“မှားပြန်ပြီ”
“ဟင် … လွဲသွားတယ်”
“တောက် … မမှန်ပြန်ဘူး”
ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ မဲစာရင်း ကြည့်နေကြခြင်းဖြစ်သည်။ သူတို့လို မဲစာရင်း လာကြည့်သူများ၏ အလွဲတို့ကို ကြားနေရသည်။ သူတို့ကတော့ မကြည့်ရသေး …။
ဖိုးရှုပ်။ ။ မဲစာရင်း ကြည့်တာလည်း အောင်စာရင်း ကြည့်ရသလိုပဲကွာ ကြွက်စုတ်၊ ငါတို့ ဦးရုက္ခစိုးဆီ အရင်သွားပြီး ပြန်လာမှ ကြည့်ကြမလား။
ကြွက်စုတ်။ ။ အေးကွာ … မဲစာရင်းကလည်း အောင်ချက်မကောင်းတဲ့ ဆယ်တန်းအောင်စာရင်း ကျနေတာပဲ။ မင်းပြောသလို ဦးရုက္ခစိုးဆီ အရင်သွားပြီးမှ ပြန်လာကြည့်ကြမယ်။
ဖိုးရှုပ်၏ စကားကို ကြွက်စုတ်က ထောက်ခံကာ ဦးရုက္ခစိုးရှိရာ သစ်ပင်ဆီ ချီတက်ခဲ့ကြသည်။
“ချင်းမိုင် ရုက္ခစိုး၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးနတ်”
ဦးရုက္ခစိုး၏ သစ်ပင်တွင် ချိတ်ထားသော စာတန်းဖြစ်သည်။ ဖိုးရှုပ်တို့လာနေသည်ကို အဝေးကတည်းက လှမ်းမြင်သော ဦးရုက္ခစိုး ကိုယ်ထင်ပြလိုက်၏။
ဖိုးရှုပ်။ ။ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး နတ် ဆိုပါလား။ ဦးရုက္ခစိုးကို ဘယ်သူက တာဝန်ပေးလိုက် တာလဲ။
ရုက္ခစိုး။ ။ ငါဖာသာငါ ပေးလိုက်တာလေ။ ငါပဲ ဥက္ကဋ္ဌ၊ ငါပဲ အတွင်းရေးမှူး၊ ငါပဲ အဖွဲ့ဝင်။ ဒါနဲ့ မင်းတို့က ဘယ်က ဘယ်လို ရောက်လာကြတာလဲ။
ကြွက်စုတ်။ ။ မဲစာရင်း သွားကြည့်တာ လူများနေလို့ ဦးရုက္ခစိုးနဲ့လည်း မတွေ့တာ ကြာတာနဲ့ လာခဲ့တာပဲ။
ရုက္ခစိုး။ ။ ငါလည်း မအားဘူးကွ။ အောင်နိုင်ရေး လုပ်နေကြတဲ့ ပါတီတွေကို စောင့်ကြည့်နေရတယ်။
ဖိုးရှုပ်။ ။ စောင့်ကြည့်တော့ ဘာတွေ တွေ့လဲ၊ လုပ်စမ်းပါဦး။
ရုက္ခစိုး။ ။ သီချင်းတွေ ဆိုနေကြတယ်၊ ပြီးတော့ ဘဘတို့ ပါတီကို မဲပေးပါ၊ အန်တီတို့ပါတီကို မဲပေးပါ ဆိုတဲ့ အသံတွေ ကြားရတာပေါ့ကွာ။
ဖိုးရှုပ်။ ။ သူတို့ကသာ မဲပေးပါ၊ မဲပေးပါ အော်နေတယ်။ ဒီမှာဖြင့် လူတွေက မဲစာရင်းတွေ မှားနေကြလို့ ဘာလုပ်ရမှန်းတောင် မသိကြဘူး။
ရုက္ခစိုး။ ။ မဲဆွယ်တဲ့ သူတွေကလည်း ဆွယ်၊ မဲစာရင်း ကြည့်တဲ့သူတွေကလည်း ကြည့်၊ မှားတဲ့သူတွေ ကလည်းမှား … ဘုရားပွဲကျနေတာပဲ၊ ပျော်စရာကြီးပေါ့ကွာ။ ကဲ … မင်းတို့ မဲစာရင်း သွားကြည့်မယ်ဆို … ငါပါလိုက်ခဲ့မယ်။
ဦးရုက္ခစိုးပါ ကိုယ်ယောင်ဖျောက်၍ ဖိုးရှုပ်တို့ မဲစာရင်း ကြည့်မည့် နေရာသို့ လိုက်လာသည်။ ခဏအကြာ လူရှင်းသွားတော့ ဖိုးရှုပ်က အရင်ရှာသည်။
ဖိုးရှုပ်။ ။ ဟေ့ကောင် ကြွက်စုတ်၊ လုပ်စမ်းပါဦး။ ပထမ တခါမဲစာရင်း ကပ်တုန်းက သေသွားတဲ့ ငါ့အဖိုး ဦးဂျော်လီကြွက်စုတ် ပြန်ရှင်လာတယ်၊ ငါ့နာမည်ကျ မပါဘူး၊ အခုကျတော့ ငါ့နာမည်ပါတယ်၊ ဒါပေမယ့် ငါ့အသက်က ၁၈ နှစ်ပဲ ရှိသေးတယ်။ မှားပြန်ပြီ။
