မြန်မာနိုင်ငံတွင် ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပွဲ (ဆီးဂိမ်း) ကျင်းပရန် တနှစ်ပင် မလိုတော့ပါ။ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်တွင် စတင် ကျင်းပရန် လျာထားသည်ဟု သိရသည်။ သို့သော် ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ ကျင်းပရေး အစီအစဉ်များ အနေနှင့် ယနေ့တိုင် ပွင့်လင်းမြင်သာမှု မရှိသေးပါ။
ဖွင့်ပွဲ၊ ပိတ်ပွဲကျင်းပမည့် ကားအစားပြိုင်ဝင်းကြီးကတော့ စတင်အုတ်မြစ်ချ ကတည်းက ဆောက်လုပ်ရေး ပြီးစီးလုနီးနီး အထိ ဓာတ်ပုံများ ဖြင့် ဝေဝေဆာဆာ ကြိမ်ဖန်များစွာ သတင်းထုတ်ပြန်ခဲ့သည်။
သို့သော် ဘောလုံးပွဲများနှင့် ပြေးခုန်ပစ်ပြိုင်ပွဲများ၊ လိုအပ်လျှင် စက်ဘီးကွင်းတွင်း တာတိုပြိုင်ပွဲများ ကျင်းပမည့် နောက်ထပ် အားကစား ပြိုင်ဝင်းကြီး အကြောင်းကတော့ မည်သူကမျှ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါ။
အားကစားပွဲတော် ဖွင့်ပွဲ၊ ပိတ်ပွဲ ကျင်းပရန် လျာထားသည့် အားကစားပြိုင်ဝင်း ၁ မှာ ဖွင့်ပွဲပြုလုပ်မည့်နေ့နှင့် ပိတ်မည့်နေ့သာ အသုံးပြုဖွယ် ရှိသည်။ ဘောလုံးနှင့် ပြေးခုန်ပစ်ပွဲများ ကျင်းပသည့် အားကစားပြိုင်ဝင်း ၂ မှာ အားကစားပွဲတော် ကျင်းပနေစဉ် တလျှောက်လုံး အသုံးပြုရမည့် အားကစားပြိုင်ဝင်းဖြစ်သည်။ ယင်း အားကစားပြိုင်ဝင်း အတွက် မည်သို့မျှ ထုတ်ဖော်ပြောပြခြင်း မရှိသေးသည်မှာ ပဟေဠိ ဆန်လွန်းအားကြီးသည်။
ဒုတိယ သမ္မတ ဦးဉာဏ်ထွန်းကမူ ၂၀၁၃ ခုနှစ် ဇန်နဝါရီလထဲတွင် ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပွဲအတွက် လိုအပ်သည့် အားကစားပြိုင်ဝင်းများ အဆင်သင့် ပြီးစီးနေရမည်ဟု မိန့်ကြားထားသည်ကို စာရေးသူကတော့ မှတ်မိနေသေးသည်။ မည်သည့် အားကစားကွင်း၊ အားကစားရုံများ ပြီးစီးပြီဟု တိုင်းပြည်သို့ ကြေညာသင့်သည်။
ပြိုင်ပွဲများ
အမှန်တကယ်တော့ အထူးသဖြင့် နေပြည်တော်တွင် မည့်သည့်အားကစားနည်းများ ထည့်သွင်းကျင်ပမည် ဆိုသည်ကို သေချာမှသာလျှင် နေပြည်တော်တွင် အားကစားကွင်း၊ အားကစားရုံများ ဆောက်သင့်သည်။ ပမာအားဖြင့် နေပြည်တော်တွင် အားကစား သမားများ တည်းခို နေထိုင်ရန်အတွက် အားကစားရွာ တည်ဆောက်နေသည် ဆိုရာ၌ အားကစားသမား ဘယ်နှယောက်အတွက် တည်ဆောက်နေပါသလဲ။
