မြန်မာနိုင်ငံရဲ့ ပထမဆုံး သမ္မတ ညောင်ရွှေစော်ဘွား စပ်ရွှေသိုက်ရဲ့ ဟော်နန်းကို ပြတိုက်အဆင့်မြှင့်တင်ပြီး ကမ္ဘာလှည့်ခရီးသည်များ လည်ပတ်ရာ နေရာတခုအဖြစ် ဖန်တီးကာ တပတ်လျှင် ၂ရက် ညနေ ၆နာရီ မှ ည ၁၁နာရီအထိ ဝင်ခွင့်ပြုပြီး ဘဏ္ဍာငွေ ရှာဖွေသွားရန် စီစဉ်နေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီး ဦးအုန်းမောင် က ယမန်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့ပါတယ်။
ထို့အပြင် ဟော်နန်း ပရဝုဏ်အတွင်း ညဈေးဖွင့်လှစ်ကာ လက်တွန်းလှည်းဖြင့် အဆာပြေ စားသောက်ဖွယ်ရာ များ ရောင်းချရန် စီစဉ်နေတယ်လို့လည်း သိရပါတယ်။
ထို့ကိစ္စနှင့် ပတ်သက်ပြီး ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက်နှင့် စဝ်နန်းမြဝင်းတို့မှ မွေးဖွားပြီး ညောင်ရွှေဟော် ပြန်ရရှိဖို့ အစိုးရထံ အကြိမ်ကြိမ်တောင်းဆိုခဲ့သူ သမီး စဝ်ဟေမာသိုက်ကို ဧရာဝတီ သတင်းထောက် နန်းဆိုင် နွမ် က ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ ။ ညောင်ရွှေဟော်နန်း ပရဝုဏ် အတွင်း ညဈေး ဖွင့်လှစ်ရောင်းချပြီး နိုင်ငံခြားသားတွေကို လှည့်ပတ်ဖို့ စီစဉ်နေတဲ့ ကိစ္စ အပေါ် အန်တီအနေနဲ့ ဘယ်လို သဘောထားပါသလဲ။
ဖြေ။ ။ အန်တီတို့က ညောင်ရွှေဟော်နန်းပြန်ရဖို့ အတွက် ၂၀၁၃ ၊ ၂၀၁၅ ကတည်းက တောင်းထားတာ။ အခု ၂၀၁၆ ဇွန်လ ၇ ရက်နေ့မှာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ကို တောင်းခဲ့တယ်။ အခု သိတဲ့အတိုင်း ဂျာနယ်မှာ ပါတယ်။ ဒါပေမယ့် အန်တီကို တယောက်မှ အကြောင်းမကြားဘူး။
ရှေးဟောင်းအမွေအနှစ်ကို ညဈေးဖွင့်တာ မအပ်စပ်ဘူးလေ။ ဈေးဆိုင်တွေ ဘာတွေဆိုတော့ အန်တီတို့ ကန့် ကွက်ထားတယ်။ ဟိုတယ်နဲ့ ခရီးသွားဝန်ကြီး၊ သမ္မတရုံး၊ နိုင်ငံတော် အတိုင်ပင်ခံရုံး၊ ရှမ်းပြည်နယ်အစိုးရ သာသနာရေးဝန်ကြီး ကို စာတင် ကန့်ကွက်ထားတယ်။ ဒါပေမယ့် အန်တီအနေနဲ့က ခက်တယ်။ ကိုယ်ကိုလည်း မတိုင်ပင်ဘူး။ ပြန်ရမယ်ဟာကို ဘာလို့ မပေးနိုင်တာလဲ။ အကျိုးအကြောင်းတွေ ဘာမှ မပြောလာဘူး။ အန်တီကို အခုထိ အစိုးရဘက်က မဆက်သွယ်လာသေးဘူး။ အန်တီအနေနဲ့ သဘောထား ဘာညာ ပြောရခက် တယ်။ ကန့်တော့ ကန့်ကွက်ထားတယ်။
မေး။ ။ ပြတိုက်အနေနဲ့ လုပ်မယ်ဆိုတာ လာရောက်ညှိနှိုင်းတာရော ရှိပါသလား။
ဖြေ။ ။ ပြတိုက်အနေနဲ့ ပြုလုပ်မယ်ဆိုတာ လာရောက်ညှိနှိုင်းတာ မရှိဘူး။ The Voice ဂျာနယ်မှာ ပါတယ် လေ ရှမ်းပြည်နယ် အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးစိုးညွန့်လွင်က မိသားစုကို ပြန်ပေးဖို့ စိတ်မကူးဘူးဆိုတာ ပြောထားပါတယ်။ အန်တီကိုလည်း အကြောင်းမကြားဘူး။
