၃ နှစ်ကြာလုပ်ဆောင်နေတဲ့ ရှေးထိုင်းဘုရင်အုတ်ဂူတူးဖော်ရေးလုပ်ငန်းစဉ်ကို ဇွန်လ ၂၃ ရက်နေ့မှာ မန္တလေး တိုင်းအစိုးရအဖွဲ့ညွှန်ကြားချက်နဲ့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ချိတ်ပိတ်ရပ်ဆိုင်းစေလိုက် ပါတယ်။ အရင်အစိုးရလက်ထက်က ဆိုင်းငံ့ထားတဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်တဲ့အပြင် နှစ်နိုင်ငံချစ်ကြည်ရေး နဲ့လည်း သက်ဆိုင်နေတဲ့အတွက် အစိုးရသစ်လက်ထက်မှာ အရေးတယူကိုင်တွယ်နေတယ်လို့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ဇွန်လ ၂၄ ရက်နေ့မှာ ပြောဆိုပါတယ်။
ထိုင်းဘုရင့်ဂူဟောင်း တူးဖော်ခြင်းကို ပြန်လည်စစ်ဆေးဖို့အတွက် ဇွန်လဆန်းမှာ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ဦးဆောင် တဲ့ စိစစ်ရေးအဖွဲ့ တခုဖွဲ့စည်းခဲ့ပြီး အဖွဲ့မှာ သမိုင်းပညာရှင်အဖြစ် တာဝန်ပေးခံထား ရသူ တဦး လည်းဖြစ်၊ ထိုင်းဘုရင်ဂူ သမိုင်းကြောင်း စတင်လေ့လာတွေ့ရှိခဲ့တဲ့ သမိုင်းသုတေသနပညာရှင်လည်းဖြစ်တဲ့ ဒေါက်တာ တင်မောင်ကြည်ကို ဧရာဝတီ မန္တလေး သတင်းထောက် မြတ်ပြည့်ဖြိုးက တွေ့ဆုံ မေးမြန်း ထားပါတယ်။
မေး။ ။ ထိုင်းဘုရင့်ဂူရဲ့သမိုင်းကြောင်းကို ဆရာတွေ့ရှိခဲ့ပုံလေး အရင်ပြောပေးပါ ဆရာ။
ဖြေ။ ။ လွန်ခဲ့တဲ့ အနှစ်၃၀ လောက်က ယိုးဒယားရာဇဝင်သုတေသနတွေမှာ ထိုင်းဘုရင်ကို မြန်မာကို ဖမ်း ခေါ်ခဲ့တယ်။ အဲဒီရှင်ဘုရင်က ဒီမှာ နတ်ရွာစံတယ်လို့ အဲလိုအချက်အလက်တွေဖတ်ရတယ်။ အဲဒါနဲ့ အမရပူရက ဆရာတော် ကိုပညာကို အရင်မေးကြည့်ခဲ့တယ်။ ဆရာတော်ကလည်း အဲလိုသမိုင်းမျိုး ရှိတယ်လို့ မိန့်တယ်။ ပြီးတော့ အမရပူရမှာနေတဲ့ အသက် ၁၀၂ နှစ်အမျိုးသမီးကြီးကိုလည်း သွားမေးစုံစမ်းကြည့်တော့ သူတို့ငယ်ငယ်တုန်းက သွားကစားတဲ့သချၤိုင်းက ထိုင်းဘုရင်သချုၤိင်းဆိုပြီး ပြောခဲ့တယ်။
