ချောင်းသာကမ်းခြေတွင် ဇူလိုင်လ ၃၁ ရက်က မိသားစုလိုက်ရေဆင်းကူးရာမှ လှိုင်းပုတ်ရေနစ်မြုပ်ပြီး လူ ၂ ဦး သေဆုံးပြီး ၁ ဦး ပျောက်ဆုံးနေကြောင်း သိရသည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး ချောင်းသာရဲစခန်းမှူး ရဲအုပ်ကျော်ကျော်လွင်က “သူတို့က ဘောလှေကို ၆ ယောက် တွယ်ဖက်စီးရင်းကနေ လှေမှောက်သွားတယ်။ ရေပြင်အသက်ကယ်အဖွဲ့ ချက်ခြင်းဆင်းကယ်တော့ ၄ ဦးကို ကယ်လို့ရခဲ့ပေမယ့် ၁ ယောက်က ဆေးရုံပို့ရင်း လမ်းမှာတင် ဆုံးသွားတယ်။ ပျောက်နေတဲ့ ၂ ယောက်ထဲမှာ ကိုအောင်မြင့်ဆိုတဲ့သူကို မနက် ၃ နာရီ လောက်က အလောင်းပြန်ဆယ်နိုင်ခဲ့တယ်။ ကျန် ၁ ယောက်ကတော့ ပျောက်နေတုန်းပဲ”ဟု ဧရာဝတီကို ပြောသည်။
ရန်ကုန်မြို့မှ ချောင်းသာကမ်းခြေသို့ မိသားစုလိုက် လာရောက်အပန်းဖြေရာမှ ဇူလိုင် ၃၁ ရက် မနက် ၁၁ နာရီခန့်တွင် လေထိုးအပျော်စီးလှေကို လူ ၆ ဦး တွယ်စီးနေစဉ် လှိုင်းပုတ်မှုကြောင့် လှေမှောက်ပြီး တွယ်စီးသူအားလုံး နစ်မြုပ်ခဲ့ရာ ၃ ဦးကို ချောင်းသာကမ်းခြေရှိ ရေပြင်ကယ်ဆယ်ရေးအဖွဲ့က ကယ်ဆယ်နိုင်သော်လည်း ၂ ဦး ရေနစ်သေဆုံးပြီး ကျန် ၁ ဦး ပျောက်ဆုံးနေသည်။