ထိုင်း – မြန်မာနယ်စပ် တာ့ခ်ခရိုင် အတွင်းမှာရှိတဲ့ ဒုက္ခသည်စခန်း ၃ ခုက ဒုက္ခသည် ၁ သိန်းကျော်ကို မြန်မာနိုင်ငံထဲကို ပြန်ပို့ဖို့အတွက် ဧပြီလ ၂၇ ရက်က တာခ့်ခရိုင် တာဝန်ရှိသူတွေ အစည်းအဝေးပြုလုပ်ခဲ့တယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် စခန်းတွင်းရှိ ဒုက္ခသည်တွေက နေရပ်ရင်းဒေသတွေမှာ လုံခြုံရေးအပါအဝင် ပြန်လည်နေရာချထားရေး အဆင်သင့် မရှိသေးတဲ့ အပေါ် စိုးရိမ်မှုတွေ ဖြစ်ပေါ်နေပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒုက္ခသည်များကို ပြန်လည် နေရာချထားရေး အပြင် ဒုက္ခသည်စခန်းထဲက လက်ရှိ အခြေအနေတွေကို ကရင် ဒုက္ခသည်ရေးရာ ကော်မတီ (KRC) ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်၊ ဘဏ္ဍာရေး အကြံပေး အရာရှိလည်းဖြစ်တဲ့ နော်ဘလူးမင်းနိုက် ဇန် ကို ဧရာဝတီ သတင်းထောက် ကျော်ခက ဆက်သွယ်မေးမြန်း ထားပါတယ်။
မေး။ ။ ထိုင်းနိုင်ငံ တာခ့်ခရိုင်ထဲမှာရှိတဲ့ ဒုက္ခသည်စခန်း ၃ ခုကဒုက္ခသည် ၁ သိန်းကျော်ကို မြန်မာပြည်ပြန်ပို့ဖို့ တာခ့်ခရိုင် အာဏာ ပိုင်တွေအကြား ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ ကြားသိရပါတယ်။ အဲဒီအခြေအနေနဲ့ ပတ်သက်ပြီး ရှင်းပြပေးပါဦး။
ဖြေ။ ။ ဒါနဲ့ပတ်သက်ပြီး ကျမနည်းနည်း ပြန်ရှင်းပြချင်တယ်။ အဲဒီအစည်းအဝေးလုပ်တာဟာ ဒုက္ခသည်ပြန်ပို့ဖို့ဆိုတဲ့ အချက်ကို အဓိက ထားလုပ်တဲ့ အစည်းအဝေး မဟုတ်ဘူး။ ထိုင်းအစိုးရနဲ့ UN(ဒုက္ခသည် ဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့) မှာ မှတ်ပုံမတင် ရသေး တဲ့ ဒုက္ခသည်တွေကိစ္စကို အဓိကထားပြီးတော့ ဆွေးနွေးသွားတာ။ အဲဒါပြီးမှ အခြားအထွေထွေအားဖြင့် ဒုက္ခသည်တွေပြန်ဖို့ ဘယ် လို အခြေအနေရှိလဲ၊ အဲဒီလောက်ပဲ ပြောသွားတာ။ မှတ်ပုံမတင်ရသေးတဲ့ ဒုက္ခသည်တွေအတွက် အဓိက ဆွေးနွေးတာ။
အဲဒါကြောင့်မို့လို့ ကျမတို့ KRC အနေနဲ့ ပြောချင်တာက ဒုက္ခသည်များပြန်သွားဖို့ အခြေအနေနဲ့ပတ်သက်လို့ ထိုင်းအစိုးရရဲ့ပေါ်လစီ က လုံးဝပြောင်းလဲမှု မရှိပါ။ ဒုက္ခသည်တွေကို ပြန်တွန်းပို့တဲ့ အခြေအနေ မရှိပါ။ မြန်မာပြည်မှာ ပြန်ပြီးတော့ ငြိမ်းချမ်းရေး ရရှိပြီး အခြေအနေမှန်တခု ပြန်ရောက်တဲ့အချိန် ရောက်ရင်တော့ ပြန်ဖို့ဖြစ်လိမ့်မယ်။ အခုအခြေအနေမှာ ထိုင်းအစိုးရကိုယ်တိုင်က ပြည်တွင်း