ညှို့အားကောင်းတဲ့ ဓာတ်ပုံတွေကို ရိုက်ကူးခဲ့ရာကစလို့ အဆိုတော်၊ Sexy Model အဖြစ် လူသိများလာတဲ့ မော်ဒယ်လ် နန်းသီရိမောင် တယောက် သူ့ရဲ့ ရင်သားပေါ်မှာ ထိုးထားသော တက်တူးကို အသားပေး ရိုက်ကူးထားတဲ့ မပေါ့်တပေါ် အဝတ်အစားနဲ့ ဓာတ်ပုံတွေကို သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ တင်လိုက်ပြီးတဲ့နောက် ဒါဟာ အစစ်လား၊ အတုလား၊ ဘယ်လိုထိုးလဲ၊ ဘယ်သူထိုးပေးတာလဲ ဆိုတဲ့ အမေးတွေနဲ့ ပရိသတ်တွေက သိချင်လာကြတာပါ။
သူ တက်တူးထိုးထားတဲ့နေရာကလည်း ဓာတ်ပုံထဲမှာ မြင်ရတဲ့အတိုင်းပါပဲ။ ဒီတော့ ပရိသတ်တွေဘက်က သိချင်ကြမယ်ဆိုတာ မဆန်းလောက်ပါဘူး။
ဒါကြောင့် အဆိုတော်၊ မော်ဒယ်လ် နန်းသီရိမောင်ကို စပ်စုကြည့်မိတော့ “နန်းနန်း သူငယ်ချင်း တက်တူး ဆရာမလေးတစ်ယောက်ထိုးပေးတာပါ။ သူက တခြားသူငယ်ချင်းတွေကိုလည်း ထိုးပေးထားတာတွေ့တော့ ထိုးချင်တာနဲ့ ထိုးလိုက်တာပါ။ ရင်ဘတ်မှာပဲ ထိုးမယ်ဆိုပြီး အမှတ်တရလေးလဲ ဖြစ်သွားအောင်ပါ။ အရမ်း လည်း မနာတဲ့အတွက် ထုံဆေးတွေဘာတွေနဲ့ ထိုးရတာမျိုးတော့မရှိခဲ့ပါဘူး” လို့ ဧရာဝတီကို ပြောပါတယ်။
နန်းသီရိမောင်ရဲ့ တက်တူးဟာ Isabella ဆိုတဲ့ သူ့ရဲ့ အမည်ကို ထိုးထားတာလည်းဖြစ်ပါတယ်။
ဒါ့အပြင် ဓာတ်ပုံအလန်းစား ရိုက်ကူးမှုတွေ နောက်ပိုင်းမှာ အနည်းငယ် နည်းသွားပေမဲ့ ဒီရက်ပိုင်းမှာတော့ ပရိသတ်တွေအတွက် ဓာတ်ပုံ အမိုက်စား၊ အလန်းစားတွေ ပြန်ရိုက်နေပြီလို့လည်း သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ ရေးသားထားပါသေးတယ်။
ဘယ်လောက်ထိ အမိုက်စားလေးတွေ ရိုက်ကူးဖို့ ရှိဦးမလဲဆိုတော့ “နန်းနန်း ဓာတ်ပုံတွေကိုတော့ အရမ်း ကြမ်းကြမ်းကြီး ရိုက်ဖို့တော့မရှိပါဘူး။ နန်းနန်းရိုက်နေကျပုံစံ အလယ်အလတ်လောက်ပါပဲ။ ဒါပေမယ့် ပြောင်းလဲသွားတဲ့ ဖက်ရှင်အမြင်တွေနဲ့ နန်းနန်းနဲ့ လိုက်ဖက်မယ့် အမြင်ဆန်းစေမယ့် ပုံတွေတော့ ရိုက်ဖြစ်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။
လက်ရှိမှာတော့ မနှစ်က ထွက်ရှိထားတဲ့ သူ့ရဲ့ “အချစ်ကဘာလဲ” တစ်ကိုယ်တော် တေးစီးရီး MTV ထွက်ရှိနိုင်ဖို့အတွက် ကြိုးစား ရိုက်ကူးနေတယ်လို့ သိရပါတယ်။ ဒီတေးစီးရီး MTV ကို ခပ်လန်းလန်း မင်းသား၊ မင်းသမီးတွေနဲ့အတူ အလန်းစား MTV Music Video တခုဖြစ်အောင်ရိုက်ကူးနေတယ်လို့ ပြောပြ ခဲ့ပါတယ်။
“နန်းနန်း MTV တွေမှာ အရမ်းဟော့ဟော့ရမ်းရမ်းကြီးတွေတော့ မရိုက်ပါဘူး။ ဒါပေမယ့် ထူးထူးဆန်းဆန်း လေးတွေတော့ ရိုက်ဖြစ်ပါမယ်။ သူများတွေနဲ့လည်းမတူအောင်ပါ။ အဲ့ဒီအတွက် ဒါရိုက်တာတွေနဲ့လည်း သေချာတိုင်ပင်ထားပါတယ်။ စီးရီးကနေ MTV ထွက်ဖို့က တစ်နှစ်ကျော်လောက်ကြာသွားတော့ MTV အခွေကိုလဲ ဒီနှစ်ကုန်လောက်ထွက်ဖြစ်အောင်ကြိုးစားနေပါတယ်။နန်းနန်းပရိသတ်တွေလည်း စောင့်မျှော်၊ အားပေးပါ” လို့ နန်းသီရိမောင်က ဆိုပါတယ်။
ရှေ့ဆက်ပြီးတော့လည်း မော်ဒယ်လ်၊ အဆိုတော်တင် မဟုတ်ဘဲ သရုပ်ဆောင်အလုပ်ကိုပါ လုပ်သွား ချင်ကြောင်းနဲ့ ဆက်လုပ်သွားဖို့ အစီအစဉ်လည်းရှိကြောင်း သူက ပြောဆိုသွားပါတယ်။