စက်တင်ဘာလထဲသို့ ဝင်လာပြီ။ နေပြည်တော် ဆီးဂိမ်းပြိုင်ပွဲကို ဒီဇင်ဘာ ၁၁ ရက်တွင် စတင် ဖွင့်မည်ဖြစ်သော်လည်း အားကစား ပြိုင်ပွဲများကို ဒီဇင်ဘာ ၁ ရက်မှ စတင်မည် ဖြစ်သဖြင့် အားကစား ပြိုင်ပွဲများ ကျင်းပရန် သုံးလပင် မလိုတော့ပါ။
ဆီးဂိမ်းတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် မြန်မာ အားကစား သမားတို့မှာ အိမ်ရှင်ဖြစ်သဖြင့် အားကစားနည်း ၃၃ နည်း စလုံးတွင် ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ အားကစားနည်း အလိုက် ပွဲငယ်တိုင်းတွင်မူ ပါဝင်ယှဉ်ပြိုင်နိုင်ဖွယ် မရှိပါ။ ပထမ အားကစား သမားပေါင်း ၈၀၀ ကျော်ဖြင့် ပါဝင်ယှဉ်ပြိုင်မည်ဟု သတင်းထွက်သည်။ ဒုတိယအကြိမ်တွင်မူ အားကစား သမား ၇၀၀ ခန့်ဟု စာရင်း ထွက်သည်။ နောက်ဆုံး မီဒီယာများထဲတွင် ပါသည့် စာရင်းအရ အားကစား ၉၀၀ ဖြစ်သွားပြန်သည်။ ထိပ်ဂဏန်း မငြိမ်သေးဟု ပြောရမည် ထင်သည်။
အားကစားနည်း တမျိုးချင်း အလိုက် ပြိုင်ပွဲဝင် စာရင်းမှာမူ အများဆုံးနှင့် အနည်းဆုံး တမျိုးဖြစ်သည့် ပြေးခုန်ပစ်နှင့် ကာယဗလ အားကစားနည်း ကိုသာ စာရင်းထွက်သေးသည်။ ပြေးခုန်ပစ်တွင် အမျိုးသား ၄၈ ဦးနှင့် အမျိုးသမီး ၄၆ ဦး စာရင်း ထွက်လာသည့် သတင်း ဖတ်လိုက်ရသည်။ သတင်းအရ ဆိုလျှင် အမျိုးသမီး ပြေးခုန်ပစ် အားကစားနည်း တမျိုးလျော့နည်း ကျင်းပမည် ထင်သည်။
တုတ်ထောက်ခုန်၊ သုံးဆင့်ခုန်၊ မီတာ ၃၀၀၀ တားဆီးကျော်ပြေး နှင့် သံတူပစ် အားကစားနည်း ၄ မျိုးထဲက တမျိုးလျော့မည် ထင်သည်။ ကာယဗလ အမျိုးသားနှင့် အမျိုးသမီး ပြိုင်ပွဲတွင် ၅ ဦးထဲ ယှဉ်ပြိုင်မည် ဆို၏။
အမှန်က ဂေါက်သီး ပြိုင်ပွဲတွင် အသင်းလိုက် ၄ ဦး ပြိုင်ပွဲသာ ရှိလျှင်လည်း အားကစားသမား နည်းနိုင်သည်။
မြန်မာ အားကစားသမားများ၏ ဆုတံဆိပ် ရရှိမှု အခြေအနေကို မခန့်မှန်းနိုင်သေးပါ။ အားကစားနည်း အများစုမှာ ပြည်ပထွက်၍ ပူးတွဲလေ့ကျင့်နေကြဆဲ ဖြစ်သည်။
ပြည်ပ နိုင်ငံများသို့ ထွက်၍ ပူးတွဲ လေ့ကျင့် ကြရာတွင်လည်း အထူးအဆန်းများ တွေ့နေရသည်။ အားကစားနည်း အုပ်စုကြီး တခုအောက်မှ မျိုးစိတ်ကွဲ အားကစားနည်း သုံးခုမှ သုံးနိုင်ငံခွဲ၍ သွားရောက် လေ့ကျင့်နေသည်ဟု သတင်းထဲတွင် ဖတ်လိုက် ရသည်။ ဘောလုံးသာ ဆိုလျှင် ဂိုးအုပ်စုက တနိုင်ငံ၊ နောက်တန်း အုပ်စုက တနိုင်ငံ၊ အလယ်တန်း အုပ်စုက တနေရာ၊ ရှေ့တန်းအုပ်စုက တနိုင်ငံ သွား၍ လေ့ကျင့်ကြမည်လား မသိပါ။
အာဆီယံ တံခွန်စိုက် အမျိုးသမီး ဘောလုံးပြိုင်ပွဲကို စက်တင်ဘာ ၆ ရက်မှ စကာ တနေ့ ၂ ပွဲနှုန်းဖြင့် ကျင်းပသွား မည်ဟု သိရသည်။
