင် ဆွေးနွေးသည် ဆိုသည့် စကားရပ်ကို သုံးလိုက်ရခြင်း ဖြစ်သည်။ ရင်ဖွင့်ကြသည် ဆိုသည့် စကားရပ်ကို သုံးလှျှင် ပိုသင့်တော်ပေမည်။
ငါးလုပ်ငန်းအဖွဲ့က မွေးမြူရေး အစာများ ဈေးနှုန်းကြီးမြင့်သည့် အကြောင်း ရင်ဖွင့်သည်။ အိမ်ခြံမြေ အသင်း ကလည်း မြေဈေးနှုန်း မြင့်နေတာ မဟုတ်၊ ဂရန်ဖောက်ဈေးနှုန်း မြင့်နေသည့် အတွက် လုပ်ရကိုင်ရ ခက်ခဲကြောင်း ပြောသည်။ သီးနှံအသင်းကလည်း တရုတ်ပြည်သို့ ရောင်းချသည့် သီးနှံများ တရုတ်များက ပယ်ချတာများသည့် အတွက် စွန့်ပစ် သီးနှံများမှာ တောင်ပုံရာပုံ ဖြစ်နေကြောင်း ပြောသည်။ သစ်လုပ်ငန်းရှင်များ အသင်းကလည်း သစ်ပါမစ်များ အခက်အခဲကြုံနေရကြောင်း၊ မန္တလေးက ဝယ်သော သစ်ကို ခွဲစိတ်ပြီးလျှင် တခြားနေရာသို့ သယ်သွား၍ မရကြောင်း ပြောကြသည်။
ဧည့်လမ်းညွှန် အသင်းကလည်း ဧည့်လမ်းညွှန် လိုင်စင်ရရန် ရန်ကုန်ထိ တကူးတက သွားဖြေရကြောင်း၊ သင်တန်းမှာ လည်း မထိရောက်သဖြင့် အစိုးရသင်တန်းဆင်း ဧည့်လမ်းညွှန်အများစုမှာ ကျွမ်းကျင်အဆင့် နည်းပါးကြောင်း ပြောသည်။ ကြံအသင်း ကလည်း ပြည်ပမှ တင်သွင်းလာသော သကြားများကို အခွန်ကောက် နည်း၍ ပြည်တွင်း ကြံလုပ်ငန်းမှာ ရုန်းကန်နေရကြောင်း ထောက်ပြသည်။
ဟိုတယ်အသင်း ကလည်း နိုင်ငံခြားသား တိုးရစ်များ တည်းခိုခွင့် လွယ်လွယ်မရ၍ ဟိုတယ်၊ တည်းခိုခန်း အသေးများမှာ အခက်တွေ့နေရကြောင်း ပြောသည်။ ကုန်စည် ပို့ဆောင်ရေး အသင်းကလည်း သူတို့ကားဝင်းသို့ တခါဝင်လှျှင် တကြိမ် ဝင်ကြေး ပေးနေရ၍ ကားသမားများ အဆင် မပြေကြောင်း ဖွင့်ဟကြသည်။
ပရိဘောဂ သမားကြီးများ ကလည်း သူတို့မှာ လုပ်ငန်းလိုင်စင်၊ အခွန်၊ ဝင်ငွေခွန် အကုန်လုပ်ထား သော်လည်း ပရိဘောဂ လုပ်ရာတွင် အဓိကအသုံးပြုရသည့် ကျွန်းမှာ ဥပဒေနှင့် လွတ်သလို ငြိသလို ဖြစ်နေ၍ ရတက်ပွေနေရသည်ဟု ဆိုသည်။ တက်ရောက်လာသည့် စီးပွားရေးသမားကြီးများသာ မကပါ၊ အရာတော်ဘက်မှ စိုက်ပျိုးရေးသမားများက ဖုန်းဖြင့် လှမ်းတင်ပြသည်။
