ရုက္ခစိုး။ ။ ငါ ယူနီဖောင်း ပြောင်းတော့ရင် ကောင်းမလား မသိဘူးကွာ။
ဖိုးရှုပ်။ ။ ဘယ်လို ဖြစ်ရပြန်တာလဲ ဦးရုက္ခစိုးရယ်၊ တလောကပဲ ဖက်ဖူးစိမ်းရောင် ပြောင်းထားသေးတယ်လေ။
ရုက္ခစိုး။ ။ မဟုတ်ဘူးကွ … အခု အနီရောင်း ပြောင်းရင် ကောင်းမလားလို့။
ကြွက်စုတ်။ ။ ဟင် … ထူးဆန်းလိုက်တာ။ ရွေးကောက်ပွဲက နီးနေပြီနော်၊ ဦးရုက္ခစိုးကြီး သမ္မတ ဖြစ်ချင်ဇောနဲ့ စိတ်ဖောက်ပြန်သွားပြီ ထင်တယ်။
ရုက္ခစိုး။ ။ မဟုတ်ဘူးကွ … အခု ငါတို့ ရုက္ခစိုးရွေးကောက်ပွဲမှာ နတ်သမီးကြီး တပါးက ဝင်ပြိုင်ဖို့ လုပ်နေတယ်။ မဏိမေခလာ ပါတီရဲ့ ကိုယ်စားလှယ်ကွ။
ဖိုးရှုပ်။ ။ မဏိမေခလာ ပါတီဆိုတော့ ဒုက္ခရောက်နေတဲ့ သူတွေကို ကူညီမှာပေါ့ ဟုတ်လား။
ရုက္ခစိုး။ ။ အေးလေ … အဲဒါကြောင့် နတ်ငယ်တွေ အားလုံးက အခု အနီမှ အနီပဲ ဖြစ်နေတာ။ ငါတို့ အထက်ပိုင်းက ရုက္ခစိုးကြီးတွေက ဘာမှ မသိကြဘူး။ စွတ်ပြီး စိမ်းမယ် စိမ်းမယ်ပဲ လုပ်နေကြတယ်။
ကြွက်စုတ်။ ။ ဒါနဲ့ ဦးရုက္ခစိုး … ချင်းမိုင်က ဦးရုက္ခစိုးရဲ့ ပိုင်နက်ဟောင်းနော်၊ ဘယ်လိုလဲ … ချင်းမိုင်က ရွှေ့ပြောင်း နတ်ငယ်တွေရဲ့ ကြိုတင်မဲတွေ ရောက်လာပြီလား။
ရုက္ခစိုး။ ။ ဘာပြောကောင်းမလဲကွာ … တချို့နတ်ငယ်တွေဆို ပလက်ဖောင်းပေါ် ခေါင်းအုံးအိပ်ပြီး ညကတည်းက တန်းစီ မဲပေးကြတာတဲ့။ အစိမ်းတွေဆိုတာ ခွက်ခွက်လန်ပဲ။ ဒါပေမယ့် ဒီက ရုက္ခစိုးကြီးတွေက လက်မခံချင်ဘူး ဖြစ်နေတယ်။ အဲဒီမဲထုပ်တွေကို ပြောင်းပြန်လှန်ရင်တော့ နိုင်ငံတကာ ရောက်နေတဲ့ နတ်ငယ်တွေက ကျေနပ်ကြမှာ မဟုတ်ဘူး။
ဖိုးရှုပ်။ ။ အဲဒါတော့ သတိထားနော်၊ ခေတ်ကြီးက အရင်နဲ့ တူတာ မဟုတ်ဘူး။ ဒါနဲ့ ဦးရုက္ခစိုးက ဘာလို့ ယူနီဖောင်း အနီ ပြောင်းချင်တာလဲ။
ရုက္ခစိုး။ ။ နတ်ငယ်တွေအားလုံးက နတ်သမီးကြီးရဲ့ ပါတီအရောင် အနီမှ အနီဖြစ်နေတာလေ။ သီချင်းတွေလည်း ဆိုကြတာ မကြားချင်မှ အဆုံးပဲ။ ဘာတဲ့ ဒေါ်ဒေါ်နိုင်မှ ဖြစ်မယ်၊ ဒေါ်ဒေါ်နိုင်မှ ဖြစ်မှာပါ … တဲ့။
ကြွက်စုတ်။ ။ ဦးရုက္ခစိုးပဲ ဟိုတပတ်က ပြောတော့ … စည်းရုံးရေး အပီအပြင် ဆင်းထားတယ်ဆို။ တနေ့ကို နတ်သုဒ္ဓါ အပြည့်အစုံ စားပြီးသောက်ပြီး စားရိတ်ငြိမ်း ဒင်္ဂါးတသောင်းတောင် ပေးထားတာဆို။