အာဆီယံ တံခွန်စိုက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဆိုသော်လည်း ပြိုင်ပွဲဝင် အသင်းအချို့မှာ ထူးဆန်းနေသည်။ အာဆီယံ ဒေသတွင်းမှ မဟုတ်သော ဂျော်ဒန်၊ ဂျပန်နှင့် သြစတြေးလျ အမျိုးသမီးဘောလုံး အသင်းများ ပါဝင်နေသည်ကို တွေ့ရသည်။ အာဆီယံ သို့မဟုတ် အရှေ့တောင် အာရှဘောလုံး တံခွန်စိုက် ပြိုင်ပွဲတွင် ဧည့်သည်နိုင်ငံ ၂ နိုင်ငံ ပါဝင်နေသည်။
အာဆီယံ ဒေသတွင်း၌ နိုင်ငံ ၁၁ နိုင်ငံသာ ရှိ၍ အုပ်စုဖွဲ့ရာ၌ အသင်း အရေအတွက် အညီအမျှ ရှိစေလို၍ (၆ သင်း ၂ အုပ်စု၊ ၄ သင်း သုံးအုပ်စု၊ ၃ သင်း ၄ အုပ်စု) အသင်းတသင်း တိုးသည်ဆိုရာ၌ ယုတ္တိတန်သည်။ ယခု ထပ်မံတိုး ထည့်ရာတွင်လည်း ၁၃ သင်း ဖြစ်နေ၍ အုပ်စုဖွဲ့ရာတွင် အသင်းချင်း မညီမျှဘဲ ဖြစ်မြဲ ဖြစ်နေသည်။
တောင်အမေရိကတိုက် ဖလားပွဲတွင်မူ မြောက်အမေရိကတိုက်မှ တသင်း ဖိတ်ခေါ်လေ့ရှိသည်။ ကမ္ဘာ့အမျိုးသမီး ဘောလုံး ချန်ပီယံ ဂျပန်နိုင်ငံလို အသင်းက အာဆီယံ အဆင့်သို့ ဆင်းကစားသည်ကို နားလည်နိုင်စွမ်း မရှိပါ။
သြစတြေးလျ အသင်းမှာ သက်သက် အာဆီယံ ဘောလုံးလောကထဲ ဝင်ရှုပ်ခြင်း ဖြစ်သည်။ သြစတြေးလျ ဘောလုံး အဖွဲ့ချုပ်မှာ မူလက သမုဒ္ဒရာပိုင်း (Ocean Football Confederation) ဘောလုံးအဖွဲ့ချုပ် လက်အောက်ခံ နိုင်ငံ ဖြစ်သည်။ အဖွဲ့ဝင် နိုင်ငံပေါင်း ၁၁ နိုင်ငံ ရှိသည်။ သြစတြေးလျနှင့် နယူးဇီလန်တို့သာ နိုင်ငံကြီးများ ဖြစ်ပြီး ကျန် ၉ နိုင်ငံတို့မှာ ကျွန်းနိုင်ငံများ ဖြစ်ကြသည်။
ကမ္ဘာ့ဖလား ဘောလုံး ခြေစစ်ပွဲ ဝင်ရာတွင် သမုဒ္ဒရာပိုင်း ဆိုင်ရာ ပြိုင်ပွဲတွင် ပထမရသည့် အသင်းနှင့် အာရှ (AFC) နှင့် ခြေစစ်ပွဲ (Play Off) ထပ်ကစားရသည်။ အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့ ကစားပြီး နိုင်သည့်အသင်းက ခြေစစ်ပွဲ အောင်သည်။
OFC တွင် သြစတြေးလျ အသင်း ပထမ ရလေ့ရှိသော်လည်း Play Off များတွင် ရှုံးလေ့ရှိသည်။ သို့ဖြစ်၍ သြစတြေးလျ ဘောလုံး အဖွဲ့ချုပ် OFC မှ နုတ်ထွက်ပြီး အာရှဘောလုံး အဖွဲ့ချုပ်ထဲသို့ ပြောင်းရွှေ့လိုက်သည်။ FIFA က သဘောတူပြီး AFC က လက်ခံ လိုက်သည်။ ပြီးတော့ အာရှ ဘောလုံးအဖွဲ့ချုပ်က သြစတြေးလျ ဘောလုံး အဖွဲ့ချုပ်ကို အရှေ့တောင်အာရှ ဘောလုံးအဖွဲ့ချုပ် ထဲသို့ သွတ်သွင်း လိုက်သည်။
အာရှဘောလုံး အဖွဲ့ချုပ်၏ လုပ်ရပ်ကို အာဆီယံ ဘောလုံးအဖွဲ့ချုပ် ကလည်း အလွယ်တကူ ကျေကျေနပ်နပ် လက်ခံ လိုက်သည်။ မမှန်သော လုပ်ရပ်ဖြစ်သည်။ AFC တွင် လက်အောက်ခံ ဒေသတွင်း ဘောလုံးအဖွဲ့ချုပ်ပေါင်း ၈ ခုရှိရာ၊ အဖွဲ့ဝင်များ ဖြစ်သည့် အာဆီယံ ဘောလုံးအဖွဲ့ချုပ် ထဲသို့ သြစတြေးလျ နိုင်ငံကို အဖွဲ့ဝင်အဖြစ် AFC က ထည့်သွင်းခဲ့သည်။