သနပ်ခါးများ ရောင်းကောင်း သောကြောင့် စိုက်ခင်းနှင့် စိုက်ပျိုးရာ ယခု သစ်တောနှင့်ရဲက သနပ်ခါးသည် သစ်တောထွက် ပစ္စည်းထဲ ပါသည်ဆိုကာ ရစ်နေသောကြောင့် အမြန် ဖြေရှင်းပေးပါ ဟု တင်ပြသည်။ UMFCCI ဥက္ကဋ္ဌကြီး ဦးဝင်းအောင် တော့ တော်တော် ခေါင်းရှုပ်သွားမည် ထင်ပါသည်။ ဖိုရမ်သို့ တက်လာသည့် မန္တလေးသား လူငယ်တယောက်က သက်ပြင်းချရင်း သြော် … ဒီလို မန္တလေးသား စီးပွားရေးသမား အရင့်အမာကြီးတွေတောင် ဒီလောက် အခက်ကြုံနေရတာ သာမန် စီးပွားရေးသမား အငယ်လေးတွေ ဘယ်လိုများ လုပ်ကိုင် စားသောက်ရမလဲဟု ညည်းရှာသည်။
အဆိုပါ မြန်မာ့ စီးပွားရေး ဖိုရမ်တွင် သာမန်လမ်းဘေး ဈေးသည် ဘဝမှ လူချမ်းသာဘဝသို့ တက်လှမ်းလာနိုင်ခဲ့သည့် သူဌေးတဦးကို ငွေအရင်းအနှီး များများစားစား မရှိသော လူငယ်များ အတွက် အကြံပေးပါဟု တောင်းဆိုကြသည်။ သူက လူငယ်တွေ အနေနဲ့ အဓိကက ငွေမဟုတ်၊ တကယ် အောင်မြင်တဲ့ လုပ်ငန်းရှင်သူဌေးတွေ၊ တကယ် ခြေခြေမြစ်မြစ်နဲ့ အောင်မြင်တဲ့သူဆီ ရောက်အောင်သွား၊ လစာရရ၊ မရရလုပ်၊ အဲဒီမှာ အဲဒီသူဌေး ပတ်ဝန်းကျင်က မိတ်ဆွေတွေ ရမယ်၊ ကြီးပွားအောင်မြင်ဖို့ဆို ပတ်ဝန်းကျင်ကောင်း၊ မိတ်ဆွေကောင်း၊ ဆရာကောင်းရှိဖို့ပဲ လိုတယ် ဟု သူက အကြံပြုသွားသည်။
အကယ်၍ အလုပ်ချိန် ဟူ၍ သက်မှတ် မထားဘဲ အလုပ်ရှိရင် ရှိသလို လုပ်ရသော လုပ်ငန်းတခုရှိသည်။ ထိုလုပ်ငန်းတွင် အလုပ်သမားများသည် မည်မျှပင်ပန်းစေကာမူ လစာတိုးမြှင့်ပေးရန် လုံးဝ ဆန္ဒပြတောင်းဆိုခြင်း မရှိ။ ညသန်းခေါင် ဖြစ်ပါစေ အလုပ်ရှိလျှင် မညည်းမညူ ထလုပ်သော လုပ်ငန်းတခုရှိသည် ဆိုလျှင် ယုံနိုင်ပါမည်လား။ နေ့ခင်းမှစကာ မနက် သုံးနာရီ လေးနာရီထိ ကြိတ်ကြိတ်တိုး အားပေးနေသည့် အမာခံ စားသုံးသူများ ရှိသော်လည်း လုပ်ကိုင်သူ လွန်စွာနည်းပါး သေးသည့် လုပ်ငန်းတခု အမှန်တကယ် ရှိပါသည်။
ဘာလုပ်ငန်းလဲ၊ မာဆတ် (Massage) (ခေါ်) အနှိပ်ခန်း ဖြစ်ပါသည်။
မာဆတ်ကို နှစ်ပိုင်းခွဲ ပြောရပါမည်။ အမှန်တကယ် အကြောပညာ ကျွမ်းကျင်သော ပညာရှင်များ၊ ကျွမ်းကျင် ဝန်ထမ်းများဖြင့် လုပ်ကိုင်နေသော ရိုးရိုး အကြောပြင် မာဆတ်လုပ်ငန်းနှင့် မိန်းကလေး ငယ်ငယ်များက မနှိပ်တတ် နှိပ်တတ်နှင့် ကလိယားထိုး သလိုနှိပ်ပေးသော အထူးမာဆတ်ဟူ၍ ဖြစ်ပါသည်။ အထူူးမာဆတ်ကို ထပ်မံခွဲခြားရလျှင် လူချမ်းသာ များသာ သွားနိုင်သော ဟိုတယ်ကြီးများတွင် ဖွင့်လှစ်ထားသည့် အဆင့်မြင့် အထူးမာဆတ်နှင့် သာမန် လူများ အတွက်ရည်ရွယ်ဖွင့်လှစ်သည့် ချွေတာရေး မာဆတ်တို့ ဖြစ်ပါသည်။ ယခုဆောင်းပါးတွင် ငွေအရင်းအနှီး နည်းပါးသော စီးပွားရေးသမားများ အတွက် ရည်ရွယ်လိုရင်း ဖြစ်ရာ ချွေတာရေး မာဆတ်လုပ်ငန်း အကြောင်းကိုသာ အဓိက ဖော်ပြပေးပါမည်။
