ကရင်ပြည်နယ်မှ ရက်ပေါင်းများစွာ ခရီးထွက်ခွာလာခဲ့ပြီးနောက် ဗိုလ်မှူး စောဆန်းအောင်နှင့် ၎င်း၏တပ်ဖွဲ့ဝင်များသည် ပြီးခဲ့သော သီတင်းပတ်က မြန်မာတပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေသော ရက္ခိုင့်တပ်မတော်(AA)ကို ကူညီရန် ရခိုင်ပြည်နယ်သို့ ရောက်ရှိလာခဲ့သည်။
အဆိုပါစစ်ကြောင်းမှာ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)မှ အဖွဲ့ဝင်ဟောင်းများ ဖြစ်ပြီး ဗိုလ်မှုးစောဆန်းအောင်က ဦးဆောင်သူအနေဖြင့် ဒီခရီးရှည်ကို စတင်လာခြင်းဖြစ်သည်။ “လွတ်လပ်ရေးတိုက်ပွဲဝင်သူ”ဟု ခံယူပြီး မိမိတို့၏ “ညီအကို ရက္ခိုင့်တပ်မတော်”ကို လာရောက်ကူညီခြင်းဖြစ်ကြောင်း ဗိုလ်မှုးစောဆန်းအောင် ပြောသည်။
၎င်းနှင့်အတူ အခြား တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ ပါဝင်သည်ဟု ပြောပြသော်လည်း အဖွဲ့နာမည်ကို ထုတ်ဖော်ပြောသွားခြင်း မရှိဘဲ ဖက်ဒရယ်တပ်မတော်က တပ်ဖွဲ့ဝင်များဖြစ်ကြောင်း ပြောသွားပါသည်။
ဗိုလ်မှူးစောဆန်းအောင်ရဲ့ facebook စာမျက်နာတွင် ၎င်း၏ ခရီးစဉ်မှတ်တမ်းအတွက် ရိုက်ထားသော ဗီဒီယိုများ တင်ထားပါသည်။ ကျောက်တုံးကို ခေါင်းအုံးအိပ်ပြီး စားစရာ ရှားပါးသော်လည်း စိတ်ဓာတ် မကျဘဲ သီချင်းဆိုပြီး ချီတက်ခဲ့ကြကြောင်း စောဆန်းအောင်က ပြောသည်။
“လမ်းခရီးမှာ တခါတလေ ကျနော်တို့မှာ စားစရာလည်း မရှိဘူး။ အိပ်လို့လည်း မရ။ ဒါပေမယ့် ဒါက တော်လှန်ရေးသမားတယောက်ရဲ့ ဘဝပဲလေ” ဟုလည်း ဆိုသည်။
အဆိုပါခရီးမှာ တောင်ငူမှ ပဲခူးရိုးမ၊ ထိုမှ ရခိုင်ရိုးမသို့ အဆင့်ဆင့်ဖြတ်ကျော်ခဲ့ရပြီး တခါတရံ ကားနှင့် လှေများအသုံးပြုရသော်လည်း အများအားဖြင့် အဓိက လိုအပ်သော လက်နက်များကို သယ်ဆောင်ရန် တောလမ်းခရီးဖြစ်သာ ဦးစားပေး သွားရကြောင်း ၎င်းက ဆိုသည်။
၎င်းတပ်ဖွဲ့ဝင်များက စစ်ရေးတွင် အတွေ့ကြုံရှိပြီးသား ဖြစ်ကြောင်း ထိုထက်မက စစ်အာဏာရှင်ကို တိုက်ဖျက်ရန် စိတ်ဆန္ဒပြင်းပြသူတွေ ဖြစ်ကြောင်းလည်း ပြောသည်။
သင်္ကြန်ပွဲတော်ကာအတွင်း ရခိုင်ပြည်နယ်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး မြန်မာတပ်မတော်က ကြီးမားသော စစ်ဆင်ရေး စတင်ခဲ့သည်။ ထိုသို့ တိုက်ပွဲများ ဖြစ်ပွားသည့်အတွက် ဒေသခံများ ရွေ့ပြောင်း ထွက်ပြေးခဲ့ကြသောကြောင့် ရခိုင်ပြည်နယ်သို့ သွားရောက်ကူညီရန် ဆုံးဖြတ်ခဲ့ကြကြောင်း စောဆန်းအောင်က ပြောသည်။
ကရင်နှင့် ရခိုင် လက်နက်ကိုင်တပ်ဖွဲ့တို့သည် ယခင်က မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် မြန်မာတပ်မတော်အား တိုက်ခိုက်ရန် ပူးပေါင်းခဲ့ကြပြီး ကရင်ပြည်နယ်တွင်လည်း အတူတကွ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြသည်။
“ရခိုင်နဲ့ ကရင် တပ်သားတွေက သေဖော်သေဖက်တွေပါ။ ကျနော်တို့ စစ်အာဏာရှင်ကို ဆန့်ကျင်ရာမှာ ကြာရှည်ခိုင်မာတဲ့ ဆက်ဆံရေးရှိခဲ့ကြတယ်။ အရင်ကလည်း သူတို့က ကရင်ပြည်နယ်ကို ကူညီခဲ့ပါတယ်။ အဲဒါကြောင့် အခုလည်း ကျနော်တို့က ပြန်ကူညီတာပါ”ဟု စောဆန်းအောင်က ပြောသည်။
ရခိုင်ပြည်နယ်သို့ ၎င်းတို့စစ်ကြောင်းရောက်ရှိသွားသောအခါ ရခိုင်ဒေသခံတွေက ပျော်ရွှင်သည်ကိုတွေ့ရပြီး ဒေသခံများ ထောက်ပံ့မှုမှာ အရေးကြီးကြောင်း ဗိုလ်မှူး စောဆန်းအောင်က ပြောသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပင်လုံညီလာခံကို ပြီးမြောက်အောင်ဆောင်ရွက်ရန် စိတ်အားထန်သက်ကြောင်း ပြောကြားချက်ကို ကြားသိရသည့်အတွက် ဝမ်းသာကြောင်းလည်း ဗိုလ်မှူး စောဆန်းအောင်က ပြောသည်။
“ကျနော်တို့အားလုံး အခွင့်အရေး အညီအမျှရသင့်ပါတယ်။ ကရင်ကတော့ ငြိမ်းချမ်းနေပြီး ရခိုင်ကတော့ မအေးချမ်းသေးဘူး။ ဒါမဖြစ်သင့်ဘူး။ ကျနော်တို့ အတူအတွ ငြိမ်းချမ်းရေးရသင့်ပါတယ်။ တနိုင်ငံလုံး ငြိမ်းချမ်းရေးပေါ့”ဟု ဆိုသည်။