ရုက္ခစိုး။ ။ အေးလေ အဲဒါ ခက်နေတာပေါ့။ အဲဒီနတ်ငယ်တွေက ပေးသမျှယူတယ်၊ လိုက်ခဲ့တယ်။ ဒါပေမယ့် သီချင်းဆိုတော့ ဒေါ်ဒေါ်နိုင်မှ ဖြစ်မယ် ဆိုတာချည်းပဲ။
ဖိုးရှုပ်။ ။ ဟာ … ဒါဆို ပဉ္စသိင်္ခ နတ်သားကို စည်းရုံးကြည့်ပါလား။ သူ စောင်းတီးပြီး ဦးရုက္ခစိုးတို့ ဘက်က လိုက်ဖျော်ဖြေပေးရင် နတ်ငယ်တွေ ပါလာနိုင်တာပေါ့။
ရုက္ခစိုး။ ။ နောက်ကျသွားပြီကွ … ရှိသမျှ ပဉ္စသိင်္ခရဲ့ အဖွဲ့သားတွေကလည်း နတ်သမီးကြီးနောက် လိုက်ပြီး ဖျော်ဖြေပေးနေတာ လက်ကုန်ပဲ။ အနီမှ အနီ ဖြစ်နေကြတာ … အဲဒါနဲ့ ငါလည်း စိတ်ပေါက်ပေါက်နဲ့ နတ်ငယ်တွေကို မနေ့က ပြောလိုက်တယ်။ မင်းတို့ မေခလာကိုယ်စားလှယ် နတ်သမီးကြီးကိုပဲ မဲပေးကြပါလို့ …။
ထိုစဉ် သူတို့ စကားပြောနေရာ ညောင်ပင်နဘေးတွင် ဝုန်းခနဲ အသံကြီးတခု ကြားလိုက်ရပြီး ရုပ်ဆိုးဆိုး ရုက္ခစိုးကြီး တပါး ပေါ်လာလေသည်။
ယုံချင်ယုံ မယုံချင်နေ … ရုက္ခစိုးတို့မည်သည် ဖုန်းဆက်စရာမလို …။ တနေရာက စကားသံကို တနေရာက အလိုလို ကြားရပြီး ဖြစ်ရာ ချင်းမိုင်ရုက္ခစိုးနှင့် ဖိုးရှုပ်၊ ကြွက်စုတ်တို့ ပြောနေသော စကားများကို ထို ရုပ်ဆိုး ရုက္ခစိုးကြီးက ကြားသွားပြီး ဒေါသတကြီး ရောက်လာခြင်း ဖြစ်၏။ ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ကတော့ အနည်းငယ် လန့်သွားသည်။
ရုပ်ဆိုးရုက္ခစိုး။ ။ ဒီမှာ ဦးချင်းမိုင် … ခင်ဗျား ဘာသဘောလဲဗျ။ ခင်ဗျားက အစိမ်းရောင်အတွက် မဲဆွယ်နေရင်း … နတ်ငယ်တွေကို အနီပဲ မဲထည့်ဖို့ ပြောလိုက်တာ … အဲဒါရှင်း … အဲဒါ အခုရှင်း …။
ချင်းမိုင်ရုက္ခစိုး။ ။ သြော် ဦးရုပ်ဆိုးရယ်၊ ခင်ဗျားတို့ အထက်က ရုက္ခစိုးကြီးတွေက အောက်ခြေအထိ ဆင်းမကြည့်ဘဲ လျှောက်ပြောနေကြတာ၊ အောက်ခြေအထိလည်း ဆင်းကြည့်လိုက်ဦး။ နတ်ငယ်တွေ အားလုံး အနီမှ အနီ ဖြစ်ကုန်ပြီဗျ။ ကျုပ်တို့ ပေးသမျှယူ၊ ကျွေးသမျှ စားထားတဲ့ နတ်ငယ်တွေတောင် ဒေါ်ဒေါ်နိုင်မှ ဖြစ်မယ်တွေ ဖြစ်ကုန်ပြီ သိရဲ့လား။
ရုပ်ဆိုး။ ။ ခင်ဗျား ဒီလို မပြောနဲ့ … ကျုပ်တို့လည်း နတ်ရထား အကောင်းစားကြီးတွေနဲ့ မဲဆွယ်စည်းရုံးမှုတွေ လုပ်နေတာပဲ။