အကယ်၍ ည ၁၀ နာရီ၊ ၁၁ နာရီဝန်းကျင်တွင် မန္တလေးမြို့ ၇၇၊ ၇၄၊ ၆၅၊ ၆၆ လမ်းမကြီးများဘက် သွားကြည့်မည် ဆိုပါက (လိပ်စာ အတိအကျ သိလိုပါလျှင် သက်ဆိုင်ရာနယ်ထိန်းကိုသာ မေးကြည့်ပါလေ) မီးမှိတ်ထားသော တိုက်ကြီးများ ရှေ့တွင် ဆိုင်းဘုတ်နီကျင့်ကျင့် လေးများတပ်ထားသည်ကို တွေ့ပါလိမ့်မည်။ မျက်စိ ကောင်းကောင်းဖြင့် ထိုတိုက်ကြီးများ အတွင်းသို့ ကြည့်လိုက်ပါလျှင် ဆိုင်ကယ်များစွာ တန်းစီရပ်ထားသည်ကို တွေ့နိုင်ပါသည်။ ထိုမျှ မကပါ။ အလှည့် မအားသေးသောကြောင့် ဆေးလိပ်သောက်ကာ ထိုင်စောင့်နေသည့် ပုံမှန်ဖောက်သည်ကြီးများ ကိုလည်း တွေ့နိုင် ပါသေးသည်။
လဘက်ရည်ဆိုင် ဖွင့်ရန် မစဉ်းစားပါနှင့်။ ညပိုင်းအချိန်တွင် သောက်သူ အနည်းငယ်သာ ရှိတော့သည်။ ဘီယာဆိုင်ကမူ လိုင်စင်ကြေး မြင့်လွန်းသည်။ ကေတီဗီ ဖွင့်ရန်လည်း စိတ်ကူး မယဉ်ပါနှင့်။ စက်ပစ္စည်းအရင်းအနှီး ကြီးမားလှသကဲ့သို့ မကြာခဏ ရန်ဖြစ်လေ့ရှိသဖြင့် ရဲစခန်းနှင့် နှစ်ပါးဂဟေဆက်နေရ ပါလိမ့်မည်။ အပြိုင်အဆိုင်လည်း များလှသည်။
သို့သော်လည်း မာဆတ်လုပ်ငန်းသည် လုပ်သောသူနည်းပါးလှ ပါသေးသည်။ မိမိလက်လှမ်းမီ သလောက် လေ့လာကြည့်ရာ မန္တလေးမြို့လယ်ခေါင်ဖြစ်သော ၃၅ လမ်းနှင့် ၂၆ (ဘီ) လမ်းအကြား၊ ၇၈ လမ်းနှင့် ၇၃ လမ်း အကြားတွင် မာဆတ် လေးဆိုင်မှျှသာ ရှိသေးသည်။ သိပ္ပံလမ်းနှင့် ၃၅ လမ်းကြား၊ ၇၃ လမ်း အပေါ်ခြမ်းတွင် မာဆတ် သုံးဆိုင်မျှသာ ရှိသည်။ မန္တလေးမြို့လူဦးရေနှင့် ချိန်ထိုးလျှင် ဆိုင်အရေအတွက် လွန်စွာနည်းလှပါ သေးသည်။ ခေတ်သစ် မန္တလေးသားများသည် ဖုန်းထိုင်ပွတ်လွန်း ကြသဖြင့် အညောင်းမိသူ လွန်စွာပေါနေသည်ကို သတိချပ်သင့်သည်။
ကဲ … မာဆတ်ဖွင့်တော့မည် ဆိုပါစို့။ ပထမဦးစွာ စဉ်းစားရမည်မှာ ဝန်ထမ်းလစာ ဖြစ်သည်။ ခေါင်းမရှုပ်ပါနှင့်၊ ကော်မရှင်ဖြင့် ရှင်းပေးရပါသည်။ ဝန်ထမ်းများ အတွက် လုပ်ငန်းရှင်ဘက်က ဖြည့်ဆည်း ပေးရသည်မှာ ကျောတခင်းစာ နေရာသာ ဖြစ်သည်။ ကျန်တာ ဘာတခုမှ မလိုပါ။ ချွေတာရေး မာဆတ်တွင် ရိုးရိုး အနှိပ်ခံခြင်းနှင့် ဆီဖြင့် အနှိပ်ခံခြင်း ဟူ၍ ၂ မျိုး ရှိသည်။ ရိုးရိုးမာဆတ် ဆိုလျှင် တနာရီ ငါးထောင်ကျသင့်ပြီး နှိပ်ပေးသည့် ကောင်မလေးကို တနာရီ ထောင့်ငါးရာ ကော်မရှင်ပေးကာ သင်က သုံးထောင့်ငါးရာယူနိုင်ပါသည်။