မေး။ ။ မိသားစုဝင်တွေ က ဟော်နန်းပြန်ရရှိဖို့ တောင်းဆိုလာတာ သမ္မတ ဦးသိန်းစိန် လက်ထက်ကတည်း စပြီး ယခု အစိုးရသစ်အထိဆိုတော့ တောင်းဆိုလာတဲ့အပေါ် ဘာတုန့်ပြန်မှု တွေ ရရှိခဲ့လဲ။
ဖြေ။ ။ အန်တီလည်း လူမှုအဖွဲ့အစည်း(CSO) တယောက်ပဲလေ။ ကောင်းမွန်သော အုပ်ချုပ်မှု စနစ် (Good Government) တို့ အန်တီတို့ သင်လည်း သင်ယူတယ်။ ပို့လည်း ပို့ချနေတယ်။ Transparency ( ပွင့်လင်းမြင် သာမှု) ဆိုတဲ့ဟာက အရေးကြီးတဲ့အချက်ပဲလေ။ အန်တီစိတ်ထဲမှာ တော့ အန်တီတို့ကို ဘာမှအကြောင်း မကြားတော့ Transparency ( ပွင့်လင်းမြင်သာမှု) မရှိဘူးပေါ့။ သတင်းစာမှာ ပါလို့ ဖတ်ရတာလို့ အန်တီတို့ လိပ်စာရော ဖုန်းနံပတ်ရော ပေးထားတယ်၊ တိုက်ရိုက်အကြောင်းမကြားတော့ အန်တီတို့ အနေနဲ့ စိတ်အား ငယ်တယ်။
အန်တီက ဒီဟော်နန်းမှာ မွေးဖွားလာတော့ တန်ဖိုးထားတယ်။ ကမ္ဘာလည်းကျော်နေတယ်။ ကိုယ့်အဘိုး ကိုယ့် အဖေရဲ့အိမ်ပေါ့။ အန်တီတို့ကို ဆွေးနွေးလည်း မဆွေးနွေး၊ အကြောင်းလည်း မကြားတော့ အန်တီတို့ ရည်ရွယ် ချက်ကို မပြောလိုက်ရဘူး။
မေး။ ။ ညောင်ရွှေစော်ဘွား အသုံးအဆောင်တွေ၊ နန်းတွင်းပစ္စည်း တွေကို ပြင်သစ်ကို ပို့ပြီး လျှော်ဖွပ်သန့် စင်မယ်လို့လည်း ပြောပါတယ်။ အဲ့ဒါကိစ္စကို ဟော်နန်းမိသားစုဝင်အနေနဲ့ ဘယ်လိုတားဆီး သွားဖို့ရှိပါသလဲ။
ဖြေ။ ။ အန်တီ သိရသလောက်ကတော့ ယဉ်ကျေးမှုဝန်ကြီးဌာနက ဒီကိစ္စကို ကန့်ကွက်လိုက်တယ်လို့ ပြော ပါတယ်။ အန်တီအနေနဲ့လည်း ဒီကိစ္စကို တားဆီမှာပါ။ ဘာလို့လဲ ဆိုတော့ ဟော်နန်း အသုံးအဆောင်ပစ္စည်း ကို ကိုယ့်မျက်စိအောက်မှာမဟုတ်ပဲ၊ တိုင်းတပါးကိုယူသွားပြီးတော့ လမ်းမှာ အန္တရာယ်အမျိုးမျိုး ကြုံတွေ့နိုင် ပါတယ်။ မြန်မာပြည်မှာလည်း ဒါမျိုးလျှော်ဖွပ်ဖို့ အဆင့်အတန်းမရှိဘူးလား။ မန္တလေးမှာဆို တော်တေ်ာလေး အဆင့်အတန်း မြင့်မြင့်တွေရှိပါတယ်။ ကိုယ့်မြန်မာပြည်မှာ မလုပ်နိုင်ဘဲ ဘာလို့ တိုင်းတပါးကို တင်ပို့လုပ်တာ လဲ။ တိုင်းတပါးပို့လိုက်ရင် ကြားမှာ ပျောက်သွားမှာလည်း စိုးရိမ်တယ်။
မေး။ ။ ညောင်ရွှေဟော် ပရဝုဏ်အတွင်း ညဈေး ပြုလုပ်တာက ရှမ်းသမိုင်းကို သေးသိမ်အောင် ပြုလုပ်နေ တယ်လို အန်တီ ထင်ပါသလား။
ဖြေ။ ။ ဟော်နန်းထဲမှာ အရင်ကဆိုရင် ပွဲလမ်းသဘင်တွေလုပ်ရင် မင်းခမ်းမင်းနားနဲ့ ပြုလုပ်ကြတယ်။ ညောင်ရွှေမှာ ပွဲလမ်းရှိရင် ပြည်သူတွေက ဟော်ထဲလာပြီး အခမ်းအနားလုပ်တယ်။ ကန်တော့ခံပွဲ တွေလုပ် တယ်။ ဖောင်တော်ဦး ဘုရားကြွလာရင်လည်း ဟော်နန်းမှာ နေ့ဆွမ်းကပ်တယ်။ လာဖူးမျှော်တဲ့သူကိုလည်း ထမင်းကျွေး တယ်။
