မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ဘေးဒုက္ခ စီမံခန့်ခွဲရေး ကျွမ်းကျင်သူ ဒေါ်စန်းစန်းမော်သည် နီပေါ ကြက်ခြေနီအသင်း၏ ငလျင်ဘေး ကရုဏာလုပ်ငန်းများကို သွားရောက်ကူညီမည်ဟု မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ သတင်းရရှိသည်။
၎င်းသည် နီပေါငလျင်ဘေးတွင် ကွင်းဆင်းလေ့လာစမ်းစစ်ချက်များ ကောက်ယူခြင်းနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊ နီပေါကြက်ခြေနီအသင်းမှ စေတနာလုပ်အားရှင်များ စွမ်းရည်မြှင့်တင်ပေးခြင်း၊ နီပေါကြက်ခြေနီအသင်း၏ အရေးပေါ်စီမံခန့်ခွဲရေး အစီအစဉ်အတွက် ကူညီခြင်း၊ အရေးပေါ် စီမံခန့်ခွဲရေးစင်တာသို့ အစီရင်ခံစာများပေးပို့ခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်ပါသည်။
ဒေါ်စန်းစန်းမော်သည် ကြက်ခြေနီ စေတနာ လုပ်အားရှင်တဦးအဖြစ် ၁၉၈၅ ခုနှစ်တွင် သာကေတမြို့နယ်မှ စတင်ဆောင်ရွက်ခဲ့ပြီး ကြက်ခြေနီ လူမှုကရုဏာလုပ်ငန်းကို နှစ်ပေါင်း ၃၀ ခန့် အတွေ့အကြုံရှိပြီးသူတဦး ဖြစ်သည်ဟု သိရသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဘေးဒုက္ခစီမံခန့်ခွဲရေးဋ္ဌာနမှ ဒုတိယညွှန်ကြားရေးမှူးဖြစ်ပြီး နာဂစ်မုန်တိုင်း တုန့်ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် လပွတ္တာမြို့နယ်ရုံးခွဲ မန်နေဂျာ အဖြစ်လည်းကောင်း၊ ဂီရိမုန်တိုင်းတွင် တုန့်ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့် တခြားသော ဘေးအန္တရာယ် အမျိုးမျိုးတွင်လည်း ပါဝင်ဆောင်ရွက်ခဲ့သူ တဦးလည်းဖြစ်သည်။
ထို့အပြင် ဒေါ်စန်းစန်းမော်သည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီများအသင်း ဖက်ဒရေးရှင်း (IFRC) က ဦးဆောင်လေ့ကျင့် ပေးထားသော Regional Disaster Respond Team အဖွဲ့ဝင်တဦးဖြစ်ပြီး IFRC ၏ ဖိတ်ခေါ်မှုဖြင့် အာရှ-ပစိဖိတ်ဒေသတွင်း နိုင်ငံများမှ အဖွဲ့ဝင် ၁၁ ဦးနှင့်အတူ သွားရောက်ရခြင်းလည်းဖြစ်သည်။ ဒေါ်စန်းစန်းမော်သည် နီပေါနိုင်ငံတွင် မေလ ၁၈ ရက်နေ့မှ ဇွန်လ ၁၈ ရက်နေ့အထိ ကြာမြင့်မည်ဟု သိရှိရသည်။