နေပြည်တော်တွင် ဖွင့်လှစ်ထားသည့် အနှိပ်ခန်းများ အားလုံး ပိတ်သိမ်းရန် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန က အမိန့်ထုတ်ပြန်လိုက်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန မှ သိရသည်။
အနှိပ်ခန်းများ ပိတ်သိမ်းရန် အမိန့်ထုတ်ပြန်သည့်ကိစ္စနှင့် ပတ်သက်၍ ပျဉ်းမနား ရဲစခန်းမှူး ဒုရဲမှူး တင်ဌေးက “အနှိပ်ခန်းတွေ လုပ်ကိုင်ခြင်း မလုပ်ရဘူးဆိုတာက အမိန့်ကြေငြာစာနဲ့ ထွေ/အုပ်က ထုတ်ပြန်ထားတာ။ ညွှန်ကြားချက်မဟုတ်ဘူး။ နှစ်တိုင်း လုပ်နေကြပါ။ ထွေ/အုပ်က ထုတ်ပြန်ထားတဲ့ အမိန့်ကလည်း ဥပဒေလိုပါပဲ။ အခုက အနှိပ်ခန်းတွေကို ပြန်ပြီး တင်းကျပ်မယ့်သဘောလို့ ပြောလို့ရမယ်”ဟု ဧရာဝတီသို့ ပြောသည်။
ဆက်လက်၍ သူက “ဒါက ညွှန်ကြားချက် မဟုတ်ဘူး။ ဒီဟာတွေကို တရားဝင်လိုင်စင်ပေးရင်တော့ တရားဝင်ဖြစ်မှာပေါ့။ ဒီလိုမဟုတ်ဘဲနဲ့တော့ အနှိပ်ခန်းတွေ လုံးဝ လုပ်ခွင့်မရှိဘူး။ လုံးဝ လုပ်လို့မရဘူး”
နေပြည်တော်ရှိ အနှိပ်ခန်းပိုင်ရှင်များ အနေဖြင့် ထုတ်ပြန်ထားသည့် အမိန့်ကို တိကျစွာလိုက်နာရမည်ဖြစ်ကာ ထုတ်ပြန်ချက်ကို လိုက်နာမှုမရှိသူများအား ဖမ်းဆီး အရေးယူမှု ကို ပြည်နယ် အုပ်ချုပ်ရေး ဦးစီးဌာန နှင့် ရဲတပ်ဖွဲ့က ပူးပေါင်း ဆောင်ရွက်မည်ဟု သိရသည်။
ရန်ကုန်မြို့တွင် စားသောက်ဆိုင်များ၊ ညကလပ်များနှင့် အရက်ဘားများ ကို ည ၁၁ နာရီ မတိုင်မီ အပြီးသတ် ပိတ်သိမ်းရန် မေလ အစပိုင်းကတည်းက ပြန်လည် တင်းကျပ်ထားပြီး စောင့်ကြည့် အရေးယူမှုကို ရဲတပ်ဖွဲ့က ပြုလုပ်လျက်ရှိသည်။