အဲလိုနဲ့လေ့လာတွေ့ရှိရသမျှတွေကို ၁၉၉၉ ခုနှစ်မှာ “ယိုးဒယားဘုရင် သင်္ချိုင်းလော” ဆိုပြီး မိုး ဂျာနယ် မှာ ဆောင်းပါး ရေးခဲ့တယ်။ Today မဂ္ဂဇင်းမှာလည်း အင်္ဂလိပ်လို ရေးခဲ့တယ်။ အဲဒီဆောင်းပါးရေး ကတည်းက ကို ဟုတ်ချင် ဟုတ်မယ်၊ မဟုတ်ချင် မဟုတ်ဘူးဆိုတဲ့သဘောမျိုး လေ့လာတွေ့ ရှိလောက်ကို ရေးခဲ့တယ်။
အဲဒါကို ၁၀ နှစ်လောက်ကြာတော့မှ ဒါဟာ ယိုးဒယားဘုရင်အရိုးပြာအိုးဆိုပြီး လုပ်ကြတယ်။ ယိုးဒယားဘုရင် အရိုးပြာအိုးရှိနိုင်တယ်လို့ သုံးသပ်တဲ့နေရာက စနေထောင့်က စေတီပုံစံလေးမှာပါ။ အခု တူးဖော်နေကြတာ အရှေ့မြောက် ထောင့်က ချုံအတွင်းကိုဆိုတော့ ဘာက ဘယ်လိုလွဲနေတယ်ဆိုတာ သူတို့မှ သိမယ်။ အဲစနေထောင့်က စေတီကို ဖော်ကြည့်ရင်လည်း ဟုတ်ချင်မှ ဟုတ်နိုင်မယ်။ ဒါအတိအကျ ပြောမရတဲ့အချက်ပါ။
မေး။ ။ ဆရာပြောပုံအရဆိုရင် အဲဒီစနေထောင့်နေရာဟာလည်း ဘုရင့်ဂူဖြစ်ဖို့ မသေချာဘူးဆိုတဲ့ သဘောလား။
ဖြေ။ ။ အခုတူးနေတဲ့နေရာနဲ့ ဆရာပြောထားတဲ့နေရာကလွဲနေတယ်။ ဖြစ်နိုင်လား၊ မဖြစ်နိုင်ဘူးလားဆိုတာ တူးကြည့် မှ သိမှာပါ။ ဘာမှသေချာမတွေ့ရသေးဘဲ ယိုးဒယားဘုရင်လို့ တန်းပြောတာတော့ မဟုတ်သေးဘူးပဲလေ။
မေး။ ။ ထိုင်းဘုရင့်ဂူယဉ်ကျေးမှုထိန်းသိမ်းရေးအဖွဲ့က အရိုးအိုး၊ ခါးပန်းစည်း၊ သပိတ်တွေကို တူးဖော်တွေ့ရှိ တဲ့ အပေါ်မှာ ဆရာဘယ်လို သုံးသပ်မိပါလဲ။
ဖြေ။ ။ အဲဒီခေတ်က အမရပူရမြို့မှာ သီတင်းသုံးတဲ့ သံဃာတော်အရေအတွက် ၁၇၀၀၀ ကျော်ရှိပါတယ်။ ခါးပန်းစည်းနဲ့ သပိတ်တွေ့ရုံနဲ့ ထိုင်းဘုရင်လို့ တပ်အပ်ပြောမရနိုင်ပါဘူး။ အထောက်အထားတွေဒီထက် ပိုလို အပ်ပါတယ်။
မေး။ ။ အခု စည်ပင်က ဦးဆောင်ဖွဲ့စည်းတဲ့ ထိုင်းဘုရင့်ဂူစိစစ်ရေးအဖွဲ့က အရိုးပြာအိုးကို DNA (မျိုးရိုးဗီဇ) စစ်ဆေးဖို့ လုပ်မယ်လို့ သိရပါတယ်။ တကယ်လို့ DNAရလဒ်ထွက်ပေါ်လာရင်ကော ဘာတွေဆက်လုပ်သွားမလဲ။
