မြန်မာနိုင်ငံ ကျောက်မျက် လုပ်ငန်းရှင်များ အသင်းချုပ် ရန်ပုံငွေ အမေရိကန် ဒေါ်လာ သန်း ၉၀ ဝန်းကျင်ရှိသော ငွေကြေး အလွဲသုံးစားမှု နှင့် ပတ်သက်ပြီး သတင်းမီဒီယာများသို့ ဖွင့်ချ ရှင်းလင်းပွဲ တရပ် ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
ထိုရှင်းလင်းပွဲကို ကျောက်မျက် လုပ်ငန်းရှင်များ အသင်းချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်များ ဖြစ်သော ဦးအောင်ကြီး၊ ဦးကျော်ကျော်ဦး နှင့် ဦးမြင့်ကြည်တို့က ဇွန်လ ၂ ရက်နေ့တွင် ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမ၌ ပြုလုပ်မည် ဖြစ်သည်ဟု ဦးအောင်ကြီးက ဧရာဝတီသို့ ပြောသည်။
“အကြောင်းအရာ အသေးစိတ်ကိုတော့ ရှင်းလင်းပွဲကျမှပဲ ပြောနိုင်ပါမယ်”ဟုလည်း ဦးအောင်ကြီးက ဆိုသည်။
အဆိုပါ အလွဲသုံးစားမှုနှင့်ပတ်သက်ပြီး ကျောက်မျက် လုပ်ငန်းရှင်များ အသင်းချုပ် ဒု ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အလုပ်အမှုဆောင်များအပါအဝင် စုစုပေါင်း ၂၁ ဦးက လက်မှတ်ထိုး၍ ဝန်ကြီးဌာန ၃ ခုနှင့် ဥပဒေ ရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်များထံသို့ တိုင်ကြားထားသောကြောင့် စစ်ဆေး နေကြောင်းလည်း သိရသည်။
ယခုရှင်းလင်းပွဲ ကျင်းပမည့် ဦးအောင်ကြီး၊ ဦးကျော်ကျော်ဦး နှင့် ဦးမြင့်ကြည်တို့သည်လည်း တိုင်ကြားသူများတွင် ပါဝင်သူများ ဖြစ် သည်။
ယမန်နေ့က နေပြည်တော် သင်္ဂဟ ဟိုတယ်၌ ကျင်းပသော သတင်းစာ ရှင်းလင်းပွဲ တခုတွင်မူ ဥပဒေ ရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင် က ကျောက်မျက်ရန်ပုံငွေ အလွဲသုံးစားမှု နှင့် ပတ်သက်ပြီး ဝန်ကြီးဌာနထက်မြင့်သော အဖွဲ့အစည်း ဖွဲ့၍ စိစစ်ရန် ဆုံးဖြတ်ထားကြောင်း ပြောကြားခဲ့သည်။
ဧရာဝတီက ရရှိထားသော မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များ အသင်းချုပ်၏ တိုင်ကြားစာတွင် အသင်း စတင် တည်ထောင် သည့် ၂၀၀၉ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ကျောက်မျက်လုပ်ငန်း ရှင်များထံမှ ၁ ရာခိုင်နှုန်း ကောက်ခံထားသော ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၈၇ သန်း ရှိသည် ဟု ပါရှိသည်။
လက်ရှိ ကျောက်မျက် လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးရုံးမူက သမ္မတဟောင်း ဦးသိန်းစိန် နှင့် သမ္မတရုံး ဝန်ကြီးဟောင်း ဦးစိုးသိန်း တို့ကို ပေးအပ်ငွေ အပါအဝင် အကြောင်းအရာ ခေါင်းစဉ် ၁၀ ခု ပြ၍ အဆိုပါ ရန်ပုံငွေများထဲမှ ဒေါ်လာ သန်း ၈၀ ကို အလွဲသုံးစား ပြုလုပ်ကြောင်း ဥပဒေ ရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် ထံသို့ တိုင်ကြားစာ၌ ဖော်ပြ ထားသည်ကို တွေ့ရ သည်။
သမ္မတဟောင်း ဦးသိန်းစိန် က အနုပညာ ဦးစီးဌာန အတွက် ဒေါ်လာ ၇ သန်း ထုတ်ယူထားပြီး ဝန်ကြီးဟောင်း ဦးစိုးသိန်းက ဒေါ်လာ ၅ သန်း ထုတ်ယူထားကြောင်းလည်း ယင်းတိုင်စာတွင် ပါရှိသည်။
ကျောက်မျက် အသင်းချုပ် ဥက္ကဋ္ဌ ဦးရုံးမူသည် ၂၀၁၄ ခုနှစ်မှ စတင်၍ ဥက္ကဋ္ဌ တာဝန်ယူခဲ့သူ ဖြစ်သည်ဟုလည်း ဆိုသည်။
ထိုရန်ပုံငွေ အလွဲသုံးစားပြုလုပ်မှုကို ကျောက်မျက်အသင်းနှင့် သက်ဆိုင်သည့် သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာနသို့ လွှဲပြောင်းပေး၍ စစ်မှုပြုလုပ်ကြောင်းလည်း လက်မှတ်ထိုး တိုင်ကြားရာတွင် ပါဝင်သူတဦးလည်း ဖြစ်သော စစ်ကိုင်းတိုင်း ကျောက်မျက် လုပ်ငန်းရှင် အသင်း ဥက္ကဋ္ဌ ဦးအောင်ကြီးက ပြောပြသည်။
တိုင်စာ တင်ပြခဲ့သည်မှာ မှန်ကန်ပြီး တိုင်ကြားခဲ့သူများကို နေပြည်တော် သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဝင်းထိန် ဦးဆောင်သည့် အဖွဲ့က စုံခုံဖွဲ့၍ မေလ ၂၇ ရက်က စစ်ဆေးကြောင်းလည်း ၎င်းက ဧရာဝတီ ကို ပြောသည်။
ဥပဒေ ရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင်တဦး ဖြစ်သူ ဦးဇော်မြင့်ဖေက“ဒီကိစ္စက အားလုံးလည်း စိတ်ဝင်စားပါတယ်။ ဆက်စပ်သွားနိုင်တဲ့ဟာတွေက တော်တော် ကျယ်ပြန့်တယ်။ ရှေ့နောက် စဉ်းစားရမယ့် ပြဿနာတွေလည်း ရှိတယ်။ ဒီဌာနကရော ဒါကို ပိုင်ပိုင်နိုင်နိုင် ကိုင်တွယ် နိုင်ပါ့မလား။ ကိုင်တွယ်ပြန်ရင်ရော တိုင်တဲ့သူတွေက ကျေနပ်ပါဦးမလား။ ဘယ်အဆင့်က ဘယ်လိုဝင်မလဲ ဆိုတာကတော့ ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်တယ်”ဟု ပြော ဆိုသည်။