ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ “နိုင်ငံရေးပါတီများ ပူးပေါင်းလိုပါက မူရင်းပါတီများကို ဖျက်သိမ်းရမည် ဖြစ်ကာ အမည်သစ်ဖြင့် ပါတီမှတ်ပုံတင်ရမည်” ဟူသည့် စည်းမျဉ်းများကြောင့် ရှမ်းပါတီ ၃ ခု ပူးပေါင်းရန် ခက်ခဲနေကြောင်း ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ် အစိုးရ သစ်တောနှင့် သတ္တုတွင်း ဝန်ကြီး ဦးစိုင်းအိုက်ပေါင်းက ပြောဆိုလိုက်သည်။
“ကျနော်တို့မှာ ပါတီဝင် ဦးရေ ၁ သိန်းကျော် ရှိနေပါတယ်။ ပါတီတွေ ပေါင်းဖို့ ခေါင်းဆောင်ပိုင်းက သဘောတူတယ် ဆိုရင်တောင် ပါတီဝင်တွေကို စည်းရုံးဖို့ ခက်နေတယ်။ သဘောထား အားဖြင့်တော့ ကျနော်တို့ ပူးပေါင်းလိုစိတ် ရှိတယ်။ ဒါပေမယ့် ဒီကျားဖြူ ဆိုတာကို ဖျက်သိမ်းဖို့က ကျနော်တို့ အတွက် အခက်အခဲရှိတယ်” ဟု ရှမ်းတိုင်းရင်းသားများ
ဒီမိုကရက်တစ် ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပြောသည်။
ဦးခွန်ထွန်းဦး ခေါင်းဆောင်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) သည် ၁၉၉၀ ပြည့် ရွေးကောက်ပွဲဝင် ပါတီတခု ဖြစ်ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီ (SNDP) သည် ၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်၌ အနိုင်ရခဲ့သည့် ပါတီ ဖြစ်သည်။ ရှမ်းနီ တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) သည် ကြားဖြတ် ရွေးကောက်ပွဲ အပြီးတွင် ပါတီမှတ်ပုံတင်ခွင့် ရရှိကာ စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်းနှင့် ကချင် ပြည်နယ် တို့တွင် အဓိကလှုပ်ရှားသည်။
“ရှမ်းလူထုကတော့ သူတို့ လူမျိုးအတွက် ပါတီ တခုတည်း ရှိစေချင်တယ်။ ဒါပေမယ့် မူဝါဒချင်းက မတူဘူး။ SNDP က ၂၀၀၈ အခြေခံ ဥပဒေကို လက်ခံထားတယ်။ ကျနော်တို့က လက်မခံဘူး။ SNDP က ပြည်နယ် ၁၄ ပြည်နယ်စနစ် လိုချင်တယ်။
ကျနော်တို့က ၈ ယူနစ်၊ ၈ ပြည်နယ် စနစ်လိုချင်တယ်။ အခု တိုင်းရင်းသား ပြည်နယ်တွေနဲ့ အတူ ဗမာပြည်နယ် ရှိရမယ်။ ဒါမှသာ လွှတ်တော် ၂ ရပ်မှာ အချိုးကျ လူဦးရေ ရနိုင်မယ်။ ရှမ်းပြည်နယ်နဲ့ လူထုကို အာမခံချက် ပေးနိုင်မယ့် အခြေခံ ဥပဒေ မဟုတ်မချင်း ပူးပေါင်းဖို့ အစီအစဉ် မရှိသေးဘူး” ဟု ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ဆိုသည်။
ရခိုင် တိုင်းရင်းသား ပါတီများဖြစ်သည့် ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (RNDP) နှင့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်
(ALD) တို့သည် မူရင်းပါတီ ၂ ခုစလုံးကို ဖျက်သိမ်း၍ ရခိုင်အမျိုးသားပါတီ (ANP) အဖြစ် ယခုနှစ် ဇွန်လအတွင်းက ပူးပေါင်း ဖွဲ့စည်း မှတ်ပုံတင်ခဲ့သည်။
“ကျနော်တို့ ရှမ်းပါတီက ၃ ခု ရှိနေပေမယ့် ဦးတည်ချက်ကတော့ တူပါတယ်။ ဖက်ဒရယ် အရေး၊ ဒီမိုကရေစီရေး၊ တိုင်းရင်းသား အရေး ဆောင်ရွက်နေတာပါ။ အမျိုးသားရေးနဲ့ ပတ်သတ်လို့ သဘောဆန္ဒ တခုတည်း ရှိပေမယ့် တပါတီတည်း အဖြစ်
ပေါင်းစည်းဖို့ ကျတော့ အခက်အခဲ ရှိပါတယ်။ ဦးစိုင်းအိုက်ပေါင်း ပြောသလိုပါပဲ။ တစုတစည်းတည်း လောလောဆယ်မှာ
မဖြစ်နိုင်သေးဘူး။ အနာဂတ်မှာတော့ ဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်” ဟု ရှမ်းနီ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီက ဧရာဝတီကို ပြောသည်။
ရခိုင်ပါတီ ၂ ခု ပူးပေါင်း သကဲ့သို့ ရှမ်း တိုင်းရင်းသား ကိုယ်စားပြု ရှမ်းပါတီများကိုလည်း ပူးပေါင်းစေလိုကြောင်း ရှမ်းတိုင်းရင်းသား လူငယ်တချို့က ဆိုသည်။
မွန်တိုင်းရင်းသား ကိုယ်စားပြု ပါတီများသည်လည်း မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီ ပါတီ (AMDP) နှင့် မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ (MNDF) တို့ ရှိပြီး ပူးပေါင်းရန် ဆွေးနွေးမှုများ ပြုလုပ်ဆဲ ဖြစ်ကြောင်း သတင်းများက ဆိုသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းကို ၂၀၁၃ ခုနှစ် သြဂုတ်လ ၁ ရက်နေ့ အထိ ပါတီမှတ်ပုံတင် အမှတ် ၆၄ ဖြင့် လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ (ကယားပြည်နယ်) အား မှတ်ပုံတင်ခွင့်ပြုခဲ့ကြောင်း သိရသည်။