ထိုသို့ ထည့်သွင်းလိုက်ခြင်း အားဖြင့် သက်တန်းအလိုက် ကမ္ဘာ့ဖလားပွဲများ၊ အမျိုးသမီး ကမ္ဘာ့ဖလား ဘောလုံးပွဲနှင့် အမျိုးသား ကမ္ဘာ့ဖလား ဘောလုံးပွဲများတွင် အရှေ့တောင် အာရှဒေသတွင်းမှ နိုင်ငံများ ဝင်ရောက်ယှဉ်ပြိုင်ခွင့် အခွင့်အလမ်းများ လုံး၀ ပိတ်ဆို့ သွားပြီ ဖြစ်သည်။ အာရှအဆင့် ခြေစစ်ပွဲများတွင် အရှေ့တောင် အာရှ ကိုယ်စားပြု အသင်းအနေဖြင့် သြစတြေးလျ အသင်းများကသာ လွှမ်းခြုံ သွားပေတော့မည် ဖြစ်သည်။
ကိုယ့်မြေ ကိုယ့်ရွာတွင် မနေချင်၍ အာရှတိုက်သို့ ပြောင်းလာချင်သည် ဆိုလျှင်လည်း ဆိုဗီယက် ပြည်ထောင်စုကြီး ပြိုကွဲပြီး နောက် အာရှတိုက်နိုင်ငံများ အဖြစ် ပြောင်းလာကြသည့် ဗဟိုအာရှ အလယ်ပိုင်းမှ ကာဂျစ္စတန် အုပ်စုနှင့် သွားပေါင်း စေသင့်သည်။ ကာဂျစ္စတန် အုပ်စုမှာ ၄ နိုင်ငံသာ ရှိသည်။
အရှေ့တောင်အာရှ ဒေသတွင်းသို့ သြစတြေးလျ ဘောလုံးအဖွဲ့ချုပ် ဝင်ရောက်လာခြင်း အတွက် အာဆီယံဒေသ အတွက် ကောင်းကျိုးထက် ဆိုးကျိုးသာ ပိုလိမ့်မည်ဟု ယုံကြည်ရသည်။
အာဆီယံ ဘောလုံးအဖွဲ့ချုပ် အတွင်းမှ အဖွဲ့ဝင်နိုင်ငံ၏ ဘောလုံးအဆင့်အတန်း တိုးတက်စေရန် အတွက် ရည်စူး၍ အာဆီယံ တံခွန်စိုက် ဘောလုံးပြိုင်ပွဲ ကျင်းပသည် ဆိုလျှင် အာရှဒေသ အပြင်ဘက်မှ နိုင်ငံများ ပါဝင်ယှဉ်ပြိုင် ကစားခွင့် ပြုခြင်းမှာ အဓိပ္ပာယ် မရှိလှဟုသာ ဆိုရမည်ဖြစ်သည်။
ကျင်းပတော့မည့် အာဆီယံ အမျိုးသမီး တခွန်စိုက် ဖလား ဘောလုံးပြိုင်ပွဲတွင် အာဆီယံ ဘောလုံး အဖွဲ့ချုပ်ဝင် အာဆီယံ နိုင်ငံပေါင်း ၁၁ နိုင်ငံ ရှိသည်၊ ၇ သင်းသာ ပါဝင်ယှဉ်ပြိုင်ပြီး စင်ကာပူ၊ ကမ္ဘောဒီးယား၊ အရှေ့တီမောနှင့် ဘရူနိုင်းနိုင်ငံတို့မှ အမျိုးသမီး ဘောလုံး အသင်းများ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်း မရှိသည်ကို တွေ့ရသည်။
ဝင်ပြိုင်မည့် အသင်း ၇ သင်းရှိလျှင် ရှိသည့် အသင်းဖြင့်သာ ပြိုင်ပွဲ ပြုလုပ်သင့်သည်။ ပြီးတော့ ပါဝင်ယှဉ်ပြိုင် ကစားကြမည့် ဧည့်အသင်း များကလည်း အသက်အလိုက် အသင်းများသာ ဖြစ်နေသည်။
ဂျပန်က ယူ ၂၃၊ သြစတြေးလျက ယူ ၁၉ အသင်းများဖြင့်သာ ဝင်ပြိုင်ကြမည်ဟု ဆိုရာ လက်ရွေးစင် အသင်းကြီးများသာ ပါဝင်မည့် အာဆီယံ အမျိုးသမီး အသင်းများ၏ ဂုဏ်သိက္ခာကို ထိပါး စော်ကားခြင်း ဖြစ်ပါသည်။
အားကစား ဂုဏ်သိက္ခာကိုပင် နားမလည်သူများ ကြီးစိုးနေသည့် အာဆီယံ ဘောလုံးအဖွဲ့ချုပ်ကြောင့် အရှေ့တောင် အာရှ ဒေသတွင်း နိုင်ငံများ၏ ဘောလုံး အဆင့်အတန်း တိုးတက်ဖို့လမ်း မမြင်ရ သေးကြောင်းပါ ခင်ဗျား။