ဘန်ကောက်ဗုံးကွဲမှုနှင့် ပတ်သက်၍ မူလသံသယရှိသူကို ကမ္ဘောဒီးယား နယ်စပ်တွင် ဖမ်းဆီးလိုက်ကြောင်း ထိုင်းဝန်ကြီးချုပ် ပရာယွဒ်ချန်အိုချာက ပြောကြောင်း Bangkok Post သတင်းတွင် ဖော်ပြထားသည်။ နယ်စပ်ဖြတ်ကျော်နေချိန်တွင် ဖမ်းဆီးခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါ ပုဂ္ဂိုလ်သည် ဘန်ကောက် ဧရာဝဏ် နတ်ကွန်း ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်သည့် CCTV ကင်မရာတွင် မြင်ရသူဖြစ်ကြောင်းပြောသည်။ ထိုသူဖမ်းခံရမှုနှင့် ပတ်သက်၍ ယနေ့ညနေ ၃နာရီခွဲတွင် အာဏာပိုင်များက တရားဝင်ကြေညာမည်ဖြစ်ကြောင်းလည်း ပါရှိသည်။ ထိုင်းရဲတပ်ဖွဲ့က ဗုံးခွဲသူသည် ကမ္ဘောဒီးယားနိုင်ငံတွင် ပုန်းအောင်းနေနိုင်ကြောင်း ပြောဆိုပြီးနောက်ပိုင်း ယခုကဲ့သို့ ဖမ်းဆီးရမိသည့် သတင်းထုတ်ပြန်ခြင်းဖြစ်သည်။
ပြီးခဲ့သည့် သြဂုတ်လ ၁၇ ရက်နေ့ ဘန်ကောက်မြို့ နိုင်ငံခြား ခရီးသွားများ စည်ကားရာ ဧရာဝဏ်နတ်ကွန်းအနီး ပေါက်ကွဲမှုတွင် လူ ၂၀ သေဆုံးကာ ၁၃၀ကျော် ဒဏ်ရာရခဲ့သည်၊ ထို့အတွက် လက်သည်တရားခံဖမ်းဆီးရမိနိုင်ရေး ထိုင်းရဲတပ်ဖွဲ့ ကြိုးပမ်းနေရာ ပြီးခဲ့သည့် စနေနေ့က တူရကီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသည့် နိုင်ငံခြားသားတဦးကို ဖမ်းဆီးလိုက်ပြီး အသက် ၂၆နှစ်အရွယ်ရှိ ထိုင်းမွတ်ဆလင် အမျိုးသမီး ဝနာဆုန်ဆန်ဆိုသူကိုလည်း ဖမ်းဝရမ်းထုတ်ခဲ့သည်။