ပဲခူးတိုင်းဒေသကြီး အစိုးရက ရက် ၁၀၀ စီမံချက်များနှင့် ပတ်သက်ပြီး လယ်ယာဆည်မြောင်း ကဏ္ဍနှင့် လမ်းပန်းဆက်သွယ်ရေး ကိစ္စရပ်များကို ဦးစားပေးလုပ်ဆောင်သွားမည်ဟု ပဲခူး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြည်မြို့ ခေတ္တရာခမ်းမ၌ ပြုလုပ်သည် ပြည်၊ ရွှေတောင်၊ ပန်းတောင်း၊ ပေါက်ခေါင်း၊ သဲကုန်းနှင့် ပေါင်းတည်မြို့နယ်များ မှ ဒေသခံများနှင့် ယနေ့တွေ့ဆုံပွဲတွင် ပြောဆိုလိုက်ပါတယ်။
“ဒီရက် ၁၀၀ စီမံချက်တွေက လောလောဆယ် ပြည်ထောင်စုအစိုးရက ချပေးထား တဲ့ကဏ္ဍတွေ က တော်တော် များတယ်။ ဒါပေမယ့် စိုက်ပျိုးရေး၊ လမ်းတံတား၊ မိုးမကျခင်လုပ်ရမယ့် ဆည်မြောင်း တာတမံ ဒိုးယိုပေါက် ပေါက်နေလို့ ချက်ခြင်းလုပ်ရမယ့် ကိစ္စတွေရှိတယ်။ အထူးသဖြင့် သာယာဝတီ၊ လက်ပံတန်းကြားထဲမှာ တာတွေ ပေါက်နေတာတွေ၊ ဈေးတွေမှာ လူတွေ ကြပ်ညှပ်ပြီး သွားလို့လာလို့ မကောင်းတာတွေ အရင်ရှင်းရမှာ၊ ကျနော် တို့ လုပ်ချင်တာနဲ့ လိုတာတွေကြားမှာ ဘတ်ဂျက်ကတော့ တော်တော်ကွာခြားပါတယ်” ဟု ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြောပါတယ်။
ဒေသခံများက လယ်ယာမြေ ကိစ္စရပ်များ ဖြေရှင်းပေးရန်၊ အဂတိလိုက်စားမှုများအားကို ကိုင်တွယ်ရန်၊ မြို့ပေါ် ရပ်ကွက်များရှိ အကြွေစေ့လောင်းကစားရုံများကို လိုင်စင်သက်တမ်း ထပ်မံတိုးမပေးရန် နှင့် ဖွံဖြိုးရေး တိုးတက် ရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့သည်။
ကောင်းမြတ်မင်း သတင်းပေးပို့သည်။