ကြားသိရသည့် သတင်းများအရ ပြေည်တော်တွင် တဝက်၊ ရန်ကုန်တွင် တဝက် ပြည်ပ အားကစားသမားများ ယှဉ်ပြိုင်ကြရမည်ဖြစ် သည်။ သို့ဖြစ်၍ ပြိုင်ပွဲဝင် အားကစားသမားများလည်း တဝက်စီ ကွဲသွားမည် ဖြစ်သည်။
အင်ဒိုနီးရှားမှာ
၂၆ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပစဉ်က အိမ်ရှင် အင်ဒိုနီးရှား အပါအဝင် နိုင်ငံ ပေါင်း ၁၁ နိုင်ငံမှ အားကစားသမားပေါင်း ၅၂၃၄ ဦး ပါဝင် ယှဉ်ပြိုင်ခဲ့ကြသည်။ ယင်း ၅၀၀၀ ကျော်သည် ပလန်ဘန်နှင့် ဂျကာတာ မြို့များတွင် ခွဲ၍ ယှဉ်ပြိုင်ကြရသည်။
မြန်မာနိုင်ငံတွင်မူ မန္တလေးတွင် အမျိုးသမီး ဘောလုံးပွဲ၊ ချောင်းသာတွင် ရွက်လှေပြိုင်ပွဲတို့ ကျင်းပရန် လျာထားသည်ဟု ဆိုသည်။ ကျန် ကစားနည်း တဝက်စီကို ရန်ကုန်နှင့် နေပြည့်တော်တွင် ကျင်းပမည်ဆိုရာ ပြိုင်ပွဲဝင် အားကစားသမား တဝက်စီ ခန့်မှန်းလျှင် ၂၅၀၀ စီ ရှိမည် ဖြစ်သည်။
သို့ဖြစ်ရာ နေပြည်တော်တွင် ဆောက်လုပ်နေပါသည် ဆိုသော အားကစားရွာသည် အားကစားအဖွဲ့ဝင် ၂၅၀၀ ဆံ့လော၊ ၅၀၀၀ ဆံ့လော ဟု မေးစရာရှိလာပါသည်။
စာရေးသူကတော့ နေပြည်တော်တွင် ဆောက်လုပ်နေသည့် အားကစားရွာအကြောင်းသာ တစွန်းတစ ကြားသိရသည်။ အားကစားသမား ဘယ်နှယောက်အတွက် တည်ဆောက်နေသည်ကို မသိရသည်မှာ အမှန်ပါ။
ရန်ကုန်
၂၀၁၁ ဂျကာတာ ဆီးဂိမ်းတွင် ဂျကာတာမြို့နှင့် ပလန်ဘန်မြို့တို့တွင် အားကစားနည်း တဝက်စီ ကျင်းပခဲ့ကြသည်။ သို့ဖြစ်ရာ ပြိုင်ပွဲဝင် အားကစားသမားများ ထက်ဝက်စီ ဂျကာတာနှင့် ပလန်ဘန်တွင် ယှဉ်ပြိုင်ကြခြင်း ဖြစ်သည်။ ပလန်ဘန်တွင်မူ ပြည်ပ အား ကစားသမားများ အတွက် အားကစားရွာ ရှိသော်လည်း ဂျကာတာတွင်မူ မတွေ့မိပါ။ မြန်မာဘောလုံးအသင်းကတော့ ဟိုတယ်ကြီး တခုတွင် တည်းပါသည်။
ဤသည်မှာ အားကစားသမားများ အတွက်သာ ဖြစ်သည်။ သက်ဆိုင်ရာနိုင်ငံအလိုက် အားပေးကြမည့် ပရိသတ်များ၊ သတင်းယူကြ မည့် မီဒီယာသမားများက ထောင်ဂဏန်းထက် နည်းမည်မဟုတ်ပါ။ မီဒီယာသမားများ အတွက် ပိုအရေးကြီးသည်။ မီဒီယာသမား ဆိုသည်မှာ အရှိကို အရှိအတိုင်း ရေးသားရိုက်ကူး၍ နိုင်ငံတကာသို့ သတင်းဖြန့်သူများဖြစ်ကြသည်။
