အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်မှာ တာဝန်ထမ်းဆောင်ဖို့ အိန္ဒိယ ရေတပ်က ပဲထိန်းဒုံး ကျည် တင် ကိုယ်ပျောက် ဖရီးဂိတ် စစ်သင်္ဘော ၂စီးအပါအဝင် စုစုပေါင်း စစ်သင်္ဘော ၄စီးကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူး
နေ့က စေလွှတ်လိုက် ကြောင်း အိန္ဒိယကာကွယ် ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အဆိုပါ စစ်သင်္ဘော ၄စီးဟာ အနောက်မြောက်ပစ္စဖိတ်ဒေသနဲ့ တောင်တရုတ်ပင်လယ်မှာ ၂လခွဲ ကြာ တာဝန်ထမ်းဆောင်မှာဖြစ်ပြီး၊ ရည်ရွယ်ချက်ကတော့ အိန္ဒိယရဲ့ အရှေ့မျှော်ဝါဒအရ ဒေသတွင်း နိုင်ငံများနဲ့ စစ်ဘက်ဆက်ဆံရေး ပိုမိုကျယ်ပြန့်လာစေဖို့၊ တခြားသော ရေတပ်များနဲ့ ပူးပေါင်းဆောင် ရွက်နိုင်ဖို့ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီအတွက် အိန္ဒိယရေတပ်ဟာ မလေးရှားမှ ကလန်ရေတပ်စခန်း၊ ဗီယက်နမ်မှ ကမ်းရန်ရေတပ် စခန်း၊ ဖိလစ်ပိုင်ရဲ့ ဆူးဘစ်ရေတပ်စခန်း၊ ဂျပန်ရဲ့ ဆာဆေဘို ရေတပ်စခန်း၊ တောင်ကိုရီးယားရဲ့ ဘူဆန် ရေတပ်စခန်း၊ ရုရှားရဲ့ ဗလာဒီဗော့စတော့ ရေတပ်စခန်းတို့ကို ဝင်ရောက်မှာဖြစ်ပါတယ်။
ဒါအပြင် အမေရိကန်၊ ဂျပန်တို့ ပူးတွဲလေ့ကျင့်မယ့် Malabar စစ်ရေးလေ့ကျင့်မှုမှာလည်း ပူးပေါင်းပါဝင် မယ်လို့ သိရပါတယ်။
အရင်က အိန္ဒိယသမုဒ္ဒရာအတွင်းမှာပဲ စစ်ရေးလေ့ကျင်မှုကို အများဆုံးပြုလုပ်တဲ့ အိန္ဒိယရေတပ် အနေနဲ့ တင်းမာမှုမြင့်တက်နေတဲ့ တောင်တရုတ်ပင်လယ်အတွင်းကို စတင်ချဉ်းနင်း ဝင်ရောက်လာ တာဖြစ်ပါတယ်။
တရုတ်ရဲ့ စစ်ရေးတည်ဆောက်မှုကြောင့် တင်းမာမှုမြင့်တက်လာနေတဲ့ တောင်တရုတ်ပင်လယ်မှာ မကြာသေးမီရက်ပိုင်းက ပင်လယ်ပြင်ပေါ်က နိုင်ငံတကာ လေပိုင်နက်မှာ ပျံသန်းနေတဲ့ အမေရိကန် ထောက်လှမ်းရေးလေယာဉ်ကို တရုတ်တိုက်လေယာဉ် ၂စီးက နှောက်ယှက်ခဲ့လို့ ကန့်ကွက်ပြောဆိုမှု တွေရှိခဲ့ပါတယ်။