စစ် လျော့နည်းသွားသော်လည်း ပြန်ဖို့အချိန် မတန်သေးဘူးဆိုတာ သူတို့မှတ်ယူထားပြီးသား။ ကျမတို့ ဒုက္ခသည်ကော်မတီ အနေနဲ့လည်း ဒီအတိုင်းပဲ ရပ်တည်ခဲ့ပါတယ်။ ရပ်တည်နေလျက်ပါပဲ။ ကျမတို့တိုင်းပြည်ရဲ့ အခြေအနေအရ ပြန်ဖို့အချိန် မရောက် သေးဘူးလို့ပဲ ပြောချင်ပါတယ်။ ပြန်ဖို့ အစီအစဉ်ကတော့ ကျမတို့မှာ ပြင်ဆင်မှုကတော့ ရှိခဲ့ပါပြီ။ ဟိုး ၂၀၁၂ ခုနှစ်ကတည်းက ပြန်ဖို့ရန်အတွက် ပြင်ဆင်မှုတွေ ရှိနေတယ်ဆိုတာတော့ ပြောချင်ပါတယ်။
မေး။ ။ ၂၀၁၂ ခုနှစ်ကတည်းက ဒုက္ခသည်တွေ ပြန်ပို့ဖို့ ပြင်ဆင်မှုတွေ လုပ်ထားတယ်ဆိုတာက ဘယ်လိုပြင်ဆင်မှုမျိုးတွေ ပါလဲ။
ဖြေ။ ။ အဲဒါက ကျမတို့ KNU နဲ့ ပြီးခဲ့တဲ့ သဘောတူ ဆွေးနွေးခဲ့ရာမှာ ဒုက္ခသည်ကော်မတီအပေါ်မှာ ဖိအားတွေ တအားများလာတဲ့ အတွက်ကြောင့်မို့လို့ ကျမတို့အနေနဲ့ ပထမဦးဆုံး အချက်တချက်က ကျမတို့ရဲ့ KRC အနေနဲ့ ဒုက္ခသည်တွေ ပြန်လည်နေရာချထား ဖို့ရာအတွက် ကျမတို့ရဲ့ ရပ်တည်ခဲ့တာကတော့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဖြစ်ရမယ်။ ဒုက္ခသည်တွေ ပြန်ပို့မယ် ဆိုလို့ရှိရင် အာမခံချက် ရှိရမယ်။ သူတို့အတွက် စားဝတ်နေရေး လုပ်ကိုင်ဆောင်ရွက်ဖို့ရန်အတွက် အိမ်နေရာအတွက်လည်း သင့်တော်သလို အထိုက်အတန်လည်း ဖြစ်ရမယ်။
နောက်ပြီးတော့ မိမိဆန္ဒအလျောက် မိမိပြန်ဖို့ ဖြစ်ရမယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုများ လျော့နည်းပြီးတော့ ပျောက်ကွယ်သွားတဲ့ အထိ ဖြစ်ရမယ်။ နောက်ပိတ်ဆုံးမှာမှ ဒုက္ခသည်ကော်မတီ ကိုယ်တိုင်ရော KNU (ကရင်အမျိုးသား အစည်းအရုံး) အပါအဝင် ဒုက္ခသည် တဦးစီရဲ့အမြင် ပြန်ဖို့ အချိန်ရောက်နေပြီ။ ပြန်ဖို့အဆင်သင့် ဖြစ်နေပြီ ဆိုတဲ့အခါကျရင်တော့ ပြန်ဖို့ဖြစ်ပါလိမ့်မယ်။ အခုအချိန် ကတော့ ဒုက္ခသည်တွေပြန်ဖို့ အခြေအနေ မဟုတ်သေးဘူးလို့ပဲ ပြောချင်ပါတယ်။
ကျမတို့ရဲ့ပြင်ဆင်မှုက ဘာလဲဆိုရင် ပြန်မယ်ဆိုတဲ့ အတွက်ကြောင့်မို့လို့ ပြန်လို့ရှိရင် ကိုးရိုးကားရား မဖြစ်ရလေအောင် ပြီးခဲ့တဲ့ ၂ နှစ် ၃ နှစ်ကစပြီး ကျမတို့ ပြန်ပြီးတွန်းအားပေးတာက အတတ်ပညာတွေ တိုးပြီးတော့ မြှင့်တင်ပေးတာတို့ နောက်ပြီး အသက်မွေးဝမ်း ကျောင်း အတွက် လုပ်ကိုင်ပေးတဲ့အခါမှာ ပြန်လို့ရှိရင် ဒါတွေ အဆင်သင့်ဖြစ်သွားအောင်ပေါ့။ ကျမတို့ အဲဒါတွေ ဆောင်ရွက်ပေး နေ ပါတယ်။
