၂၁ ရာစု ပင်လုံညီလာခံကို လာမည့် တလ၊ နှစ်လအတွင်း စတင်နိုင်ရေး ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြဖို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ ရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC- U) နဲ့ တွေ့ဆုံရာမှာ ပြောဆိုလိုက်ပါတယ်။
“ငြိမ်းချမ်းရေးဟာ မိမိတို့ နိုင်ငံအတွက် နိစ္စဓူ၀ လိုအပ်နေတဲ့ အရာဖြစ်တဲ့အတွက် နိုင်ငံသူ နိုင်ငံသားများ အားလုံး အေးအေးချမ်းချမ်း နေထိုင်နိုင်ရေးအတွက် ငြိမ်းချမ်းရေး ညီလာခံကို အမြန်ဆုံး အောင်အောင်မြင်မြင် ကျင်းပနိုင်ဖို့ လိုတယ်” လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။
ပင်လုံညီလာခံရဲ့ မူလမြစ်ဖျားခံရကို ကြည့်ရင် ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်တဲ့ မြန်မာ့နိုင်ငံရေး ခေါင်းဆောင်းများနဲ့ ရှမ်း၊ ကချင်၊ ချင်း စတဲ့ တိုင်ရင်းသား ခေါင်းဆောင်များ ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့မှာ တွေ့ဆုံကာ မိမိတိုရဲ့ ဘိုးဘွားပိုင် နယ်မြေများကို မိမိဆန္ဒအလျှောက် အချင်းချင်း လွတ်လပ်စွာ ပူးပေါင်း၍ နိုင်ငံတော်သစ်တခုကို ထူထောင်ရန် သို့မဟုတ် လွတ်လပ်ရေးရယူဖို့ တွေ့ဆုံတဲ့ ရည်ရွယ်ချက်ဖြစ်တယ်လို့ သမိုင်းမှတ်တမ်းများက ဆိုသလို ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိုလည်း ပင်လုံစာချုပ်ကို အခြေခံကာ ရေးဆွဲရန် ရည်ရွယ်ပြဌာန်းခဲ့ပါတယ်။
“တောင်တန်းဒေသများနှင့် ကရင်နီနယ်များ အပါအဝင်ဖြစ်သော ဗမာနိုင်ငံတော်သူ၊ နိုင်ငံတော်သားတို့၏ ကိုယ်စားလှယ် များသည် တိုင်းသူပြည်သားတို့၏ အာသီသဆန္ဒနှင့် လျော်ညီစွာ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို စီစဉ်ရေးဆွဲရန် အလို့ငှာ စုံညီစုဝေးကြလျက် အောက်ပါပြဋ္ဌာန်းချက်များကို ချမှတ်ခဲ့သည်” ဆိုပြီး ဗိုလ်ချုပ် အောင်ဆန်းက အချက် ၇ ချက်နဲ့ အောက်ပါအတိုင်း အဓိပ္ပါယ်ဖွင့်ဆိုခဲ့ပါတယ်။
(၁) နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ဗမာပြည်ထောင်စုနိုင်ငံတော်ဟု ခေါ်တွင်စေသော လွတ်လပ်သည့် အချုပ်အခြာ အာဏာပိုင် သမ္မတနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဖြစ်စေရမည်။
(၂) ပြည်ထောင်စု မြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေဟု သတ်မှတ်ဖော်ပြသည့် တသီးပုဂ္ဂလပြည်နယ် များသည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် သတ်မှတ်ပြထားသည်နှင့်အမျှ ကိုယ်ပိုင်အုပ်ချုပ်ရေး အာဏာရရှိစေရမည်။
(၃) အချုပ်အခြာ အာဏာပိုင် လွတ်လပ်သော သမ္မတဗမာနိုင်ငံတော်နှင့်တကွ အပါအဝင်ဖြစ်သည့် ပြည်နယ်များနှင့် အစိုးရ အဖွဲ့အစည်းအားလုံးတို့၏ အခွင့်အာဏာ ဟူသမျှတို့သည် တိုင်းသူပြည်သားတို့ထံမှ ဆင်းသက်စေရမည်။
