ဝပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ (UWSA) အနေဖြင့် တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်ရန်၊ ယုံကြည်မှု တိုးမြှင်ရန် ဆန္ဒရှိကြောင်း “ဝ”အထူးဒေသ(၂) ဒုတိယဥက္ကဋ္ဌ ဦးရှောက်မင်လျံက မနေ့က ပြောလိုက်ပါတယ်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း)ပန်ဆန်းမြို့ရှိ ဝ” အထူးဒေသ(၂) ပြည်သူ့ခန်းမမှာ မနေ့ကပြုလုပ်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်၊ ပြည်ထောင်စု ဝန်ကြီး ဦးလှထွန်း၊ ဦးခင်မောင်စိုး၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဦးစဝ်အောင်မြတ်၊ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ အရှေ့မြောက်တိုင်းစစ်ဌာန ချုပ်တိုင်းမှူးတို့နှင့် တွေ့ဆုံရာတွင် ဦးရှောက်မင်လျံက ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း အဖွဲ့က ပစ်ခတ်တိုက်ခိုက် မှုရပ်စဲရုံဖြင့် မပြီးသေးဘဲ လိုအပ်ချက်များကို ညှိနှိုင်းတိုင်ပင်ဆွေးနွေးနိုင်သည့် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲ များကိုလည်း လုပ်ဆောင်ရေး၊လာမည့်ဇန်နဝါရီ ၁၂ ရက်တွင်ပြုလုပ်မည့် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးပွဲကို UWSA အနေနဲ့ တက်ရောက်ရန်၊ လိုအပ်ချက်များကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)တွင်ဆွေးနွေးရန် ပြောဆိုခဲ့ပြီး၊ UWSA မှ ရှောက်မင်လျံက “ဝ”ဒေသအနေဖြင့် ခွဲထွက်သည့် မူမျိုးကို ဆောင်ရွက်မည်မဟုတ်၊ ငြိမ်းချမ်းရေးလမ်းကို ဆက်လက် လျှောက်လှမ်းသွားမည်၊ “ဝ”ဒေသ စီးပွားရေးဖွံ့ဖြိုးမှု ကောင်းမွန်အောင်လုပ်ဆောင်မည်ဖြစ်ပြီး မူးယစ်ဆေးဝါး လုံးဝပပျောက်အောင်လည်း ကိုင်တွယ်သွားမည်ဟု ဆိုကြောင်း အစိုးရသတင်းတွင် ရေးသားထားပါတယ်။