အမှန်က အင်ဒိုနီးရှား ဆီးဂိမ်းတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် အင်အား ၅၀၀၀ ကျော်မှာ အားကစားသမားများ စာရင်းသာဖြစ်သည်။ အားကစားအသင်း အုပ်ချုပ်သူများ၊ နည်းပြများ၊ ပံ့ပိုးကူညီသူများပါ ပေါင်းလျှင် ၁၆၃၀၀ ခန့် ရှိပြီး ပလန်ဘန်းမြို့ တခုတည်းတွင် စုစုပေါင်း ၆၃၀၀ ခန့်ရှိသည် ဆို၏။ ယင်းတို့အထဲတွင် ဧည့်သည် ၁၀ နိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအသီးသီးမှ လာရောက် သတင်း ယူကြမည့် မီဒိယာ သမားများ၏ စာရင်း မပါဝင်သေးပါ။ ဘောလုံးအသင်းကို လိုက်ပါအားပေးကြသူများမှာ ဆီးဂိမ်းဖွင့်ပွဲကို လေ့လာရန် အတွက် ပလန်ဘန်းသို့ တညအိပ်သွားရန် စီစဉ်ခဲ့ကြသေးသည်။ ပလန်ဘန်တွင် တည်းခိုစရာ ဟိုတယ်များ၊ တည်းခိုခန်းများ လုံး၀ နေရာလွတ် မရှိတော့ဟု ကြားသိရ၍ ဂျကာတာမှ ပလန်ဘန်သို့ မသွားဖြစ်ခဲ့ကြပါ။
အဆင်သင့်
၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရေး အတွက် အားလုံးအဆင်သင့် ရှိနေရ မည်ဆိုသည်မှာ ဆန္ဒသာဖြစ်ပြီး လက်တွေ့တွင်မူ အဆင့်သင့် ဖြစ်နိုင်ဖွယ် မရှိပါ။
အားကားစားပြိုင်ဝင်း၊ အားကစားရုံများ သာမက အားကစားနည်းအလိုက် အသုံးပြုရမည့် ခေတ်မီ အားကစားပစ္စည်းများ ရှိနေရန် လည်း အထူးလိုအပ်ပါသည်။
အားကစား အထောက်အကူပစ္စည်းများကို တနိုင်ငံတည်းမှ ရယူရန်ဆိုသည်မှာ သဘာ၀ မကျပါ။ ၁၉၆၉ ခုနှစ် ကျွန်းဆွယ်ပြိုင်ပွဲ မြန်မာနိုင်ငံတွင် ကျင်းပခဲ့စဉ်က အားကစားသမား အထောက်အကူပစ္စည်းများကို နယ်သာလန်၊ ဆွစ်ဇာလန်၊ အနောက် ဂျာမနီ၊ အရှေ့ ဂျာမနီ၊ ဂျပန်၊ ဗြိတိန်နှင့် အမေရိကန်နိုင်ငံများမှ ခေတ်အမီဆုံး အတိုးတက်ဆုံး ပစ္စည်းများကို မှာယူတင်သွင်းပြီး အသုံးပြုခဲ့သည်။
၂၀၁၃ တွင်မူကား အထောက်အကူပစ္စည်းများမှာ ပိုမိုခေတ်မီ တိုးတက်လျက်ရှိသည်။ ယင်း အားကစား အထောက်အကူ ပစ္စည်းများနှင့် မြန်မာအားကစားသမားများ ထိတွေ့ ရင်းနှီးစေရန်ကလည်း အရေးကြီးသည်။ သို့ဖြစ်ရာ ယင်း အားကစား အထောက်အကူပြု ပစ္စည်းများကို ယခုကတည်းက ဝယ်တန်ဝယ်၊ အလှူခံတန် အလှူခံ ရမည်ဖြစ်ပါသည်။
နိုင်ငံတကာ
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံသည် ယခုအခါ နိုင်ငံတကာနယ်ပယ်တွင် ဝင်ဆန့်လာနေပြီဖြစ်ရာ နေပြည်တော်ဆီးဂိမ်း အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မိတ်ဆွေနိုင်ငံများထံမှ ငွေအား၊ လူအား၊ အကြံဉာဏ်အားများကို ရယူသင့်ပါသည်။ တနိုင်ငံထက် နိုင်ငံ အများ၏ ပံ့ပိုးကူညီမှုက ပိုမိုအရေးပါ၊ အရာရောက်မည်ဟု ထင်ပါသည်။