မေး။ ။ KNU ကလည်း ဒုက္ခသည်တွေ ပြန်လည်နေရာချထားရေးအတွက် ပြင်ဆင်မှုတွေလုပ်နေတယ်လို့ ကျနော်တို့ ကြားသိရပါတယ်။ အဲဒီပြင်ဆင်မှုတွေက ဘယ်လောက်ပြီးနေပြီလို့ သိထားပါလဲ။
ဖြေ။ ။ ကျမ ပြောပြောနေတယ်။ လူတွေ တွေဝေနေတာက ဒုက္ခသည်တွေက ၂ ပိုင်း ရှိနေတယ်။ ပထမ တခုကတော့ ပြည်တွင်း ဒုက္ခသည် IDP လို့ ခေါ်တယ်။ နောက်တခုကတော့ ကိုယ့်နိုင်ငံကို ဖြတ်ကျော်ပြီးတော့မှ တိုင်းတပါးကို ဒုက္ခသည်အဖြစ်နဲ့ ရောက် လာခဲ့တဲ့သူတွေပေါ့။ အဲဒါကြောင့်မို့လို့ လက်ရှိ အနေအထားမှာဆိုရင် ပြည်တွင်းမှာပဲ ဒုက္ခရောက်နေတဲ့ ပြည်တွင်း ဒုက္ခသည်တွေတောင်မှ အထူးသဖြင့် ကျမတို့ ကရင်ပြည်နယ်မှာ နှစ်ပေါင်း ၄၀၊ ၅၀ လောက် စစ်ပြေးလာခဲ့တဲ့နေရာမှာ ပြည်တွင်း ဒုက္ခသည်တွေတောင်မှ ကိုယ့်နေရာကို ပြန်မရောက်သေးဘူး။
အဲဒီတော့ သူတို့တောင်မှ မိမိတို့နေရာ အကုန်လုံး ပြန်မရောက်သေးဘူးဆိုတော့ တခြားနိုင်ငံမှာ ရောက်နေတဲ့ ဒုက္ခသည်တွေ ပြန် လာ ဖို့ဆိုတာက နည်းနည်းတော့ အခက်အခဲ ရှိနေသေးတယ်။ အဲဒါကြောင့်မို့လို့ ဒီဒုက္ခသည်နဲ့ ပတ်သက်လို့ တိတိကျကျ သေသေ ချာချာနဲ့ ထဲထဲဝင်ဝင် ဆွေးနွေးနိုင်တဲ့ အခြေအနေဟာ အခုထက်ထိ မရှိသေးပါဘူး။
မေး။ ။ ဒုက္ခသည်တွေကလည်း နေရပ်ရင်းပြန်ဖို့အတွက် နေထိုင်လုပ်ကိုင် စားသောက်ရေးကိစ္စတွေတင်မကဘဲ လုံခြုံရေးအတွက် ဆိုရင် မိုင်းတွေတောင် ရှင်းလင်းထားခြင်း မရှိသေးတဲ့အခြေအနေမှာ ပြန်ပို့မှာကို စိုးရိမ်နေကြတဲ့အကြောင်း ဒုက္ခသည်တွေက ပြော ဆို နေတဲ့အပေါ်ရော ဘာများ ပြောချင်ပါလဲ။
ဖြေ။ ။ ဒါမှန်ပါတယ်။ ဒါပေမယ့် ကျမတို့ပြောချင်တာက အခုပြန်လို့ရပြီး မနက်ဖြန်ထပြန်တာ မဟုတ်ဘဲနဲ့ ပြန်မယ်ဆိုလို့ရှိရင် ဘာ တွေ လိုသလဲ။ အရေးပေါ် ပြန်မယ်ဆိုရင် လမ်းခုလတ်မှာ ဘာတွေလိုမလဲ။ ပြန်ရောက်တဲ့ အချိန်မှာ ၃ လအတွင်း ဘာတွေလိုမလဲ။ နောက်ပြီးတော့ တနှစ်အတွင်း ဘာတွေလိုမလဲ။ အသေးစိတ်ကို ကျမတို့ရဲ့ ကရင် ဒုက္ခသည်စခန်း ကော်မတီအနေနဲ့ ကျမတို့ရဲ့ လူထု အခြေပြု အဖွဲ့အစည်းတွေက ဂိုက်လိုင်းအကြမ်းတော့ ဆွဲထားတာ ရှိတယ်။ ဒါပေမယ့် အတည်မပြုသေးပါဘူး။
ထိုနည်းလည်းကောင်းပဲ ဒီအစိုးရမဟုတ်တဲ့ ကူညီထောက်ပံ့တဲ့ အဖွဲ့အစည်း UNHCR(ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး) ရယ်။ ကျမတို့ ဒုက္ခသည်စခန်း ကော်မတီရယ် ချထားတဲ့ဂိုက်လိုင်းဆိုတာလည်း ဆွဲထားတာရှိတယ်။ ဒါလည်းတခုမှ အတည် မပြုသေးပါဘူး။ အခြေအနေတခုအပေါ်မှာ သုံးသပ်ပြီးတော့ လိုအပ်ချက်များကို ဆက်လက်ပြီးတော့ ဖြည့်စွက်နေတုန်းပါပဲ။
