ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် အောက်တိုဘာလကုန်လောက်က Forever Young အလှကုန်ပစ္စည်းများကို ထိုင်းနိုင်ငံကတဆင့် ပြန်ယူပြီး အွန်လိုင်းတွင် ဖြန့်ဖြူးရောင်းချခဲ့တဲ့ အဆိုပါ အလှကုန်ပစ္စည်းများကို ဝယ်ယူ အသုံးပြုသူများမှာ မျက်နှာ အရေပြား ပျက်စီးမှုပြဿနာတွေနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရမှုများရှိခဲ့ပါတယ်။ အဆိုပါကိစ္စရပ်ဟာလည်း အွန်လိုင်းမှာ အတော်လေး ဂယက်ထခဲ့ရပါတယ်။ ဒီ အလှကုန်ပစ္စည်းများကို ရောင်းချသူကတော့ အဆိုတော်ဘန်နီဖြိုးရဲ့ ချစ်သူ အဖြစ် အများက သိကြပြီး ကိုယ်တိုင်လည်း မော်ဒယ်လ်သရုပ်ဆောင်ဖြစ်တဲ့ ဟာနာယူရီပဲဖြစ်ပါတယ်။ အဲ့ဒီ ကာလ တွေတုန်းက သူရောင်းချတဲ့ Forver Young အလှကုန်ပစ္စည်းများနဲ့ပတ်သက်ပြီး ဖြေရှင်းချက် တစုံတရာ မပြုလုပ် ခဲ့ပေမယ့် အခုချိန်မှာ ယူရီက အဆိုပါ ကိစ္စရပ်နဲ့ပတ်သက်ပြီး Customers များနဲ့ ပရိသတ်များကို ဧရာဝတီကနေ တဆင့်ဖြေရှင်းပြောပြလာပါတော့တယ်။ ယူရီက Make up Artist အနေနဲ့လည်း ရုပ်ရှင်ဇာတ်ကားတွေအတွက် လိမ်းခြယ်ပေးနေသူတဦးလည်း ဖြစ်ပါတယ်။
မေး ။ ။ အခုလက်ရှိ Forever Young အလှကုန်ပစ္စည်းနဲ့ပတ်သက်တဲ့ အခြေအနေကို သိချင်ပါတယ်။
ဖြေ ။ ။ Forever Young အလှကုန်ပစ္စည်းကို ညီမက ထိုင်းနိုင်ငံကနေတဆင့် International FDA စစ်ဆေးချက်တွေနဲ့ ထိုင်း မြန်မာ သံရုံးထောက်ခံချက်တွေနဲ့ တရားဝင်သွင်းလာခဲ့တာပါ ။ အဲဒါကိုလည်း ညီမကိုယ်တိုင်သွားစစ်ခဲ့ပါတယ်။ အခုပြန်စစ်ဆေးတော့ ကယ်မီကယ်လ်တွေ ပါနေတာကိုတွေ့ရတယ်ဆိုတော့ အဲဒီအလှကုန်ပစ္စည်းကို ညီမ မရောင်းတော့ပါဘူး။ မြန်မာနိုင်ငံက FDA ကလည်း ကယ်မီကယ်လ် ပါတယ်ပြောတော့ သူတို့ကိုလည်း အဲဒီ ဓာတ်ခွဲခန်းအဖြေကို ပေးပါလို့ တောင်းထားပါတယ်။ အခု နိုင်ငံတကာကလည်း ထပ်ပြီးစစ်ဆေးနေပါတယ်။ မြန်မာနိုင်ငံ FDA နဲ့ ထိုင်းအစိုးရနဲ့ ဆက်သွယ်နေကြပါတယ်။ ညီမကတော့ အဲဒါကို လုံး၀ မရောင်းတော့ပါဘူး။ သူတို့ဘက်ကပဲ အဲဒီသတင်းကို Update လုပ်ပြီးဖော်ပြပေးပါလိမ့်မယ်။ သူတို့အနေနဲ့က လောလောဆယ် ညီမကို ကျမ်းကျိန်လွှာပို့ပေးထားပါတယ်။
မေး ။ ။ ဒီပစ္စည်းကိုသွင်းလာတုန်းက ယူရီအနေနဲ့ ဘယ်လိုစစ်ဆေးခဲ့တာလဲ။ ဘယ်လိုကြောင့် ဒီလိုပြဿနာတွေ ပေါ်လာခဲ့တာလဲ။