ဆီမာဆတ်မှာ တနာရီ တသောင်းဖြစ်ပြီး သင့်အနေဖြင့် ကော်မရှင် ခုနစ်ထောင်ရမည် ဖြစ်သည်။ တရက် ငါးဆက်ရှင် ဝင်ရလျှင်ပင် ခုနစ်ထောင့် ငါးရာ ရပြီဖြစ်သည့် အတွက် အလုပ်သမလေး များကလည်း ကျေကျေနပ်နပ်ကြီး လုပ်ကိုင်နေကြ ပါသည်။ တခြားသော စီးပွားရေး လုပ်ငန်းရှင်များကဲ့သို့ အလုပ်သမားများ လစာတိုးမြှင့်ပေးရေး အတွက် ဆန္ဒပြ တောင်းဆိုခြင်းများ ကြုံတွေ့ရမည် မဟုတ်ပါချေ။
ထို့အပြင် အောက်ဆိုက် အနေဖြင့် လာရောက် အားပေးသူများထံ ဘီယာ တပုလင်း နှစ်ထောင်ကျပ်ဖြင့် ရောင်းခြင်း၊ ရူဘီစီးကရက် တဘူးလျှင် တထောင့်ငါးရာဖြင့် ရောင်းခြင်း ကဲ့သို့ ဈေးတင်ကာ ကြိတ်နိုင်ပါသေးသည်။ သို့သော်လည်း ဒစ်စကောင့် (လျှော့ဈေး) ချပေးရန်တော့ မမေ့ပါနှင့်။ ည ၁၂ နာရီကျော်လျှင် ရိုးရိုးမာဆတ် သုံးနာရီ ဆက်ရှင်ယူူသော သူများအား တည အိပ်ခွင့်ပေးရမည် ဖြစ်သည်။ မနက်ကိုးနာရီမှ အိပ်ပျော်နေသော သကောင့်သားအား နှိုးလွှတ်ပါလေ။ ဧည့်စာရင်းလည်း ဘယ်သူမှ လာမစစ်သည့် အတွက် တည်းခိုခန်း ဖွင့်ရသည်ထက် ပိုကိုက်ပါသည်။
ဒုတိယ စဉ်းစားရမည်မှာ နေရာဖြစ်သည်။ သိပ်တော့ကိစ္စမရှိပါ။ မန္တလေးမြို့ အရှေ့ပိုင်း၊ တောင်ပိုင်းဘက် များတွင် ပေလေးဆယ် ပေခြောက်ဆယ် ကျယ်ဝန်းသော နှစ်ထပ်အိမ်တလုံးအား တလ လေးငါးသိန်းမျှဖြင့် ငှားရမ်းနိုင်ပါသည်။ အဓိက လုပ်ရမည်မှာ အခန်းများများ ဖွဲ့ရန်သာဖြစ်သည်။ သုံးထပ်သား များများဝယ်လိုက်လှျှင်၊ ခန်းဆီးလိုက်ကာ ကာလိုက်လှျှင် အဆင်ပြေပါသည်။ ပို၍ အဆင်ပြေသည်မှာ လာအနှိပ်ခံသော ဖောက်သည်များသည် မာဆတ်လာချိန်တွင် ချေးမများကြပဲ လုပ်ငန်းရှင်၏ အခက်အခဲကို ကောင်းကောင်း နားလည်ပေးကြပါသည်။
လူ မသိမှာလည်း မပူပါနှင့်။ တယောက်စကား တယောက်နားဖြင့် များမကြာခင် ရောက်လာမည် ဖြစ်သည်။ မိန်းကလေးများကို တခုတော့ မှာထားရန်လိုသည်။ သမီး အလုပ်ဝင်တာ ဘယ်လောက်ကြာပြီလဲ ဆိုရင် အခုမှ တပတ်ပဲ ရှိပါသေးတယ်ဟု ဖြေရန်ဖြစ်သည်။ ဖောက်သည်များသည် ထိုအချိန်တွင် သနားဂရုဏာသက်ကာ မုန့်ဖိုးပဲဖိုးများ ဖောဖောသီသီ ပေးလေ့ရှိကြောင်းလည်း ရှင်းပြပါ။ ထိုအလုပ်သမလေးများ အလုပ်ဝင်နေကြသည်မှာ မြန်မာပြည် တပတ်လား၊ အချိန်တပတ်လား ဆိုသည်ကိုတော့ ထိပ်တန်းလျှို့ဝှက်ချက် အဖြစ်သိမ်းဆည်းထားပါလေ။
