ထိုင်းနိုင်ငံမှ တဆင့် မြန်မာနိုင်ငံသို့ တင်သွင်းရောင်းချနေသည့် Forever Young အလှကုန်ပစ္စည်းများသည် အများပြည်သူ သုံးစွဲရန် မသင့်သော ဓာတုဆေးဝါးများ ပါရှိနေသည့်အတွက် အန္တရာယ်ရှိသဖြင့် တင်သွင်းရောင်းချမှုများရှိပါက အရေးယူသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန မှ ဖေဖော်ဝါရီ ၁၀ ရက်စွဲ ဖြင့် သတင်းထုတ်ပြန်ကြေညာလိုက်သည်။
“ကျန်းမာရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်လိုက်တာ ဟုတ်တယ်။ Forever Young အမျိုးအစားပဲ”ဟု အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွဋ် က ဧရာဝတီသို့ပြောသည်။
ဈေးကွက်အတွင်း ရောင်းချလျက်ရှိသည့် Forever Young Facial Mask နှင့် Active Radiace 3 Triple Nourishment တို့တွင် အန္တရယ်ဖြစ်စေနိုင်သည့် Clobetasol Propionate ပါဝင်နေခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ပြည်တွင်းဈေးကွက်သို့ တင်သွင်းရောင်းချပါက ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ ၃။ အပိုဒ် ၃(ဃ) အရ အရေးယူသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန မှ ထုတ်ပြန်ကြေညာထားသည်။
Forever Young Myanmar ၏ တရားဝင်စာမျက်နှာကမူ Forever Young Night Mask ထုတ်လုပ်သော ထိုင်းနိုင်ငံမှ Doctor-Pharma Co., Ltd မှ လည်းလိုအပ်သော FDA ကို စစ်ဆေးထားရှိပြီး ခွင့်ပြုချက် ရရှိပြီး ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှ စစ်ဆေးချက် အဖြေရရှိသည်နှင့် တစ်ပြိုင်နက် ထိုင်းနိုင်ငံမှ ထုတ်လုပ်သူ နှင့် ဆေးဝါးကျွမ်းကျင်သူများ မြန်မာနိုင်ငံသို့ လာရောက်ပြီး အဆင်မပြေမှု ကြုံတွေ့ရသော Customer များအား ဆွေးနွေးတိုင်ပင်၍ စစ်ဆေးကုသပေးရန် လိုအပ်သော (Workshop & Clinic) ပြုလုပ်ရန် ဆောင်ရွက်လျှက် ရှိကြောင်း၊ လာရောက် လုပ်ဆောင်ပေးမည့် နေရက် အချိန် အတိအကျကို မြန်မာ (FDA) မှ စစ်ဆေးမှု ပြီးစီးသည်နှင့် Customer များအား သတင်းစာ၊ ဂျာနယ် နှင့် FYM Facebook တို့က အသိပေး အကြောင်းကြားပေးမည် ဖြစ်ကြောင်း ရေးသားထားသည်ကို တွေ့ရှိရသည်။
အဆိုပါ အလှကုန်ပစ္စည်းကို သုံးစွဲသဖြင့် မျက်နှာတွင် အဆီဖုများစွာ ထွက်ပေါ်လာခြင်း၊ ဝက်ခြံများ ဆိုးရွားစွာ ထွက်လာ ခြင်း၊ အသားအရေများ ပျက်စီးခြင်း၊ နီရဲခြင်းနှင့် ကျိန်းစပ်ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း ကိုယ်တွေ့ကြုံခဲ့ရသူများစွာက ၎င်းတို့၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ဓာတ်ပုံများနှင့်တကွ ဖော်ပြခဲ့ကြသည်။