ဖြေ ။ ။ အဲဒီ ပစ္စည်းကို ညီမသွင်းလာတာ သုံးနှစ်ကျော်ပြီပေါ့။ ပထမတော့ Online Shopping ကပဲ ရောင်းခဲ့တယ်။ မြန်မာနိုင်ငံမှာကလည်း ဒီလို Online Shopping ကနေတဆင့်ရောင်းတဲ့ ပစ္စည်းတွေကလည်း အများကြီးပဲလေ။ မသွင်းခင်ကို ညီမကိုယ်တိုင် သုံးလလောက် အသုံးပြုခဲ့တယ်။ ကိုယ်တိုင်လည်း Sensitive Skin ပါ။ သူက Night Mask ပဲဆိုတော့ ညအိပ်ရာဝင်ခါနီးသုံးရတာပေါ့။ ကိုယ်တိုင်လည်း သုံးကြည့်တာ အဆင်ပြေတယ်ဆိုပြီး အဲဒါကို ဒီကိုသွင်းခဲ့တာပါ။ နောက်ပိုင်းကျတော့ ဒီ Cream နာမည်ကြီးလာတော့ Online Shopping တော်တော်များလည်း ရောင်းလာကြပါတယ်။ ဖိလစ်ပိုင်ကလည်း အတုတွေဝင်တယ်လို့ ပြောကြပါတယ်။
တချို့ဝယ်ပြီး ဗူးအထဲမှာ အရောင် ပြောင်းနေတယ်လို့လည်း ပြောကြတယ်။ အမှန်က Forever Young မှာက ဘာအရောင်မှ မရှိဘူးလေ။ ဒါပေမယ့် အကုန်လုံးက ဒီပစ္စည်းက ယူရီ စသွင်းတာပဲဆိုပြီး ကိုယ့်ကိုပြဿနာ စဖြစ်လာတယ်။ ဒါကြောင့် ကိုယ့်ဘက်က တရားဝင်ဖြစ်အောင်ဆိုပြီး အဲဒီဘက်က ထောက်ခံချက်တွေနဲ့ ဒီမြန်မာပြည်မှာ ကုမ္ပဏီမှာ တရားဝင်ဖွင့်ပြီး ရောင်းခဲ့ တာပါ။ ကိုယ်ဘက်က ပြသနာဖြစ်မှာဆိုးလို့ တရားဝင်ယူလိုက်တော့မှ အဲလိုဖြစ်လာတယ်။ ကိုယ်က မရောင်းလိုက် ရဘဲ အဲ့လိုဖြစ်သွားတယ်။
မေး ။ ။ အဲဒီတုန်း သုံးစွဲတဲ့ မိန်းကလေးတွေမှာအရေပြား ပြဿနာတွေပေါ်တော့ ယူရီက တာဝန်မယူဘူးလို့ Online Facebook မှာ ပြောလာကြတယ်။ အဲဒီအပေါ်မှာရော ဘယ်လိုပြောပြချင်ပါလဲ။
ဖြေ ။ ။ ညီမက အဲဒီအလှကုန်ကို International FDA ကို ယူခဲ့ပေမယ့် မြန်မာနိုင်ငံရဲ့ FDA မှာကျတော့ ပြောင်းပြန်ကြီးဖြစ်နေခဲ့တာပေါ့။ အဲဒီတုန်းက ညီမကြောင့်ဆိုတော့ ညီမလည်း တာဝန်ယူရမှာပေါ့နော်။ ဒါပေမယ့် Facebook မှာက ပါစင်နယ်တိုက်ခိုက်မှုတွေနဲ့ အကောင့်တုတွေနဲ့ဆဲဆိုမှုတွေကလည်း ပိုများလာတယ်။ ကိုယ်တိုင်က ဒီကုန်ပစ္စည်းထုတ်လုပ်သူမဟုတ်တော့ အဲဒီဘက်ကို ကိုယ်က စောဒက ပြန်တက်တယ်။ ကိုယ့်အနေနဲ့က ဒီ စီးပွားရေးတခုထဲမဟုတ်ဘဲ လူမှုရေးဘက်ကိုပါ ထိခိုက်လာတဲ့အတွက် ကိုယ့်ဘက်က ပြန်ပြီးပြောတယ်။ ဟိုဘက်ကလည်း မြန်မာ FDA ကို ပြန်ပြီးဆက်သွယ်ထားတယ်။ သူတို့ဘက်က အကြောင်း မပြန်သေးဘူးပေါ့။ သူတို့ဘက်က ထပ်ပြီးစစ်ဆေးနေပါတယ်။ ပြဿနာဖြစ်ပြီး FDA ကို စစ်ဆေးဖို့ ပို့ပြီးကတည်းက ညီမ ဒီပစ္စည်းကို လုံးဝဆက်မရောင်းတော့ဘူး။ ဒီ ပြဿနာကို သိချင်လို့ကို ဆက်မရောင်းတော့တာပါ။ ဒါပေမယ့် အဲဒီ ပစ္စည်းက ဆက်ပြီးဝင်နေတယ်။ Online Shopping တွေမှာရော ယုဇနပလာဇာ တွေမှာရောင်းနေတာ တွေ့ရတယ်။ အဲဒီပစ္စည်းကို ဘယ်ဆိုင်မှာမှ မရောင်းထားပဲ ကိုယ့်လက်ထဲမှာပဲ ရှိနေတာပါ။ အဲဒီတုန်းက ဒီ Cream ဆိုတာနဲ့ ညီမလို့ပဲထင်နေကြတာ။
မေး ။ ။ ဒါဆိုရင် အဲ့လို ပြဿနာဖြစ်ဖြစ်ခြင်းတုန်းက ဘာကြောင့် တရားဝင်မဖြေရှင်းခဲ့တာလဲ။
ဖြေ ။ ။ အဲ့လိုပြဿနာဖြစ်ဖြစ်ခြင်းမှာ ညီမ FDA လျှောက်ထားတုန်းပဲ။ အဲဒီမှာက နည်းနည်း အချိန်ကြာတယ်။ ဘာကြောင့် မဖြေရှင်းလဲဆိုရင် ညီမက ဒီပစ္စည်းကို ထုတ်တဲ့သူမဟုတ်တာက တကြောင်း ကိုယ်က အေးဂျင့်ယူတာ နောက်ပြီး ညီမက ထိုင်းသံရုံးကလည်း ထောက်ခံစာတွေ ရပြီးသားဆိုတော့ မြန်မာနိုင်ငံတခုတည်းက ရလဒ်က ဘာကြောင့် ဒီလိုဖြစ်တာလဲဆိုပြီး ဟိုဘက်ကို ပြန်ဆက်သွယ်ခဲ့တယ်။ အဲဒီမှာလည်း ညီမဘက်က တုန့်ပြန့်မှုတခုကို လုပ်လိုက် တယ်။ သတင်းစာထဲမှာ ရှေ့နေနဲ့ ထည့်လိုက်တာ ပြဿနာပိုကြီးသွားတယ်လို့ ထင်ပါတယ်။ တခြားပါစင်နယ်တွေပါ ထိခိုက်တော့ ကိုယ်က ပိုက်ဆံယူပြီးကြော်ငြာပေးတဲ့ ကုမ္ပဏီနဲ့ပါ ပြဿနာတွေ ဖြစ်တယ်ပေါ့။ ဒါကြောင့် သတင်းစာထဲမှာကြော်ငြာထည့်လိုက်ရတယ်။ ကျန်တာ ဘာမှပြန်မဖြေရှင်းတော့ဘူး။ ကိုယ်ကပြန်ပြီးပြောရင် သူတို့က ပိုပြီးဒေါသကြီးမယ်။ တချို့ဆိုရင် သူတို့ မဖြစ်ပေမယ့် မိန်းကလေးအချင်းချင်းစာနာပြီး ညီမကို အထင်လွဲပြီး သူက ဒီလိုလုပ်တယ်ဆိုပြီး ထင်ကြရေးကြတယ်။ အဲဒါကိုတော့ ညီမနားလည်ပါတယ်။
မေး ။ ။ Forever Young အလှကုန်ကြောင့် ကျန်တဲ့ကိုယ့်ရဲ့ ဘယ်လိုအပိုင်းတွေရော ထိခိုက်မှုတွေရှိခဲ့လဲ။
ဖြေ ။ ။ လူမှုရေးအပိုင်းတွေ အများကြီးထိခိုက်ပါတယ်။ ညီမဖွင့်တဲ့ Make up Studio ဆိုရင်လည်း မသွားနဲ့ မသင်နဲ့ဆိုပြီး ဖြစ်လာပါတယ်။ ကျန်တဲ့ ညီမနဲ့ရိုက်ဖြစ်တဲ့ ကုန်ပစ္စည်းတွေဆိုရင်လည်း မသုံးနဲ့ပေါ့။ ညီမနဲ့တူတူ လက်တွဲလုပ်တဲ့ နိုင်ငံခြားက အမတွေဆီကိုလည်း ခြိမ်းခြောက်စာတွေပို့တာခံရတယ်။ ကိုယ်တိုင်လည်း အသက်အန္တရာယ် ခြိမ်းခြောက်တာတွေ ခံရတယ်။ ညီမကိုယ် ညီမ သတ်သေလိုက်ပါတော့ဆိုပြီး စာတွေနေ့တိုင်းပို့ကြတယ်။ ညီမ Studio အရှေ့မှာလာပြီးဖျက်ဆီးတာတွေလည်း ရှိပါတယ်။ အများကြီးကြုံလာရပါတယ်။