ဖြေ။ ။ DNA က လိုအပ်ရင်စစ်မယ်။ စစ်မှာကလည်း ယိုးဒယားလား၊ မြန်မာလား သိအောင်စစ်မှာ။ ယိုးဒယား ဖြစ်နေရင်တော့ ခြေတလှမ်းနီးသွားပြီပေါ့။ ဒါတောင် ရှင်ဘုရင် ဟုတ်မဟုတ်က အတပ်မပြောနိုင်သေးဘူးလေ။ အဲဒီအတွက် ဆက်လုပ်ရမှာပေါ့။ အဲလိုမှမဟုတ်ဘဲ မြန်မာဆိုရင်တော့ ပြီးပြီလေ။
မေး။ ။ ဇွန်လဆန်းကစပြီး ထိုင်းဘုရင့်ဂူကို ပြန်လည်ဖော်တာထက် ရှေးဟောင်းစေတီပြန်ပြုပြင်ပြီး ဌာပနာ ပြန် တည်လို့ အကြမ်းဖျင်းသိရပါတယ်။ အဲဒါနဲ့ပတ်သတ်ပြီး ဆရာတို့စိစစ်ရေးအဖွဲ့က ဘာတွေလုပ်ဖို့ ရှိပါသလဲ။
ဖြေ။ ။ ရှေးဟောင်းယဉ်ကျေးမှုဌာနက ခွင့်မပြုပါဘူး။ ဘာလို့လဲဆိုတော့ မူလနေရာကမဟုတ်ဘဲ တခြားနေရာက တွေ့ရှိတဲ့အရိုးပြာကို စေတီမှာ ပြန်ဌာပနာတည်တယ်ဆိုတာ မရှိပါဘူး။ ရှေးမူမပျက် မူရင်းအတိုင်းကိုသာ ရှေးဟောင်း က လက်ခံလိမ့်မယ်။
မေး။ ။ လက်ရှိအခြေအနေမှာ ထိုင်းဘုရင်ဥဒုမ္ဗရ ရဲ့ အရိုးပြာလည်း ဖြစ်နိုင်တယ်၊ မဖြစ်နိုင်ဘူးဆိုပြီး အငြင်းပွား နေတဲ့ အခြေအနေမှာ ဆရာကရော ဒါနဲ့ ဘယ်လိုကောက်ချက်ချထားပါသလဲ။
ဖြေ။ ။ အခုအတိုင်းကတော့ မဟုတ်တော့ဘူးဆိုတဲ့ ကောက်ချက်ကို ရောက်သွားပြီ။ ဘာလို့လဲဆိုတော့ တူးဖော် တွေ့ရှိရတဲ့ ရှေးဟောင်းပစ္စည်းတွေရဲ့ ပုံသဏ္ဍန်၊ အရွယ်အစား၊ ဒီဇိုင်းနဲ့ အရောင်အဆင်းတို့ကို ကြည့်ပြီး နှစ်နိုင်ငံရဲ့ ယာဉ်ကျေးမှု၊ ဗိသုကာတွေနဲ့ ပြန်သုံးသပ်လိုက်တဲ့အချိန်မှာ အဲဒီအဖြေဖြစ်သွားပါတယ်။
မေး။ ။ ထိုင်းဘုရင့်ဂူပြန်လည်ဖော်ထုတ်တဲ့ကိစ္စကို ကနဦးတွေ့ရှိခဲ့တဲ့ဆရာက မဟုတ်ဘူးလို့ ပြန်ငြင်းတဲ့ အပေါ် ဝေဖန်မှုသံတွေလည်း ကြားရပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ဆရာဘာများ ပြောချင်ပါသလဲ။
ဖြေ။ ။ အမှန်တရားကိုပေါ်အောင်လုပ်တာပါ။ ဘယ်သူမှ နစ်နာစေချင်တဲ့စိတ်မရှိသလို ပြန်လည်းချေပမှာ မဟုတ် ပါဘူး။ ဘယ်လိုမှလည်း သဘောမထားပါဘူး။ အမှန်ရောက်စေချင်ရင် ကိုယ်ကမှန်မှ ရမယ်လေ။ ဒေါ်အောင်ဆန်း စုကြည် ပြောခဲ့သလို ဘယ်သူမှ အဂတမထားဘူး ဒါပေမဲ့ အမှန်တရားကိုတော့ ပေါ်အောင် လုပ်ရမှာပါပဲ။