နည်းပြဆရာ
နေပြည်တော် ဆီးဂိမ်းတွင် ထည့်သွင်းကျင်းပမည့် အားကစားနည်းမျာကို တရားဝင် မသိရသေးပါ။ သို့သော် အိုလံပစ် အားကစား နည်းများဖြစ်ကြသည့် ပြေးခုန်ပစ်၊ ရေကူး၊ အလေးမ၊ လက်ဝှေ့၊ ကျွမ်းဘား၊ ဘောလုံး၊ ဘတ်စ်ကက်ဘော၊ ဘော်လီဘော၊ စက်ဘီး၊ ဂျူဒို စသည့် အားကစားနည်းများ ထည့်သွင်း ကျင်းပနိုင်သည်။
ယင်း အားကစားနည်းများ အလိုက် နိုင်ငံတကာမှ အရည်အချင်းပြည့် နည်းပြဆရာများ လိုအပ်သည်ဟု ထင်ပါသည်။ ယခုအချိန် တွင် တချို့သောအားကစားနည်းများတွင် ပြည်ပနည်းပြဆရာများနှင့် လေ့ကျင့်နေကြပြီဖြစ်သည်။ တချို့သော အားကစားနည်းများမှာမူ ပြည်တွင်း နည်းပြဆရာများနှင့်သာ လေ့ကျင့်နေဆဲဖြစ်ပါသည်။
ယခင် ကျွန်းဆွယ် အားကစားပြိုင်ပွဲ ကျင်းပစဉ်ကမူ ဆိုဗီယက်၊ အရှေ့ဂျာမနီ၊ အနောက်ဂျာမနီ၊ အမေရိကန်၊ ဂျပန်နှင့် တရုတ်ပြည် မှ အရည်အချင်းပြည့်ဝသည့် နည်းပြဆရာများနှင့် လေ့ကျင့် ယှဉ်ပြိုင်ခဲ့ပါသည်။ နည်းပြဆရာများ၏ သင်ကြားပြသမှု ကောင်းမွန်ခြင်း၊ အားကစားသမားများ၏ ကြိုးစားအားထုတ်မှုတို့ကြောင့် အိမ်ရှင်အဖြစ် ကျွန်းဆွယ်ပွဲကို လက်ခံကျင်းပသည့် ၁၉၆၁ နှင့် ၁၉၆၉ ခုနှစ်များ တွင် မြန်မာနိုင်ငံသည် ပြိုင်ပွဲဝင် နိုင်ငံများထဲတွင် ရွှေတံဆိပ် အများဆုံး ဆွတ်ခူးနိုင်ခဲ့သည်။
၂၀၁၁ အင်ဒိုနီးရှား ဆီးဂိမ်းတွင် မြန်မာနိုင်ငံက ရွှေတံဆိပ် ၁၆ ခု၊ ငွေတံဆိပ် ၂၇ ခု၊ ကြေးတံဆိပ် ၃၇ ခု ဖြင့် နိုင်ငံအလိုက် သတ္တမ နေရာ တွင် ရပ်တည်ခဲ့သည်။
မြန်မာနိုင်ငံ၏ အထက်တွင် ဖိလစ်ပိုင် ရွှေ ၃၆၊ ငွေ ၂၇၊ ကြေး ၃၇၊ စင်ကာပူ ရွှေ ၄၂၊ ငွေ ၄၅၊ ကြေး ၇၃၊ မလေးရှား ရွှေ ၅၉၊ ငွေ ၅၀၊ ကြေး ၈၁၊ ဗီယက်နမ် ရွှေ ၉၆၊ ငွေ ၉၂၊ ကြေး ၁၀၀၊ ထိုင်း ရွှေ ၁၀၉၊ ငွေ ၁၀၀၊ ကြေး ၁၂၀၊ အင်ဒိုနီးရှား ရွှေ ၁၈၂၊ ငွေ ၁၅၁၊ ကြေး ၁၄၃ ဖြင့် ရပ်တည်ခဲ့ပါသည်။
ပြည်ထောင်စု အားကစားဝန်ကြီးကတော့ နေပြည်တော် ဆီးဂိမ်းတွင် ရွှေတံဆိပ် ၁၀၀ ဖြင့် နိုင်ငံအလိုက် ပထမနေရာ ရောက် အောင် ကြိုးစားကြရန် အားကစားသမားများကို တိုက်တွန်းထားသည်။
စာရေးသူကတော့ ရွှေတံဆိပ် ၆၀ ဖြင့် မလေးရှား၊ စင်ကာပူတို့ အထက်ရောက်ခဲ့လျှင်ပင် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရကျိုး နပ်သည်ဟု ယူဆမိပါသည်။
မိတ်ဆွေများရော ဘယ်လို ဖြစ်စေချင်ပါသလဲ ခင်ဗျား။ ။