မိုးကုတ်မြို့ ရေပူရပ်ကွက် ဆရာတော် ဦး ဣန္ဒက အပါအဝင် အလုပ်သမား ၄ဦးအား ပြင်ဦးလွင်ခရိုင် တရားရုံးတွင် မနေ့က ရုံးထုတ်ပြီး ဒုတိယ ခရိုင် တရားသူကြီးမှ ကျောက်မျက် ဥပဒေ ပုဒ်မ ၄၁(က)၊ (ခ)ဖြင့် စွဲချက်တင်လိုက်သည်။ ဆရာတော်က အပြစ်မရှိကြောင်း ငြင်းဆိုသကဲ့သို့ ပူးတွဲစွပ်စွဲခံရသူ အလုပ်သမား ၄ဦးကလည်း ပြန်လည်ရှင်းလင်းခဲ့ကြသည်။
ဆရာတော် ဦးဣန္ဒကသည် ကျောင်းတိုက်အတွင်းရှိ ပျက်စီးနေသည့် ရှေးဟောင်းစေတီ ၃ဆူကို ဖြိုဖျက်ပြီး ဓာတ်ပေါင်းစုစေတီ အသစ်တည်ရန် မြို့နယ် သံဃနာယက ဥက္ကဋ္ဌထံ ခွင့်ပြုချက်ရယူပြီး စက်ယန္တရား ငှားရမ်း၍ မြေညှိလုပ်ငန်းလုပ်ကိုင်စေရာမှ စတင်ရာမှ ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့က ကျောက်မျက် ဥပဒေ ပုဒ်မ (၄၁) (က)၊ (ခ) ဖြင့် သတ္တုတွင်း ဝန်ကြီး ဌာန ကျောက်မျက် တူးဖော်ရေး ဌာနခွဲက တရားလို ပြုလုပ်ပြီး တိုင်တန်း သဖြင့် မိုးကုတ်မြို့နယ် ရဲစခန်းက ဇွန်လ ၉ ရက်တွင် ဖမ်းဆီး လူဝတ်လဲခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ကျောင်းဆောက်လုပ်ရန် သစ်များ စုဆောင်းထားမှုနှင့် ပတ်သက်၍ သစ်တောဥပဒေ ပုဒ်မ ၄၂ (ခ)ဖြင့်လည်း အမှုဖွင့်ခြင်းလည်း ခံခဲ့ရသည်။
မင်းထက်ငြိမ်းချမ်းပေးပို့သည်။