နိုင်ငံ၏ အမြင့်ဆုံးသော သမ္မတရာထူးအာဏာ ရယူလိုသည်ဟု ပြောဆိုခဲ့သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ လုံခြုံရေး အထူးသတိပြုသင့်ကြောင်း နိုင်ငံရေး အသိုင်းအဝိုင်းက သတိပေး ပြောဆိုလာကြသည်။
၂၀၁၀ ရွေးကောက်ပွဲ အပြီး နေအိမ်အကျယ်ချုပ်မှ လွတ်မြောက် လာသော ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေး အမြင်နှင့်သဘောထားများကို လူထုအကြိုက်လိုက်၍ ပြောခြင်းမျိုးထက် ဒီမိုကရေစီရှုထောင့်နှင့် လူ့အခွင့်အရေး ရှုထောင့်မှ ဆန်းစစ် ထုတ်ဖော်ပြောဆို လေ့ရှိသည့်အပြင် နိုင်ငံရေးသမားတဦးအနေနှင့် သမ္မတ ရာထူး အာဏာ ရယူလိုသည်ဟု ပြောဆိုလာကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ၉၂ ရာခိုင်နှုန်းသော ပြည်သူက ထောက်ခံသည် ဆိုသော ယခင်စစ်အစိုးရ၏ ကြေညာချက်အပေါ်လည်း အယုံအကြည်မရှိဘဲ ကိုယ်တိုင်လည်း ကန့်ကွက်မဲ ပေးခဲ့ပါသည်ဟု ထုတ်ဖော် ပြောဆိုခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်၏ အမြင်နှင့် သဘောထားများအပေါ် ပြင်းထန်စွာ သဘောထား ကွဲလွဲသူများ ရှိလာနိုင်သဖြင့် လုံခြုံရေး သတိထားသင့်သည်ဟု နိုင်ငံရေးအသိုင်းအဝိုင်းကြား ပြောဆိုနေကြသည်။
၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ် တဦးလည်းဖြစ်၊ ပြည်ပရောက် စင်ပြိုင်အစိုးရ အဖွဲ့ဝင်ဟောင်း တဦးလည်း ဖြစ်ခဲ့သူ ဦးပီတာလင်းပင်က အာဏာကို ချုပ်ကိုင် ထားလိုသူများ၏ လုပ်ကြံမှုကို ခံရနိုင်သဖြင့် စိုးရိမ်ကြောင်း ပြောသည်။
“အာဏာကို လိုချင်တယ် ပြောလာရင်တော့ အာဏာရူးတွေရဲ့ လုပ်ကြံတာမျိုး ခံရမှာစိုးရိမ်တယ်။ အာဏာရူး တဲ့သူ တွေက သူ့ကို အချိန်မရွေး ချေမှုန်းနိုင်တယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အဲဒါကိုတော့ သတိထားသင့်ပါတယ်။ အခုအချိန် အထိ ဒီမိုကရေစီလို့ဆိုပေမယ့် စစ်အာဏာရှင်တွေက သူတို့ထင်ရာ ဆက်လုပ်နေတုန်းပဲ” ဟု ဦးပီတာလင်းပင်က ဆိုသည်။
ယခင်စစ်အစိုးရ လက်ထက်က ဒေါ်အောင်ဆန်းစုကြည်၏ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်သော လုပ်ကြံမှုမျိုး မကြာခဏ ဆိုသလိုပြုလုပ်ခဲ့ပြီး စစ်ကိုင်းတိုင်း စည်းရုံးရေး ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် လိုက်ပါသော ကားတန်းကို စွမ်းအားရှင် နှင့် ကြံ့ခိုင်ရေးအသင်း အဖွဲ့ဝင်များက ဟန့်တား ရိုက်နှက်လုပ်ကြံခဲ့သော ၂၀၀၃ ဒီပဲဃင်း အရေးအခင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အဖွဲ့ဝင်များနှင့် ပြည်သူအချို့ သေဆုံးထိခိုက် ဒဏ်ရာရမှု များ ဖြစ်ပွားခဲ့သည်။
အမျိုးသား ဒီမိုကရေစီ ပါတီသစ်မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က တိုင်းပြည်တွင် သာမန် ပြည်သူ ပြည်သား၏ လုံခြုံရေး အခြေအနေကိုပင် အာမ မခံနိုင်သည့် အခြေအနေ ရှိပြီး နိုင်ငံတော်သမ္မတရာထူး မှန်းထားသော ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် လုံခြုံရေး ပိုသတိထားသင့်သည်ဟု ပြောသည်။