တတိယ စဉ်းစားရမည်မှာ အဖမ်းအဆီး ဖြစ်သည်။ ထို့အတွက် မူလပြောခဲ့သည့် မိတ်ဆွေကောင်း၊ ဆရာသမား ကောင်းဆိုသည့် စကားကို ကောင်းကောင်း သတိရရန် လိုပါသည်။ သို့သော်လည်း လိုရမယ်ရ အထူးစီမံချက် ဘာညာ ရှောင်လွှဲနိုင်ရန် အတွက် တာဝန်ခံမန်နေဂျာ တယောက်တော့ လစာ ကောင်းကောင်းပေး၍ ငှားရမ်းထားသင့်သည်။ အချုပ်အနှောင် ခံရလည်း အချိန်မကြာမြင့်ပါ။ ရက်ပိုင်း၊ လပိုင်းအတွင်း ပြန်လွတ်လာမည် ဆိုသည့် အကြောင်း သေချာ ရှင်းပြလျှင် အဆင်ပြေနိုင်ပါသည်။
ဆရာကောင်း သမားကောင်းရှာရန်လည်း သိပ်ခက်မည် မထင်ပါ။ မန္တလေးမြို့ မာဆတ်လုပ်ငန်းရှင်များမှာ အရှေ့မြောက် ဒေသမှ တိုင်းရင်းသားများ ဖြစ်ကြသည်။ မြန်မာစကား ကောင်းကောင်း မပြောတက်သည့် သူတို့တောင်မှ ဆရာကောင်း၊ သမားကောင်း မွေးနိုင်သေးရာ မန္တလေးသား အချင်းချင်း ဆိုလျှင်ပို၍ မွေးနိုင်ပါဦးမည်။ မိမိ၏ အားသာချက်ကို မမေ့လိုက်ပါနှင့်။
ဤမျှဆိုလှျှင် မာဆတ်လုပ်ငန်းကို မဖြစ်မနေ လုပ်သင့်ကြောင်း ကောင်းကောင်း သဘောပေါက်သင့်ပါပြီ။ ကဲ … မိတ်ဆွေ တွေဝေမနေပါနှင့်။ ယခုချက်ခြင်းပဲ အဆိုပါလုပ်ငန်းလုပ်ဖို့ စိတ်ကူးလိုက်ပါ။ စီးပွားရေးတွင် လက်ဦးမှု ရယူရန် အရေးကြီးလှ ပါသည်။
အကယ်၍ စိုးရိမ်မကင်း ဖြစ်နေလျှင် နေပြည်တော်သို့ သွားပါ။ တနေကုန် လွှတ်တော်အတွင်း ထိုင်နေရသောကြောင့် အညောင်းမိနေသည့် အမတ်ကြီးများ ကျင်လည်ကျက်စားရာ မာဆတ်များ နာမည်ကြီးပါသည်။ ထိုဆိုင်များသို့ ဆိုင်ကယ် တက္ကဆီ သမားအား လိုက်ပို့ခိုင်းပါ။ လွှတ်တော်တွင် မာဆတ်လုပ်ငန်း တရားဝင် လုပ်ကိုင်ခွင့် ရစေရန် အဆို တင်ပေးဖို့ စည်းရုံးစေချင်သည်။ သင့်စကားကို သဘောတူမည့် လွှတ်တော်အမတ်များလည်း ထုနှင့်ထည်နှင့် ရှိနိုင်ပါသည် မိတ်ဆွေ။
အယ်ဒီတာကိုတော့ မေတ္တာရပ်ခံချင်ပါသည်။ အကယ်၍ ယခုဆောင်းပါးကို ရွေးချယ်ဖော်ပြမည် ဆိုလျှင် စာရေးသူ၏ ဓာတ်ပုံကိုတော့ မဖော်ပြစေချင်ပါ။ ပင်တိုင်ဖောက်သည်တဦး ဖြစ်သည့် အတွက် ဤမျက်နှာလေးအား မှတ်မိသွားပါက နောက်တကြိမ် မာဆတ်သွားလျှင် လက်မခံမည် စိုးသောကြောင့် ဖြစ်ပါကြောင်း။ ။