ဒါကြောင့်မို့လို့ ဒီအချက်တွေအပေါ်မှာ ကျမတို့ပူးပေါင်း ကော်မတီ ကလည်း ပြန်ပြီးတော့ ဆွေးနွေးတင်ပြပေးထားတာလည်း ရှိပါတယ်။ ဒါကြောင့်မို့လို့ ဒုက္ခသည်တွေအနေနဲ့တော့ ပြန်ဖို့ရန်အတွက် သိပ်ပြီးတော့ ပူပင်သောက စိုးရိမ်မှုမထားဖို့ ကျမတို့ပြောချင်ပါတယ်။ နောက်ပြီးတော့ လက်ရှိအခြေအနေဟာ ဒုက္ခသည်တွေ ပြန်ပို့ဖို့အချိန် မဟုတ်သေးပါဘူး။
မေး။ ။ ဒုက္ခသည်စခန်းတွေထဲမှာ မကြာသေးခင်က ဒုက္ခသည်တွေအပေါ် ထောက်ပံ့ပေးနေတဲ့ စားနပ်ရိက္ခာတွေကို လျှော့ချလိုက် တယ်လို့ ကြားသိရပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ရှင်းပြပေးပါ။
ဖြေ။ ။ ဒုက္ခသည်တွေအပေါ်မှာ ကူညီထောက်ပံ့မှု လျှော့ချတယ်ဆိုတာကို အလေးအနက်ထားပြောရမယ်ဆိုရင် ဒါဟာပြီးခဲ့တဲ့ ၄ နှစ်၊ ၅ နှစ်ကတည်းက နိုင်ငံတကာမှာကြည့်မယ်ဆိုရင် စီးပွားရေး ကပ်ဆိုက်မှုတွေ၊ ရာသီဥတုနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်ပြောင်း လဲမှုတွေ အတွက်ကြောင့် နိုင်ငံတကာမှာ ငွေကြေးထောက်ပံ့မှု အတိုင်းအတာ လျော့နည်းသွားပြီး စီးပွားရေး အဆင်မပြေခဲ့တာက တပိုင်းရှိနေပါတယ်။
နောက်တဘက်မှာလည်း ကျမတို့ KRC ရဲ့ ဆောင်ပုဒ်ပေါ့နော်။ ဒုက္ခသည်များသည် မိမိပုံမှန်ဘဝကို ပြန်ရောက်ခြင်းသည် မိမိ ကိုယ် မိမိ ပြန်အားကိုး ရပ်တည်နိုင်ဖို့ ဆိုတဲ့အပေါ်မှာ ဦးတည်ပြီးတော့မှ ဒီအသက် မွေးဝမ်းကျောင်းနဲ့ ပတ်သက်တဲ့လုပ်ငန်းများကို သေ သေ ချာချာ ဖိဖိစီးစီး လုပ်ဆောင်လာတာ ရှိတယ်။ အဲဒါကြောင့်မို့လို့ ကူညီထောက်ပံ့မှု လျော့နည်းတယ်ဆိုတာ အလှူရှင်တွေရဲ့ အာရုံစိုက်မှု၊ အလှူရှင်တွေရဲ့ စိတ်ဝင်စားမှုအပေါ်မှာလည်း မူတည်ပါတယ်။ တချို့သောအဖွဲ့အစည်းတွေက မြန်မာနိုင်ငံမှာ အေးချမ်းလာပြီဆိုပြီး ရုံးတွေသွားပြီးတော့ ဖွင့်ထားတာတွေ ရှိနေပါတယ်။ သို့သော်လည်းပဲ ဒုက္ခသည်များ မပြန်သေးသရွေ့ကာလပတ်လုံး ဆက် လက် ကူညီထောက်ပံ့ဦးမယ်ဆိုတဲ့ အလှူရှင်တွေလည်း ရှိနေပါသေးတယ်။
မေး။ ။ ဒုက္ခသည်စခန်းကတဆင့် တတိယနိုင်ငံကိုသွားဖို့ လျှောက်ထားကြတဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး လည်း သိချင်ပါတယ်။ လျှောက်ထားမှုတွေက ဆက်လက် ရှိနေဆဲပဲလား။