(၄) ပြည်ထောင်စု နိုင်ငံတော်၏ တိုင်းသူပြည်သား မှန်သမျှသည် လူမှုရေးရာ၌ လည်းကောင်း၊ စီးပွားရေးရာ၌ လည်းကောင်း၊ နိုင်ငံရေးရာ၌ လည်းကောင်း တရားမျှတမှု ရှိစေလျက်၊ အဆင့်အတန်း အခွင့်အရေး ဥပဒေ သက်ရောက်မှုတို့တွင် ဆူကြုံ၊ နိမ့် မြင့်မရှိ ပကတိ တူညီစေရမည့်အပြင်၊ တရားဥပဒေနှင့် သော်လည်းကောင်း၊ အများ ပြည်သူတို့ စောင့်စည်းအပ်သော အကျင့်သိက္ခာနှင့် သော်လည်းကောင်း မဆန့်ကျင်သမျှ လွတ်လပ်စွာ ကြံစည်ပိုင်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုပိုင်ခွင့်၊ ယုံကြည်ပိုင်ခွင့်၊ ဘာသာတရား ကိုးကွယ်ပိုင်ခွင့်၊ ဝတ်ပြုခွင့်၊ ပရိယေသန ရှာမှီးပိုင်ခွင့်၊ စည်းရုံးပိုင်ခွင့်၊ ပြုမှုဆောင်ရွက်ပိုင်ခွင့်တို့ ရရှိတည်မြဲစေရန်အတွက် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် အခိုင်အလုံ သတ်မှတ်ထားရှိစေရမည်။
(၅) ဤ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် လူနည်းစုများအဖို့ လုံလောက်သော ကာကွယ်ချက်များ ထည့်သွင်း ပြဋ္ဌာန်း ထားရှိစေရမည်။
(၆) လွတ်လပ်သော အချုပ်အခြာ အာဏာပိုင် သမ္မတဗမာနိုင်ငံတော်၏ နယ်မြေတို့ တပေါင်းတစည်းတည်း တည်တံ့ ခိုင်မြဲရေးကို လည်းကောင်း၊ နိုင်ငံ၏ ကြည်း၊ ရေ၊ လေတို့ကို အချုပ်အခြာ စိုးမိုးအုပ်ချုပ်ပိုင်ခွင့်ကို လည်းကောင်း၊ တရားဓမ္မနှင့်တကွ ပြည်ထောင်အချင်းချင်း ဥပဒေအရ ထိန်းစောင့်ထားရှိရစေရမည်။
(၇) ရာဇဝင်တွင် ထင်ရှားခဲ့သော ဤဗမာနိုင်ငံတော်သည် ကမ္ဘာတွင် မိမိ၏ဂုဏ်ကျက်သရေနှင့် လျော်စွာ ရသင့်ရထိုက်သော အဆင့်အတန်းကို ရောက်ရှိစေရမည့်ပြင်၊ လူသတ္တဝါတို့၏ တိုးတက်ရေးနှင့် ကောင်းကျိုး ချမ်းသာ ပြည့်ဝရေးတို့ကို တာဝန်အလျောက် စေတနာဖြင့် အစွမ်းကုန် ဖြည့်စွက်ထမ်းရွက်ကာ ပြည်ထောင်ချင်း ချင်းဆိုင်ရာ တရားဓမ္မနှင့် ကျင့်ဝတ်သိက္ခာကို အခြေခံပြု၍ ကမ္ဘာ့ငြိမ်းချမ်းရေး ရှေ့ရှုလျက် နိုင်ငံတကာတို့နှင့် မိတ်ဝတ်မပျက် တွဲဘက် ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မြဲသော အဓိဋ္ဌာန်ဖြင့် စောင့်ထိန်းတော့အံ့။
ဒါပေမယ့် ပင်လုံစာချုပ်ကို ဦးဆောင်ချုပ်ဆိုခဲ့တဲ့ ဗိုလ်ချုပ် အောင်ဆန်း လုပ်ကြံခံရပြီးနောက်မှာတော့ ပြည်တွင်းစစ်လည်း သက်ဆိုးရှည်ခဲ့ပါတယ်။ အစိုးရ တပ်မတော်ဘက်ကလည်း ပင်လုံညီလာခံ ပြန်လည် အသက်သွင်းမယ့် ကိစ္စကို တောက်လျှောက် သဘောမတူခဲ့ပါဘူး။
ဦးသိန်းစိန် အစိုးရ လက်ထက်မှာ အပစ်အခတ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး အတွက် တွန်းလုပ်ခဲ့ပေမယ့်လည်း အောင်မြင်ခြင်း မရှိခဲ့ပါဘူး။ အခု ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ လက်ထက်မှာတော့ အပစ်အခတ်ရပ်စဲရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို အောင်မြင်စွာ လုပ်ဆောင်နိုင်ဖို့ မျှော်လင့်နေကြပါတယ်။