“ဒေါ်အောင်ဆန်းစုကြည်လို တိုင်းသိပြည်သိ ပုဂ္ဂိုလ်တဦး၊ သမ္မတထိ မှန်းထား တဲ့နိုင်ငံရေးသမား တဦးအနေနဲ့က ကိုယ့်လုံခြုံရေး ကို ကိုယ် ဂရုစိုက်သင့်တယ်။ လက်ရှိအခြေအနေက တိုင်းပြည်မှာ သာမန်ပြည်သူတောင် လုံခြုံမှုမရှိတဲ့ အခြေအနေပဲ။ ရာဇာမင်း ခရီးသည်တင် ကားပေါ်မှာတောင် သေနတ်နဲ့ ပစ်သတ်၊ ဓားပြတိုက်တာမျိုး ရှိနေတာပဲ။ နိုင်ငံရေးသမား တွေအနေနဲ့ ကတော့ လုံခြုံရေးကို ပိုပြီး ဂရုစိုက်ရမယ့် အနေအထားပါ။ သမ္မတအဆင့်အထိ မှန်းထားတဲ့ ပုဂ္ဂိုလ်မျိုး အနေနဲ့ ကိုယ့်လုံခြုံရေးကိုယ် ပိုပြီးတော့ ဂရုစိုက်သင့်ပါတယ်”ဟု ဦးဖုန်းမြင့်အောင်က ဆိုသည်။
၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တဦး ဖြစ်သူ ကိုမြအေးက လတ်တလော နိုင်ငံရေး အခြေအနေများကို သုံးသပ်ကြည့် မည်ဆိုလျှင် ၂၀၁၅ ရွေးကောက်ပွဲ သည် ပြိုင်ဆိုင်မှု ပြင်းထန်မည် ဖြစ်ကြောင်း၊ ဒီမိုကရေစီတွင် သဘောထား ကွဲလွဲမှုသည် အခြေခံ သဘောတရား တခုဖြစ်သော်လည်း ရန်ဘက်များ ဖြစ်မသွားရန် အရေးကြီးကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံကို ဦးဆောင်သူများ အားလုံး၏ လုံခြုံရေး အရေးကြီးကြောင်း ထောက်ပြ ပြောဆိုသည်။
“ဒီပုံစံ အတိုင်းကတော့ ၂၀၁၅ ရွေးကောက်ပွဲက ပြိုင်ဆိုင်မှုက တော်တော် ပြင်းထန်မယ် လို့ထင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် တိုင်းပြည် အကျိုးကို ဆောင်ရွက်တဲ့သူ အချင်းချင်း ကြားမှာ ငြိမ်းငြိမ်းချမ်းချမ်း ဆောင်ရွက်နိုင်ခြင်း ဆိုတာက ဒီမိုကရေစီရဲ့ အနှစ်သာရ တခုပါပဲ။ အသက်အန္တရာယ် နဲ့ လုံခြုံရေး ကိစ္စကတော့ ဒေါ်အောင်ဆန်းစုကြည်မှ မဟုတ်ဘူး၊ နိုင်ငံကို ဦးဆောင် နေတဲ့ သူအားလုံး အတွက် အရေးကြီးတယ်။ သဘောထားကွဲလွဲခြင်းက ဒီမိုကရေစီရဲ့အလှတရားပဲ။ အဓိက ရန်ဘက် တွေဖြစ်မသွားဖို့ပဲ။ တိုင်းပြည်အကျိုးကို သူလည်း လုပ်မယ်၊ ကိုယ်လည်း လုပ်မယ်။ အောက်လမ်းနည်းမသုံးဘဲနဲ့ ရိုးရိုးသားသား ယှဉ်ပြိုင်ကြဖို့ မျှော်လင့်ပါတယ်” ဟု ကိုမြအေးက ရှင်းပြသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ နာယက တဦးဖြစ်သူ ဦးဝင်းတင်ကမူ ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအန္တရာယ်မှာ စိုးရိမ်ရ သော်လည်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က လူထုကြားထဲသို့ မဆင်းဘဲ မနေနိုင်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ကို လုပ်ကြံပါကလည်း ကာကွယ်ရန် ခက်ခဲပြီး အစိုးရတွင် လုံခြုံရေးအတွက် တာဝန်ရှိသည်ဟု ပြောသည်။