ဖြေ။ ။ ဒီကိစ္စနဲ့ပတ်သက်လို့ ပြောရမယ်ဆိုရင် UNHCR နဲ့ ထိုင်းက MOI(ထိုင်းနိုင်ငံ ပြည်ထဲရေး ဌာန) နဲ့ မှတ်ပုံတင်ထားတဲ့ ဒုက္ခသည် အရေအတွက်ဟာ နိုင်ငံခြားကို ထွက်သွားတာ ကုန်လုနီးပါး ရှိပါတယ်။ ဒါပေမယ့် ကျန်သေးတယ်။ မှတ်ပုံမတင်ရသေးတဲ့ အဖွဲ့တွေလည်း ရှိနေသေးတယ်။ ၂၇ ရက်က အစည်းအဝေးထိုင်တယ် ဆိုတာကလည်း အဲဒီကိစ္စပဲ။ ဒီလူတွေကို ဘယ်လောက် အထိ မှတ်ပုံတင် ထုတ်ပေးနိုင်မလဲ။ ဘယ်လောက်အထိ ကူညီပေးနိုင်မလဲဆိုတာ ဆွေးနွေးတဲ့အပေါ်မှာ ရှိတယ်။ အဲဒီတော့ ပြောရ မယ် ဆိုလို့ရှိရင် ပုံမှန်အားဖြင့် တတိယ နိုင်ငံ သွားဖို့ဆိုတဲ့ အစီအစဉ်ကတော့ သူတို့ရပ်ထားလိုက်ပြီ။ သို့သော်လည်းပဲ အခုဆက်ပြီး တော့ ဆောင်ရွက်နေတဲ့ ကိစ္စက ပြီးခဲ့တဲ့ ၂ နှစ်၊ ၃ နှစ်ကတည်းက ဟိုဘက်မှာ တတိယနိုင်ငံသွားဖို့ တင်လာခဲ့တဲ့မိသားစု လက်ကျန် တွေကို တဆင့်ပြီးတဆင့် ပြန်ပြီးတော့ စိစစ်ပြီးတော့ လုပ်နေတာတွေတော့ ရှိသေးတယ်။
မေး။ ။ ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည်စခန်းတွေထဲမှာ ရှိနေကြတဲ့ ဒုက္ခသည်တွေအနေနဲ့ နေရပ်ရင်း ပြန်တာတွေလည်း ရှိတယ်လို့ သိရပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ရှင်းပြပေးပါ။
ဖြေ။ ။ မနှစ်ကစပြီး စခန်းကော်မတီတချို့က မြန်မာပြည်က မိမိတို့သွားလို့တဲ့အရပ်မှာ ပြန်သွားပြီးတော့ အခြေအနေ ပြန်ကြည့်ပြီး တော့ သတင်းအချက်အလက် ပြန်လည်ဝေမျှတဲ့အပေါ်မှာ တချို့ဒုက္ခသည်တွေလည်း သွားလိုက် လာလိုက်ပဲ ရှိနေတယ်။ သွားလိုက် လာလိုက် ရှိတဲ့ အတွက်ကြောင့်မို့လို့ အဲဒီ အပေါ်မှာလည်း ဘယ်လိုဖြစ်တာလဲဆို တချို့ဒုက္ခသည်တွေက သွားပြီးပြန်မလာ တာတွေ ရှိတယ်။ တချို့ဒုက္ခသည်တွေက သွားပြီး ပြန်လာတယ်။ နောက်ဘယ်တော့မှ မပြန်တော့ဘူးဆိုတဲ့သူတွေ ရှိသလို တချို့ကလည်း သွားလိုက်လာလိုက်ပါပဲ။ လူဦးရေ အတိအကျတော့ ကျမတို့ စာရင်းကောက်ယူလို့ မရဘူး။ အဲဒီအပေါ်မှာ ကြည့်လို့ရှိရင် တော့ ဒုက္ခသည်တွေအနေနဲ့ အမျိုးမျိုးပေါ့။ တချို့တွေကတော့ လမ်းရှာပြီးတော့ သွားကြည့်တယ်။ ပြန်လာတဲ့သူတွေလည်း ရှိတယ်။ နောက်တခုကတော့ ဘယ်မှမသွားဘဲ နေတယ်။ ပြီးတောာ့ ပြန်ဖို့အချိန်တန်လို့ ခေါင်းဆောင်တွေ စီမံဆောင်ရွက်တဲ့ အပေါ်မှာပဲ မှီခို သွားမယ်ဆိုတာလည်း ရှိပါတယ်။ ။