ချင်းမိုင်။ ။ လုပ်လေ … လုပ်တာပဲ ရှိတာ … ခင်ဗျားရဲ့ နတ်ရထား အကောင်းစားကြီးတွေနားမှာ နတ်ဘယ်နှပါး တွေ့လဲ။ ဟိုဘက်က နတ်ရထားတွေတွေ့ပြီ ဆိုတာနဲ့ နတ်ငယ်တွေက ကြိုလိုက်တာ အုံးအုံးကျက်ကျက်၊ နတ်ပိသေမှာတောင် ကြောက်ရတယ်။ တချို့ဆို နတ်မြင်းပျံတွေနဲ့ အဖွဲ့လိုက် အဖွဲ့လိုက် ကြိုလိုက်ကြတာ ဆိုတာ။
ရုပ်ဆိုး။ ။ ဒါပေမယ့်ဗျာ … ခင်ဗျားက အစိမ်းပဲဟာ … အစိမ်းက အနီကို မဲဆွယ်ပေးတာတော့ ဟုတ်သေးပါဘူး။
ချင်းမိုင်။ ။ မဲဆွယ်ပေးတယ် ရယ်လို့တော့ မဟုတ်ပါဘူးဗျာ …။ ကျုပ် အဲဒီလို ပြောလိုက်တာ ဟိုနတ်သမီးကြီး ကြားရင် လွှတ်သဘင်ထဲ ရောက်တဲ့အခါကျ ကျုပ်ကို နေရာ တနေရာတော့ ပေးမှာပေါ့။ ခင်ဗျားလို ဘုဂလန့် ခွစာ လုပ်နေရင် လွှတ်သဘင်မှာ ထိုင်ခုံတောင်မရဘဲ လွင့်သွားမှာ မြင်ယောင်သေး … အဟေးဟေး … အဲဒါကြောင့် နိုင်မယ် သေချာတဲ့ ပါတီဘက်ကို နည်းနည်း စကားလွှတ်ထားတာ။
ချင်းမိုင်ရုက္ခစိုးကြီး စကားကြောင့် ရုပ်ဆိုးဆိုး ရုက္ခစိုးကြီးမှာ စိတ်ဆိုးဆိုးနှင့် ဘာမှ ပြန်မပြောနိုင်တော့ဘဲ လက်ညှိုး တချောင်းထောင်ရင်း ကိုယ်ယောင်ဖျောက်ကာ ထိုနေရာမှ ပျောက်ကွယ်သွားတော့သည်။ ထိုအချိန်ကျမှ ငြိမ်နေသော ဖိုးရှုပ်နှင့် ကြွက်စုတ်တို့လည်း စကား စရဲလေတော့သည်။
ဖိုးရှုပ်။ ။ အဆန်းပဲနော် ဦးရုက္ခစိုး … ဦးရုက္ခစိုးတို့ ဖြစ်နေတာတွေကလည်း ကျနော်တို့ လူတွေ အတိုင်းပါပဲလား။
ရုက္ခစိုး။ ။ အေးလကွာ …။ ရုက္ခစိုး ဆိုတာလည်း လူသေပြီးမှ ဖြစ်လာရတာဆိုတော့ လူတွေရဲ့ အကျင့်နဲ့ ဘယ်ကင်းပါ့မလဲ …။ ကိုင်း မင်းတို့လည်း ပြန်တော့ … ငါလည်း ယူနီဖောင်းပြောင်းသင့် မပြောင်းသင့် စဉ်းစားရဦးမယ်။ လက်တွေ့ မြင်နေရတာကိုတော့ လက်မခံချင်လို့ မဖြစ်ဘူးကွ။
ပြောပြောဆိုဆိုနှင့် ချင်းမိုင်ရုက္ခစိုးမှာ လက်ညှိုးထောင် ကိုယ်ယောင်ဖျောက်သွား သောကြောင့် ဖိုးရှုပ်နှင့် ကြွက်စုတ်တို့လည်း ထိုနေရာမှ လှည့်ပြန်ရန် ပြင်ရတော့သည်။ ဖိုးရှုပ်နှင့် ကြွက်စုတ် ထွက်လာစဉ် ဦးရုက္ခစိုးကြီးက ကိုယ်ယောင်မပြဘဲ လှမ်းအော်ပြောလိုက်သေးသည်။
“ဟေ့ကောင်တွေ … လက်တွေ့နော် … လက်တွေ့ … လက်တွေ့ဖြစ်နေတာကိုတော့ လက်မခံချင်လို့ မရဘူးကွ”
(ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များ အပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။)