ကြွက်စုတ်။ ။ ဟာ ပွတာပဲ၊ မင်းအသက် ၃၈ နှစ်ကနေ ၁၈ နှစ်ဆိုတော့ ငယ်သွားတာပေါ့။
ဖိုးရှုပ်။ ။ ငတုံး … အသက်ပဲ ငယ်သွားတာ၊ လူက သေတောမယ်လေ။ မှားတာဟ၊ ဘယ်လိုလုပ်မလဲ။ နေပါဦး … ဟ ငါ့အစ်မလည်း ၁၈ နှစ်ပဲ၊ ငါ့အစ်ကို အကြီးဆုံးလည်း ၁၈ နှစ်ပဲ။
ကြွက်စုတ်။ ။ မင်းတို့ မောင်နှမတွေက အမြွှာ မောင်နှတွေပေါ့နော်၊ မင်းအမေက သုံးမြွှာပူး မွေးလိုက်တာ ဖြစ်မယ်။ ကြည့်စမ်း မင်းတို့ကို ညာထားတာလား မသိဘူူး။
ဖိုးရှုပ်။ ။ နေဦး နေဦး၊ ငါ့အဖေ ဦးမောင်မောင်ရှုပ်လည်း ၁၈ နှစ်ပဲကွ။
ကြွက်စုတ်။ ။ ဟာ မင်းနဲ့ မင်းအဖေက အသက် အတူတူပေါ့ ဟုတ်လား။
ရုက္ခစိုး။ ။ နေကြပါဦးကွာ … မင်းတို့ မှားတာတွေကလည်း မဖြစ်နိုင်တာတွေ။ ကြွက်စုတ် မင်းလည်း ကြည့်ကြည့်ဦး။
ကြွက်စုတ်။ ။ ဟင် ငါ့အဖေ ဘယ်တုန်းက နောက်မိန်းမ ယူလိုက်တာလဲ မသိဘူး။ ငါ့အမေနာမည်က ဒေါ်ကြွက်မ ဖြစ်ရမှာ ဒေါ်ခွေးမ ဖြစ်နေတယ်။ တွေ့မယ်၊ အဖေနဲ့ငါနဲ့ အိမ်ရောက်မှ စာရင်းရှင်းမယ်။
ရုက္ခစိုး။ ။ ဟေ့ကောင်၊ မဟုတ်တာကွာ။
ကြွက်စုတ်။ ။ ဟုတ်တယ်၊ ဦးရုက္ခစိုးရဲ့ …။ ဟောဗျာ … ကျနော်က ကွယ်လွန်တဲ့။ ငါသေပြီ၊ ဖိုးရှုပ်ရေ … ငါဘယ်တုန်းက သေသွားပါလိမ့်။
ဖိုးရှုပ်။ ။ ဟင် ဒါဆို သရဲပေါ့၊ ကြွက်စုတ် မင်း … သရဲ … သရဲ။
ရုက္ခစိုး။ ။ ဟ နေကြပါဦးကွ ငါကြည့်ပါဦးမယ် … ဟိုက် ငါ့နာမည်လည်း မဲစာရင်းမှာ ပါနေပါလား။ မင်းတို့ မြန်မာပြည်က ရွေးကောက်ပွဲမှာ နတ်တွေပါ မဲထည့်လို့ရတယ်လား။
ကြွက်စုတ်။ ။ အဲဒါပြောတာပေါ့ ဦးရုက္ခစိုးရဲ့ … ကျနော်လည်း သေသွားပြီ … အဟီး … အီး ကျနော့်အတွက် အမျှဝေပေးကြပါ ခင်ဗျာ …။
ဖိုးရှုပ်။ ။ ကြွက်စုတ်ရေ … အမျှ အမျှ … ဒီဘဝ ဒီမျှနဲ့ပဲပေါ့ကွယ် … အဖေရယ်အမေရယ် အစ်ကိုရယ် မောင်ရယ် အဖိုးရယ် အဘွားရယ် … ရှုပ်ရှုပ်လေးကို မဲထည့်ကြပါကွယ် … ဒန့်တန်တန် …။
ကြွက်စုတ်က ငိုကြီးချက်မ၊ ဖိုးရှုပ်က သီချင်းဆိုကာ ထကနေသည်။ သူတို့ သွက်သွက်ခါအောင် ရူးသွားကြခြင်းဖြစ်သည်။ ဦးရုက္ခစိုးလည်း ဘာမှ မတတ်နိုင်တော့ …။ ထိုစဉ် လမ်း၏ တဖက်တချက်ဆီမှ ဆိုက်ကား တစီးစီဝင်လာသည်။ ထိုဆိုက်ကားများတွင် ဆောင်းဘောက်စ်များ တပ်ထားသည်။
တဘက်ဆိုက်ကားက “ဘဘတို့ ပါတီကို မဲပေးနော်၊ ဘဘတို့ကို မဲပေးကြနော်” ဟု အော်နေစဉ် တဘက်က “အန်တီတို့ ပါတီကိုပဲ မဲပေးနော်၊ မည်သို့ပင် ဖြစ်စေကာမူ အန်တီတို့ကို မဲပေးနော်” ဆိုသည့် အသံများ တပြိုင်နက် ထွက်ပေါ်လာရာ ဦးရုက္ခစိုးလည်း နားမခံသာတော့သဖြင့် ဖိုးရှုပ်တို့ ကြွက်စုတ်တို့လို မရူးခင် ထိုနေရာမှ လစ်ပြေးခဲ့လေတော့ သတည်း။