တူးပို့ အမည်ကို အသုံးပြုကာ ဘီယာထုတ်လုပ်နေခြင်းနှင့် ပတ်သက်ပြီး ဒိန်းမတ်အခြေစိုက် Carlsberg Beer အုပ်စုကို နာမည်ကြီး မြန်မာ့ရိုးရာ သင်္ကြန်သီချင်း “တူးပို့ တူးပို့”ကို ရေးသားခဲ့သူ အလင်္ကာကျော်စွာ မြို့မ ငြိမ်း၏ မိသားစုဝင်များက အမည်အလွဲသုံးစားပြုမှုအတွက် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ယနေ့နံနက်က သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ပြောဆိုလိုက်ပါတယ်။ တူးပို့ဟူသည့် အမည်ကို သုံးစွဲခွင့်ရရေးအတွက် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်က Carlsberg Beer အုပ်စုမှ တာဝန်ရှိသူများက မြို့မငြိမ်း၏ သားဖြစ်သူ ဦးရွှန်းမြိုင်အား ရန်ကုန်နှင့် မန္တလေးမြို့များတွင် တွေ့ဆုံခဲ့သော် လည်း အသုံးပြုခွင့်မပေးခဲ့သော်လည်း အသုံးပြုထားခြင်းဖြစ်ကြောင်းဆိုပါတယ်။ ထို့ အမည်အလွဲသုံးစားပြုမှုအတွက် မြို့မငြိမ်း မိသားစုက ကန့်ကွက်သည့်အပြင် တပတ်အတွင်း တူးပို့ဆိုတဲ့ နာမည်ကို ဖြုတ်ပေးရန်၊ ဖြုတ်မပေးပါက စင်္ကာပူ အခြေစိုက် ရှေ့နေကြီး ကယ်လ်ဗင်ချိုင်းနှင့် မန္တလေး ရှေ့နေ ဦးကျော်အေးတို့က ဦးဆောင်ကာ တရားစွဲဆိုသွားမည်ဟုလည်း ပြောဆိုသွားပါတယ်။
ဥရောပတွင် TUBAUGH အမည်ဖြင့် ထုတ်လုပ်ခဲ့သော်လည်း မြန်မာပြည်တွင် အသံထွက်ဆင်တူရိုးမှားဖြစ်စေ သည့် တူးပို့ အမည်ကို အသုံးပြုထားခြင်းဖြစ်ပါတယ်။ တူးပို့ ဆိုသည့် အမည်မှာ တေးရေးဆရာကြီး မြို့မငြိမ်း၏ တီထွင်ခဲ့သည့် စကားလုံးဖြစ်ပြီး “တူးပိ့ု”သီချင်းမှာလည်း မြန်မာရိုးရာသင်္ကြန်သီချင်းအဖြစ်နာမည်ကြီးပါတယ်။
မင်းထက်ငြိမ်းချမ်းပေးပို့သည်။