လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေးအတွက် တကိုယ်တော်လမ်းလျောက် ဆန္ဒ ထုတ်ဖော်သူ ကိုဖိုးစနေ(ခ)နေလင်းစိုးကို ယနေ့ မေ ၂၃ ရက် မွန်းလွဲပိုင်း စစ်ကိုင်းမြို့ ရွှေသမားဓမ္မာရုံ အနီးတွင် ဖမ်းဆီးလိုက်ပြီဖြစ်ကြောင်း စစ်ကိုင်းမြို့မရဲစခန်းထံမှ သတင်းရရှိသည်။
ကိုနေလင်းစိုးကို စစ်ကိုင်းမြို့မ ရဲစခန်းမှ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ-၁၈ ဖြင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း စခန်းမှူး ဒုရဲမှူး ကျော်ထွန်းနိုင်က ဧရာဝတီသို့ပြောသည်။
ဒုရဲမှူး ကျော်ထွန်းနိုင်က “သူ့ကို ကျနော်တို့က ခွင့်ပြုမတင်ပြဘဲ ဆန္ဒထုတ်ဖော်တဲ့အတွက် ဆက်မလုပ်ဖို့ တားဆီးပါသေးတယ်၊ ဆက်လုပ်တဲ့အတွက် အခုလိုဖမ်းလိုက်တာဖြစ်ပါတယ်” ဟု ပြောသည်။
နိုင်ငံရေးအကျဉ်းသားဟောင်း တဦးဖြစ်သူ ကိုနေလင်းစိုးမှာ မေလ ၁၄ ရက်နေတွင် ရန်ကုန်မြို့မှ စတင်ထွက်ခွာ လာခဲ့ခြင်းဖြစ်ပြီး ၁၀ ရက်မြောက်နေ့အဖြစ် စစ်ကိုင်းမြို့သို့ ရောက်ရှိစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။