တရုတ်နဲ့ နယ်မြေပိုင်နက် အငြင်းပွားနေတဲ့ ဖိလစ်ပိုင်နိုင်ငံက သူ့ရဲ့စစ်တပ်ကို ခေတ်မီလက်နက်တတ်ဆင်ရေး အမေရိကန် ဒေါ်လာ ၁.၇၇ သန်း သုံးစွဲမယ်လို့ သမ္မတ ဘင်းနစ်နို အကွီနိုက နှစ် ၈၀ပြည့် ဖိလစ်ပိုင်တပ်မတော် နေ့မှာ ကတိပြု ပြောဆိုလိုက်ပါတယ်။
Big- ticket လို့ အမည်ပေးထားတဲ့ ဖိလစ်ပိုင်တပ်မတော် ခေတ်မီတိုးတက်ရေးအစီစဉ်အရ အမေရိကန်ဒေါ်လာ ၁.၂၀ ဘီလျံ သုံးစွဲထားပြီး၊ လာမည့် ၂၀၁၇ ခုနှစ်မှာ အပြည့်သုံးစွဲမယ်လို့ ဆိုပါတယ်။
မကြာသေးမီနှစ်များက စတင်ကာ တောင်ကိုရီးယားနိုင်ငံလုပ် အသံထက်မြန် FA- 50 ဂျက်တိုက်လေယာဉ်များ ၁၂စီးခန့် ဝယ်ယူဖြည့်တင်းခဲ့ပြီး၊ နောက်ထပ်လည်း ဖြည့်တင်းသွားအုံးမယ်လို့ သိရပါတယ်။
လက်ရှိအနေအထားအရ ဖိလစ်ပိုင်နိုင်ငံဟာ တရုတ်နဲ့ပိုင်နက် အငြင်းပွားနေပြီး၊ တောင်တရုတ်ပင်လယ်မှာ လည်း ကာကွယ်ရေးအစီအစဉ်တွေပြုလုပ်နေရတယ်၊ ဒါကြောင့် စစ်တပ်ဟာ ခက်ခဲတဲ့ တာဝန်တွေ ထမ်းဆောင် နေရတယ်လို့ သမ္မတ အကွီနိုက ပြောလိုက်ပါတယ်။
ယခုအခါမှာ အရှေ့အာရှနဲ့ အရှေ့တောင်အာရှနိုင်ငံတွေဟာ စစ်လက်နက်ပစ္စည်း အပြိုင်အဆိုင် တတ်ဆင်လာ ရာ မကြာသေးမီက ထုတ်ပြန်တဲ့ လန်ဒန်အခြေစိုက် Strategic Defense Intelligence (DSI) အဖွဲ့ရဲ့အစီရင်ခံစာမှာ အငြင်းပွားဖွယ် ပြဿနာများတက်နေတဲ့ တောင်တရုတ်ပင်လယ်နဲ့ အရှေ့တရုတ်ပင်လယ်အရေး ပါဝင်ပတ်သက်တဲ့ နိုင်ငံတော်တော်များရေငုပ်သင်္ဘောတွေ ဝယ်ယူနေတယ်လို့ ဖော်ပြထားပါတယ်။