ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ကာကွယ်ရေး ဝန်ကြီးဌာနနှင့် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနတို့ကြား စစ်ဖက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်အား လက်မှတ်ရေးထိုးနိုင်ရေးအတွက် ပြည်ထောင်စု လွှတ်တော်၏ အတည်ပြုချက် ရရှိနိုင်ရေး ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် မြင့်နိုင်က ယနေ့ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်တွင် ပြောကြားသည်။
“ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ကာကွယ်ရေး ဝန်ကြီးဌာနနှင့် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနတို့ကြား နိုင်ငံတကာနှင့် ဒေသတွင်း လုံခြုံရေး၊ တည်ငြိမ်ရေး ကိစ္စရပ်များနှင့် ၂ နိုင်ငံ ကာကွယ်ရေး မူဝါဒများကို အပြန်အလှန် နားလည်ရေး ကိစ္စရပ်များကို ဆွေးနွေးမှုများ ပြုလုပ်ခြင်းဖြင့် တပ်မတော် ၂ ရပ်အကြား ဆက်ဆံရေးနှင့် စစ်ဖက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍ အများအပြား၌ ပိုမို ခိုင်မာစေရန် ရည်ရွယ်ပြီး လက်မှတ်ရေးထိုးရန် ဆောင်ရွက်ရခြင်းဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်မြင့်နိုင်က ပြောသည်။
ယခု သဘောတူညီချက်ကို လက်မှတ်ရေးထိုးခြင်းဖြင့် စစ်ရေးဆိုင်ရာ သဘောထားအမြင်နှင့် သတင်းအချက်အလက်များ ဖလှယ်နိုင် ခြင်း၊ အပြန်အလှန် ယုံကြည်မှုများ ခိုင်မာစေခြင်း၊ နိုင်ငံတကာ လုံခြုံရေးနှင့် အကြမ်းဖက် နိမ်နင်းရေး ဆောင်ရွက်မှုများတွင် သတင်း အချက် အလက် ဖလှယ်နိုင်ခြင်း၊ ကုလသမဂ္ဂအဖွဲ့ ဦးဆောင်သော ငြိမ်းချမ်းရေး ဆွေးနွေးမှု လုပ်ငန်းစဉ်များ ပါဝင်နိုင်ခြင်း၊ ငြိမ်းချမ်းရေး ဆောင် ရွက်မှုများတွင် အတွေ့အကြုံများ ဖလှယ်နိုင်ခြင်း၊ ပင်လယ်ပြင် ရှာဖွေရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်ခြင်း၊ တပ်ဖွဲ့ဝင်များ ၏ လေ့ကျင့်ရေး၊ ပညာရေး နယ်ပယ်ဆိုင်ရာ အတွေ့အကြုံများနှင့် သတင်းအချက်အလက်များ ဖလှယ်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဟု ကာကွယ်ရေး ဝန်ကြီးဌာနက ပြောသည်။
ယခုကဲ့သို့ တင်ပြသည့် အဆိုကို ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် မေလ ၉ ရက်နေ့နောက်ဆုံးထား၍ ပြည်ထောင်စု လွှတ်တော် ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက ပြောသည်။