မြန်မာလေတပ်က ဝယ်ယူထားသည့် ရုရှားလုပ် Yak-130 (နေတိုးအခေါ် Mitten) တိုက်လေယာဉ် ၃စီးကို ယခုနှစ်ကုန်တွင် ပေးပို့မည်ဖြစ်ကြောင်း ရုရှားစစ်ဘက်သတင်းတွေကို ကိုးကားပြီး The Diplomat သတင်းမှာ ဖော်ပြထား ပါတယ်။ ယာကိုလက်ဗ် Yak-130 လေယာဉ် ၃ စီးကို ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်မှာ မြန်မာ့တပ်မတော် က စာချုပ်ချုပ် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ်ကုန်မှာ တိုက်လေယာဉ်နဲ့ သက်ဆိုင်ရာ ပစ္စည်းများကိုပေးပို့ကာ နည်းပညာဆိုင်ရာ လေ့ကျင့်ရေးအဖွဲ့တဖွဲ့ကိုလည်း ၂၀၁၇ ခုနှစ်မှာ စေလွှတ်မှာဖြစ်တယ်လို့ လေယာဉ်ထုတ် လုပ်ရေး ကုမ္ပဏီ Irkut ၏ ပြောဆိုချက်ကို ကိုးကားပြီး အဆိုပါ သတင်းမှာ ဖော်ပြထားပါတယ်။
Yak- 130 အမျိုးအစား တိုက်လေယာဉ်ဟာ ၂ယောက်စီး အပေါ့စား တိုက်လေယာဉ်အဖြစ်သာမက လေ့ကျင့် ရေး အတွက်ပါ အသုံးပြုနိုင်သလို၊ ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်များ၊ ဝေဟင်မှ မြေပြင်ပစ် ဒုံးကျည် များနှင့် ပစ်မှတ် တိကျစွာ ကြဲချနိုင်သည့် ဗုံးများ၊ စက်သေနတ်များ တပ်ဆင်ထားပါတယ်။
တစီးလျှင် အမေရိကန်ဒေါ်လာ ၁၅ သန်းတန်ဘိုးရှိ Yak -130 တိုက်လေယာဉ်တွေကို မြန်မာလေတပ်အတွက် ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်အတွင်းက ဝယ်ယူခဲ့တာဖြစ်ပြီး လက်ရှိ ရုရှားလေတပ်မှာလည်း အသုံးပြုနေသလို အယ်လ်ဂျီးရီးယား၊ ဘင်္ဂလားဒေရှ်၊ ဘီလာရုစ် တို့ပြီးတဲ့ နောက် မြန်မာနိုင်ငံဟာ စတုတ္ထမြောက် ဝယ်ယူတဲ့နိုင်ငံလို့ သိရပါတယ်။