မေး ။ ။ အခုလက်ရှိမှာရော ယူရီ ဘာတွေလုပ်ဖြစ်နေလဲ။
ဖြေ ။ ။ ပြောရရင် ညီမက ဒီ မိတ်ကပ်အထူးပြင်တဲ့ Studio လေးကို ၂၀၁၅ ဇူလိုင်လောက်မှာ ဖွင့်ခဲ့ပါတယ်။ တောက်လျှောက်အလုပ်တွေလုပ်နေခဲ့တာ မနားရပါဘူး။ ဒါပေမယ့် ဒီလိုပြဿနာဖြစ်ပြီး ညီမအတွက် ဘာအလုပ်မှကို မရှိတော့တာပါ။ ကုမ္ပဏီတွေနဲ့လည်း ပြဿနာတွေတက်တယ်။ သူငယ်ချင်းတွေကအစ မလာကြတော့ဘူး။ ကိုယ့်ကို လူသတ်သမားကြီးလိုပဲ ဆက်ဆံကြတယ်။ ညီမ စိတ်အရမ်းထိခိုက်တယ်။ အဲဒီအတွက် နောက်ဆုံးဘာလုပ်လည်း ဆိုတော့ ယောဂီဝတ်တယ်။ ဘုရားတည်တယ်။ ပြင်ဦးလွင်မှာ အမေတို့နဲ့ ကိုယ့်လုပ်အားခနဲ့ ဘုရားသွားတည်တယ်။
မေး ။ ။ အချစ်ရေးနဲ့ပတ်သက်ပြီးလည်း လောလောဆယ်မှာ နာမည်ကြီးနေတာနဲ့ပတ်သက်ပြီး ဘာပြောပြချင်ပါသေးလဲ။
ဖြေ ။ ။ အချစ်ရေးကလည်း ညီမတို့တွဲလာတာ ငါးနှစ်လောက်ရှိပြီပေါ့။ ဒီအနုပညာလောကထဲမှာတော့ အကုန်လုံးက မောင်နှမတွေပါပဲ။ အနုပညာလောကထဲက သူတွေပဲ ဒီအလုပ်ကို ပိုပြီးနားလည်ကြတာလေ။ ညီမအနေနဲ့ဆိုရင်လည်း သူကို ပိုပြီးနားလည်ပေးရမှာပေါ့လေ။ ကိုယ်တိုင်ဆိုရင်လည်း ကိုယ့်ကောင်လေးနားမထိုင်ဘဲ တခြားကောင်လေး နားထိုင်မိရင် သူကဘာလဲဆိုတာ ထင်ကြမှာပါပဲ။ အနုပညာသမားဆိုတာကတော့ ဒီလိုသတင်းက ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ထွက်မှာပဲလေ။
မေး ။ ။ Forever Young အလှကုန်ကိစ္စနဲ့ပတ်သက်ပြီးတော့လည်း ဒီအချိန်မှာ ယူရီဘာပြောချင်တာ ရှိသေးလဲ။
ဖြေ ။ ။ ဒါနဲ့ပတ်သက်ပြီး ညီမကို အထင်လွဲတာတွေ ရှိပါတယ် ။ ညီမက အဲလို စိတ်ထားယုတ်မာတဲ့သူမဟုတ်ပါဘူးလို့ ကိုယ်တိုင်လည်း အဲလိုစိတ်ထားကြီးနဲ့ လိပ်ပြာမလုံ ဖြစ်မှာကို အစိုးရိမ်ဆုံးပါပဲ။ ညီမကို ယုံကြည်ပြီး ကိုယ့်ရဲ့ အသားအရေက အဲလိုဖြစ်သွားတာဆိုရင် ညီမ တကယ်စိတ်မကောင်းပါဘူး။ တခြား အထင်လွဲပြီး ပြောကြတဲ့ မိန်းကလေးတွေကိုလည်း ညီမ အဲလိုဖြစ်သွားတဲ့အတွက် စိတ်မကောင်းပါဘူး။ ညီမအချင်းချင်း ဒီလိုပြောစရာတွေ တွေ့ရတဲ့အခါ ကိုယ့်အတွက် ပြင်စရာတွေလည်း ရပါတယ်လို့ အထင်မလွဲစေဖို့ ကူညီပံ့ပိုးပေးစေချင်ပါတယ်။