“လူထုခေါင်းဆောင်လုပ်မယ်ဆိုရင် လူထုကြားထဲဝင်ရမယ်၊ လူထုနဲ့ တွေ့ရမယ်ဆိုတဲ့ သဘောထားက ဒေါ်အောင်ဆန်းစုကြည် မှာလည်းရှိတယ်။ အန္တရာယ်ရှိတာ သိတယ်။ ဒါပေမယ့် သီခြားဒီအတွက်တော့ မလုပ်ဘူး။ လုပ်လို့လဲ မနိုင်ဘူး။ သတ်မယ်၊ လုပ်ကြံမယ်ဆိုရင် ဒီခေတ်ကြီးက ပစ္စည်းကိရိယာက အစုံရှိတယ်မလား။ အန္တရာယ်ရှိလို့ လူထုကြားထဲ မဝင်ရဘူးဆိုတဲ့ သဘောထားမျိုး ကျနော်တို့မှာမရှိဘူး။ လုံခြုံရေးအတွက် ဘာမှ ထူးထူးခြားခြားမလုပ်ဘူး” ဟု ဦးဝင်းတင်က ဆိုသည်။
မြန်မာနိုင်ငံ၏ လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံခဲ့ရ သော်လည်း တိုင်းပြည် နှင့်လူမျိုးအတွက် ထာဝရ အကျိုးရှိစေသော အောင်ဆန်းလမ်းစဉ် ကျန်ခဲ့ကြောင်း၊ ၈၈၈၈ အရေးအခင်းအချိန်ကပင် ဒေါ်အောင်ဆန်းစုကြည် သည် လူထုကြားတွင် ရှင်သန်ရပ်တည်ခဲ့ပြီး ယနေ့အချိန်တွင် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးအမြင်၊ သဘောထားနှင့် လမ်းစဉ်များ ခိုင်ခိုင်မာမာ ချမှတ်ထားပြီးဖြစ်သည့်အတွက် စိုးရိမ်မှုမရှိဟု ဦးဝင်းတင်က ဆက်ပြောသည်။
“၈၈ တုန်းက ဒေါ်အောင်ဆန်းစုကြည်ကို သြဂုတ်လ ၂၀ ရက်နေ့ လောက်မှာ မြို့ထဲ လူထုကြားထဲထွက်ဖို့ ပြောတော့ သူ့အထဲက လူတွေနဲ့ စကားများရတယ်။ ကျနော် ပြောတာက အောင်ဆန်းစုကြည်ကို သတ်ရင်လည်း သေဖို့ပဲရှိတယ်။ သေပေါ့လို့ ဘယ်တတ်နိုင်မလဲ။ နို့မို့မဟုတ်ရင် နိုင်ငံရေးက အောင်ဆန်းဆိုတဲ့ နာမည်ပါတဲ့ အောင်ဆန်းစုကြည်မို့လို့သာ သိတာ။ အောင်ဆန်းစုကြည် ဘယ်သူမှလည်း မြင်ဖူးတာမဟုတ်ဘူး။ သိတာလည်းမဟုတ်ဘူး။ အဲဒီကြားထဲမှာ ခင်ဗျားတို့က အောင်ဆန်းစုကြည်ကို သူ့အိမ်ထဲ ပိတ်ထားပြီးတော့ သူ့ကိုခြောက်နေရင်၊ အောင်ဆန်းစုကြည် ကလည်း ကြောက်သွားရင် လူထုခေါင်းဆောင် ဆုံးရှုံးသွားမှာပဲ။ ဗိုလ်ချုပ်အောင်ဆန်းကို သတ်ရင် ဘယ်လိုလုပ်မလဲ၊ အသတ်ခံရတယ်။ သေသွားတယ်။
ဒါပေမယ့် လူထုနဲ့ အများကြီး ထိတွေ့တဲ့အခါကျတော့ အောင်ဆန်း လမ်းစဉ် ဆိုတာ ကျန်ခဲ့တယ်။ အဲဒါတွေက တိုင်းပြည်အတွက် အသုံးချနိုင်တယ်ပေါ့။ ၈၈ အရေးအခင်းမှာ အောင်ဆန်းလမ်းစဉ်ဆိုတာ ပြန်ပေါ်လာတယ်။ အောင်ဆန်းစုကြည် လုပ်ကြံခံရတယ် ဆိုရင်လည်း မတတ်နိုင်ဘူး။ သေရမှာပဲ။ အနည်းဆုံးတော့ အောင်ဆန်းစုကြည် လမ်းစဉ်ဆိုတာ ကျန်ခဲ့မှာပဲ။ အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို စိုးရိမ် တာတော့ မှန်တယ်။ လုံခြုံရေး စိုးရိမ်လို့ ဆိုပြီး တော့ လူထုနဲ့ ခပ်ခွာခွာ ခပ်ဝေးဝေးမှာ နေဖို့ဆိုတာ တော့ မဖြစ်နိုင်ဘူး” ဟု ဦးဝင်းတင်က ဆိုသည်။
