တောင်တရုတ်ပင်လယ် တုံကင်ပင်လယ်ကွေ အနီး ဗီယက်နမ်ရေပိုင်နက်အတွင်း ဝင်ရောက်လာတဲ့ တရုတ်သင်္ဘောတစီးကို ဗီယက်နမ်ရေတပ်က ဖမ်းဆီးလိုက်ကြောင်း ယနေ့ထုတ် ဗီယက်နမ် Thanh Nien သတင်းစာမှာ ဖော်ပြပါထားတယ်။ တရုတ်သင်္ဘောမှာ ကပ္ပတိန်နှင့် သင်္ဘောသား ၂ဦးပါဝင်ပြီး ဒီဇယ် လီတာ ၁သိန်း တင်ဆောင်ကာ တုံကင်ပင်လယ်ကွေ အနီးအနားတဝိုက်မှာ လှည့်လည် ငါးဖမ်းနေတဲ့ တရုတ်ငါးဖမ်းသင်္ဘောတွေကို လောင်စာဆီ ရောင်းချနေတာဖြစ်တယ်လို့ သိရပါတယ်။
ယခုအခါမှာတော့ အဆိုပါတရုတ်သင်္ဘောကို မြောက်ပိုင်းဆိပ်ကမ်းမြို့ဖြစ်တဲ့ ဟိုင်ဖုံကို ခေါ်ဆောင်လာ ပြီဖြစ်ပြီး၊ သင်္ဘောသားတွေကိုလည်း ထိန်းသိမ်းထားလိုက်ပြီးဖြစ်တယ်လို့ သိရပါတယ်။
ဗီယက်နမ်ကမ်းခြေစောင့်တပ်ဟာ သူတို့ရေပိုင်နက်ထဲ တရုတ်ငါးဖမ်းသင်္ဘောတွေ ဝင်ရောက်မလာဖို့ မကြာခဏသတိပေးပေမယ့် အခုလို ဖမ်းဆီးမှုတော့ မရှိခဲ့ပါဘူး။
တရုတ်ငါးဖမ်းသင်္ဘောတွေဟာ ပစ္စဖိတ်ရေပြင်နေရာအနှံဝင်ရောက် ငါးဖမ်းမှုတွေ ပြုလုပ်နေရာ ပြီးခဲ့တဲ့ ၂ပတ်ခန့်ကလည်း အင်ဒိုနီးရှား အထူးစီးပွားရေးဇုန်အတွင်း တရုတ်သင်္ဘောတစင်း တရားမဝင် ဝင်ရောက် ငါးဖမ်းတဲ့ အတွက် အင်ဒိုနီးရှားရေတပ်က ဖမ်းဆီးပေမယ့် တရုတ်ကမ်းခြေစောင့် စစ်သင်္ဘောက ဝင်ရောက်ပြီး ဖိအားပေး စွက်ဖက်တဲ့အတွက် ပြန်လွှတ်ပေးခဲ့ရပါတယ်။
အလားတူ ပြီးခဲ့တဲ့လကလည်း အာဂျင်တီးနားရေပြင်ပိုင်နက်ထဲ တရားမဝင်ဝင်ရောက် ငါးဖမ်းတဲ့ တရုတ်သင်္ဘောတစင်းကို အာဂျင်တီးနားရေတပ်က ပစ်ခတ်နှစ်မြုပ်လိုက်တဲ့ ဖြစ်ရပ်ဖြစ်ပွားခဲ့ပါ သေးတယ်။
ရေပြင်ပိုင်နက် အငြင်းပွားကာ တင်းမာမှုဖြစ်ပွားနေတဲ့ တောင်တရုတ်ပင်လယ်အတွင်းက ဖိလစ်ပိုင် နိုင်ငံကို ဂျပန်ရေငုပ်သင်္ဘောတစီးနဲ့ အစောင့်လိုက် ဖျက်သင်္ဘော ၂စီးတို့ နှစ်နိုင်ငံ စစ်ရေး လေ့ကျင့်မှု ပြုလုပ်ဖို့ မနေ့က ရောက်ရှိလာပါတယ်။ ဒါဟာ ၁၅နှစ်အတွင်း ပထမဆုံးလာရောက်ခြင်းဖြစ်ပြီး ဂျပန်ရေတပ် သင်္ဘောတွေဟာ ဗီယက်နမ်နိုင်ငံကို လည်း သွားရောက်မှာဖြစ်တယ်လို့ သိရပါတယ်။