ရေနံဈေးများ ကျဆင်းလာသည့်အတွက် Wall Street ရှယ်ယာများလည်း ထိုးကျလာပြီး ကမ္ဘာ့ငွေကြေးဈေးကွက် ကမောက်ကမဖြစ်လာသည့်အတွက် ရင်းနှီးမြုပ်နှံသူများ အကြား စိုးရိမ်မှုများဖြစ်ပေါ်နေတယ်လို့ BBC စီးပွားရေး သတင်းမှာ ဖော်ပြထားပါတယ်။
အစောပိုင်းကာလများက စတော့ဈေးကွက်ဟာ ၃ ရာခိုင်နှုန်းကျဆင်းနေရာက Dow Jones နှင့် S&P 500 တို့ဟာ ၁ ဒဿမ ၅၆ ရာခိုင်နှုန်းနှင့် ၁ ဒဿမ ၂ ရာခိုင်နှုန်း အသီးသီး ထပ်မံကျဆင်းခဲ့သည့်အပြင် ဥရောပငွေကြေးဈေးကွက်၊ အာရှနှင့် အမေရိကန်တို့ရှိ ငွေကြေးဈေးကွက်လည်း ကျဆင်းခဲ့တဲ့အတွက် အမေရိကန်ဒေါ်လာသန်းပေါင်းများစွာ ငွေကြေးဆုံးရှုံးမှုဖြစ်ခဲ့ပါတယ်။
လေ့လာသူများအဆိုအရ ရင်းနှီးမြုပ်နှံသူများအနေနဲ့ ရေနံဈေးနှုန်းကျဆင်းမှု အကျိုးဆက်အနေနဲ့ လောင်စာဆီဝယ်လိုအား ကျဆင်းလာပြီး ကမ္ဘာ့စီးပွားရေးကျလာမှာကို စိုးရိမ်နေပါတယ်။
လက်ရှိအနေအထားမှာ ဘာရင်းရေနံညွှန်းကိန်းမှာ ၅ ရာခိုင်နှုန်း ကျဆင်းနေသလို၊ အမေရိကန်ရေနံဈေးနှုန်းမှာလည်း ၇ ရာခိုင်နှုန်းကျဆင်းလျှက်ရှိပါတယ်။
ပြီးခဲ့တဲ့ရက်က အီရန်အပေါ်ထားရှိတဲ့ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုများ ဖယ်ရှားလိုက်တဲ့အတွက် အီရန်ဟာ ကမ္ဘာ့ရေနံဈေးကွက်ကို ပြန်လည်ဝင်ရောက်လာနိုင်တာကြောင့် ကမ္ဘာ့ ရေနံဈေးနှုန်းဟာ ရေနံစိမ်း တစည်ကို အမေရိကန် ဒေါ်လာ ၂၈ ဒေါ်လာအောက်သို့ ကျဆင်းသွားပါတယ်။
လက်ရှိ ကမ္ဘာ့ငွေကြေးဈေးကွက် အနေအထားဟာ အင်္ဂလန် စတော့ဈေးကွက်မှာလည်း ကျဆင်းနေသလို ဂျာမနီ စတော့ဈေးကွက် ညွှန်းကိန်း ၂ ဒဿမ ၈၊ ပြင်သစ် စတော့ဈေး ကွက် ညွှန်းကိန်း ၃ဒဿမ ၄၅၊ ရေနံထုတ်လုပ်တဲ့ နိုင်ငံ ရုရှားရဲ့ ရူဘယ်လ်ငွေကြေးဟာလည်း ၈၀ ဒဿမ ၂၉၅ အထိ စံချိန်တင် ကျဆင်းနေတယ်လို့ သိရပါတယ်။
၂၀၁၄ ခုနှစ် အောက်တိုဘာလကလည်း ဂျပန်နိုင်ငံ၌ ရှယ်ယာများ အနိမ့်ဆုံးအဆင့်အထိ ကျဆင်းသည့်အတွက် ဒူဘိုင်း ရှယ်ယာဈေးကွက်လည်း ကျဆင်းခဲ့ရပါတယ်။