ပြည်သူတွေအချိန်မရွေး လာကန်တော့တာတို့၊ တိုင်ပင်ချင်တာတို့အတွက် ဖွင့်ထားတဲ့ ရုံးစိုက်ရာ ဌာန ရုံးခန်း တွေရှိတယ်။ဘဏ္ဍတိုက်လည်း ရှိတယ်။ တရားဥပဒေ စီရင်တဲ့နေရာလည်းရှိတယ်။ အန်တီတို့ မိသားစုတွေ ချည်းပဲနေတဲ့နေရာ မဟုတ်ပါဘူး။
ပြောချင်တာက ဘုရားကြွ ဆွမ်းကပ်တယ်ဆိုရင် မင်းခမ်းမင်းနားနဲ့ လုပ်တဲ့နေရာ၊ ဝန်းထဲမှာ ပြည်သူ ပြည်သား တွေပွဲတွေလုပ်တဲ့နေရာ၊ ဒီလို ဈေးရောင်းတာ တခါမှမရှိခဲ့ဘူး။ နောက်တခုက တခြား ပုဂံတို့ ဘာတို့မှာလည်း ရှေ့ဟောင်းပစ္စည်းတွေ ဘာတွေ ရှိတယ်။ အဲ့ဒီဝန်းတွေဈေးရောင်းလို့လား။ ဘာလို့ ညောင်ရွှေဟော် တခု တည်းကို ဦးတည်ပဲ လုပ်ရတာလဲဆိုတာ အန်တီကတော့ သံသယ ဖြစ်တယ်။
ညဈေးဖွင့်တယ်ဆိုတာကတော့ ရှမ်းလူမျိုးရဲ့ သမိုင်းကို သေးသိမ်အောင်လုပ်သလိုပါပဲ။ ရှမ်းလူမျိုးရဲ့သမိုင်း ဝင်နေရာကို ဘာကြောင့် အစားအသောက်တွေလာဖွင့်ရတာလဲ ဆိုတာ စဉ်းစားလို့မရဘူး။
ပွင့်လင်းမြင်သာမှုရှိရင် အန်တီတို့ကို အကြောင်းကြား အကြံတောင်းမှာပေါ့။ ဘယ်လိုမှ မညှိနှိုင်း ဘယ်လိုမှ မဆွေးနွေးတော့ အန်တီကတော့ တော်တော်လေး စိုးရိမ်တယ်။ အန်တီက တချိန်လုံး စိတ်အားငယ်ခဲ့တယ်။ အခုလည်း ဒီအစိုးရ ပြည်သူ့အစိုးရက လုပ်ပေးမယ်လို့ မျှော်လင့်ချက်နဲ့ စဉ်းစားနေတာ။
ဒီလုပ်ရပ်က ရှမ်းရိုးရာတွေကို မှေးမှိန်စေပါတယ်။ ယဉ်ကျေးမှု အမွေအနှစ်များတဲ့နေရာ နတ်ကောင်း နတ်မြတ် တွေလည်း ရှိတယ်။ ဒါမျိုး ညဈေး ရောင်းတာ မကောင်းဘူး။ အန်တီတို့ကလည်း သူတို့ လာတိုင်ပင်ရင် ကြိုဆို ပါတယ်။ ဘယ်လိုမှ အကြောင်းမကြားပဲ လုပ်တော့ အန်တီ စိတ်ထဲမှာ စနောင့် ဖြစ်တယ်။
မေး။ ။ ရှမ်းခေါင်းဆောင်တွေကရော ဒီဟော်နန်းနဲ့ ပတ်သက်ပြီး ဘာတွေ ကူညီပေးနေပါသလဲ။
ဖြေ။ ။ အန်တီကတော့ ပြည်သူအစိုးရ ဆိုတော့ အရမ်းအားကိုးတယ်လေ။ ဒီကိစ္စကို ဘယ်သူ့ကိုမှ မပြော ဘူး။ ကိုယ့်မိသားစုနဲ့ အစိုးရနဲ့ကြားမှာပဲ ပြီးသွားစေချင်တယ် ကိစ္စမကြီးချင်ဘူး။ ပြည်သူ့အစိုးရကို အရမ်း ယုံကြည်တယ်လေ။ အခုတော့ တမျိုးပြန်စဉ်းစားရမှာပေါ့။ ပြန်တိုင်ပင်ရမယ်။ ဘာဆက်လုပ်ရမယ်ဆိုတာကို စဉ်းစားရ အုံးမယ်။ မိသားစုဝင်တွေနဲ့ တိုင်ပင်ရအုံးမယ်။
မေး။ ။ အန်တီ အနေနဲ့ရော ဒီဟော်နန်း ညဈေးဖွင့်မယ်ဆိုတဲ့ကိစ္စ ဘာဆက်ပြောချင်ပါသလဲ။
ဖြေ။ ။ သူတို့ (အစိုးရ) ဆက်သွယ်လာဖို့ အန်တီစောင့်နေတယ်။ သူတို့အနေနဲ့ ပထမဆုံးသမ္မတ ညောင်ရွှေ ဟော်နန်းပိုင်ရှင်အဖြစ် အသိအမှတ်ပြုပြီးသား။ အန်တီကို ဆက်သွယ်ဖို့ မျှော်လင့်နေပါတယ်။ ကိုယ့်က အငယ်ပဲ သူတို့အကြီး ဆက်သွယ်လာဖို့ စောင့်ရမှာပေါ့။