မြန်မာနိုင်ငံကို ဒီမိုကရေစီ နိုင်ငံအဖြစ် အကောင်အထည် ဖော်လျက် ရှိသော်လည်း ဒီမိုကရေစီ နိုင်ငံ အဖြစ် အသွင် မပြောင်း လိုသော သဘောထား တင်းမာသူများမှာ အစိုးရနှင့် အတိုက်အခံ နှစ်ဖက်စလုံး တွင် ရှိနေကြောင်း၊ တိုင်းပြည် မတည်မငြိမ် ဖြစ်လျှင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးမှာလည်း မရေမရာ ဖြစ်နိုင်သည့် အတွက် သဘောထား တင်းမာ သူများက မတည်မငြိမ်မှုများ ဖန်တီးနေသည်ဟု ယူဆကြောင်း၊ လက်ရှိ နိုင်ငံရေး အနေအထားမှာ ရှုပ်ထွေးပြီး ဒေါ်အောင်ဆန်းစုကြည် ၏ လုံခြုံရေး စိုးရိမ်ရသည်မှာ အမှန်ပင်ဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဝါရင့်နိုင်ငံရေးသမား ဦးစိုးဝင်းက သုံးသပ်သည်။
“အခုဖြစ်နေတာတွေက ဒီမိုကရေစီ အကြောင်း ပြပြီးတော့ မတည်မငြိမ် ဖြစ်အောင်လုပ်နေတယ်။ အဲဒါက နှစ်ဖက်စလုံး မှာရှိနေတာ။ ဒီမိုကရေစီကို ခုတုံးလုပ်ပြီးတော့ မတည်မငြိမ်ဖြစ်အောင်လုပ်နေကြတာတွေရှိတယ်။ ၂၀၁၅ ရွေးကောက်ပွဲက တည်ငြိမ်မှုရှိမှ ဖြစ်လာမှာ။ ဒီပုံစံအတိုင်းဆက်သွားရင် မတည်ငြိမ်ဘူးဆိုပြီး ၂၀၁၅ ရွေးကောက်ပွဲက ဖြစ်ချင်မှတောင် ဖြစ်လာမယ် ဆိုပြီး အန်ကယ်ကတော့ သုံးသပ်တယ်။ နယ်တွေမှာလည်း ရခိုင်ကိစ္စ အကြောင်းပြုပြီး လူတွေက ထိတ်လန့်မှု တွေရှိတယ်။ တောတွေမှာ တုတ်တွေ၊ ဓားတွေနဲ့ မြို့တက်လာတွေရှိတယ်။ ဒါက ရည်ရွယ်ချက်ရှိရှိ စနစ်တကျ လှုံ့ဆော်သူရှိနေတယ်ဆိုတာ တွက်လို့ရတယ်။ ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေး အတွက်လည်း တတ်နိုင်သမျှတော့ လုပ်ပေးနေတာပဲ” ဟု ဦးစိုးဝင်းက ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မင်္ဂလာတောင်ညွှန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးထက် တိုင်းပြည်တွင် လုံခြုံရေး မရှိသကဲ့သို့ အလွန်အားနည်းကြောင်း၊ အကြမ်းဖက်မှု နှင့် ပဋိပက္ခများ ဖြစ်ပွားမှုများကို ကြည့်လျှင် နိုင်ငံ၏ လုံခြုံရေး အခြေအနေကို သိသာနိုင်သည်ဟု ဆိုသည်။
“အခုလက်ရှိအခြေအနေက အန်တီလုံခြုံရေးတင်မဟုတ်ဘူး၊ တိုင်းပြည်ရဲ့လုံခြုံရေးပါ အရေးတကြီးဖြစ်နေတဲ့အချိန်ပဲ။ အရင်ထက်စာရင်တော့ တော်တော်ကို အရေးကြီးတဲ့ အခြေအနေမျိုးပဲ။ အန်တီအတွက်ပိုလိုအပ်လားဆိုတော့ အရင်ထက်ပိုပြီး သတိထားသင့်တယ်။ ဒီလုံခြုံရေးစိုးရိမ်လို့ဆိုပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကတော့ မသွားမလာဘဲ နေမှာတော့မဟုတ်ဘူး။ သွားစရာရှိတာတော့သွားမှာပဲ။ လုံခြုံရေးကိစ္စကတော့ ကျမတို့ ဝိုင်းလုပ်ရမယ်ထင်ပါတယ်။ တိုင်းပြည်ကိုယ်တိုင်က လုံခြုံမှုမရှိဘူး။ တိုင်းပြည်လုံခြုံမှုရှိဖို့လည်း အားလုံးမှာ တာဝန်ရှိတယ်။ အခုဖြစ်နေတဲ့ ပဋိပက္ခတွေကိုကြည့်ရင် သိသာပါတယ်” ဟု ဒေါ်ဖြူဖြူသင်းက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်က မိမိ၏ လုံခြုံရေးအတွက် ထူးထူးထွေထွေ စီစဉ်ထားခြင်းမရှိဘဲ နိုင်ငံကို အုပ်ချုပ်သော အစိုးရတွင် တာဝန်ရှိသည်ဟု နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက် ထုတ်ဖော်ပြောဆိုထားပြီးဖြစ်သည်။