အင်တာနက် လူမှုကွန်ရက်ကို တန်ဖိုးရှိစွာ အသုံးချခဲ့သူတဦးကြောင့် အကျိုးထူးခဲ့သည့် ဖြစ်ရပ်တခု မကြာသေး မီက ဖြစ်ပေါ်ခဲ့ကြောင်း facebook သုံးသူတိုင်း သတိထားမိကြမည် ဖြစ်သည်။
မီးလောင်ဒဏ်ခံခဲ့ရသည့် ၃ နှစ်အရွယ် ကလေးငယ်နှင့် ကူကယ်ရာမဲ့နေသည့် မိခင်တို့၏ အဖြစ်ကို မြင်ပြီး မကြည့်ရက်သဖြင့် facebook ပေါ်တင်ကာ မျှဝေခဲ့သူ၊ တဆင့်တဆင့် လက်ဆင့်ကမ်း သတင်းဝေမျှ ရှယ်ပေးခဲ့ကြ သူတို့ကြောင့် လူသိများသော အနုပညာသမား တချို့က စတင် လှူဒါန်းခဲ့သည့် ဖြစ်ရပ် အမှန်တကယ် ပေါ်ပေါက်ခဲ့ပါသည်။
|
facebook ကို အနုပညာသမားများ ပုံစံမျိုးစုံဖြင့် အသုံးပြုကြကြောင်း သိကြပြီးဖြစ်သည်။ ပရိသတ် အချစ်တော်များ ဖြစ်ကြသည့် အနုပညာ သမားများအတွက် facebook ကို အသုံးပြုခြင်းက လူချင်လူခင် ပိုများကာ ပရိသတ် ထိတွေ့မှု ပိုမို ရရှိနိုင်သည်ကတော့ အမှန်ပင် ဖြစ်သည်။ facebook ကြောင့် အနုပညာသမားများကို လူသိပိုများပြီး အချစ်တိုးစေသကဲ့သို့ အသုံးပြုပုံ မမှန်ကန်သောကြောင့် အကျိုးထက် အပြစ်ပိုဖြစ်ကြရသည်ကိုလည်း သတိပြုမိသည်။
နန်းခင်ဇေယျာကျပြန်တော့ facebook ကြောင့်ပင် ကမ္ဘာ့အလယ်တွင် ဂုဏ်တင့်စေသည့် မယ်တယောက်အဖြစ် နာမည်ကြီး ခဲ့သလို၊ ၎င်း၏ စေတနာထက်သန်မှု၊ လူမှုရေးအသိရှိမှု သတင်းများက facebook ပေါ်တွင် ဆက်လက် မွှေးမြခဲ့ပြန်သည်။ ယခုတဖန် မီးလောင်ဒဏ်ရာ ခံစားနေရသည့် မိန်းကလေးငယ်ကို သွားရောက် ကူညီသူထဲတွင်လည်း နန်းခင်ဇေယျာက ရှေ့ဆုံးမှ ပါနေပြန်သဖြင့် သာဓုခေါ်စရာ ဖြစ်သည်။
ထို့အပြင် စိုင်းစိုင်းခမ်းလှိုင်၊ မိုးယုစံ စသည့် facebook အသုံးပြုသူ လူသိများ ထင်ရှာသော အနုပညာသမားများက စတင်ကာ ကလေးငယ်ကို စေတနာ ထက်သန်သောစိတ်ဖြင့် သွားရောက် ကြည့်ရှု လှူဒါန်းသဖြင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အပါအဝင် လှူဒါန်းသူ စေတနာရှင်များစွာ ပေါ်ပေါက်ခဲ့သည်။ အမှောင်တိုက်အတွင်း ကျရောက်နေသည့် ကလေး၏ အနာဂါတ် တွင် အလင်းရောင် မြင်တွေ့နိုင်အောင် ကူညီသူများအား ချီးကျူးမိပါသည်။
မီးလောင်ကျွမ်းခဲ့သူ ဖူးဖူးလေး ဆိုသည့် ကလေးငယ်၏ အဖြစ်ကို ကြားရတော့ လွန်ခဲ့သည့် ၈ နှစ်ခန့်က အလားတူ အဖြစ်အပျက်တခုကို ကျမ ပြန်ပြောင်း သတိရ မိသည်။
လွန်ခဲ့သည့် ၈ နှစ်ခန့်က တခုသော ဆောင်းကာလတွင် မြကျွန်းသာ စားသောက်ဆိုင် တဆိုင်၌ ကလေးငယ်တဦး မီးလောင်မှု တခု ဖြစ်ခဲ့ဖူးသည်။ မီးလောင်ခဲ့သည့် ကလေးငယ်မှာ တခြားသူမဟုတ်၊ ကျမနှင့် မောင်ရင်းနှမသဖွယ် ရင်းနှီးသူ အစ်ကိုနှင့် အစ်မတို့၏ သားငယ်လေး ဖြစ်သည်။ မီးလောင်ဒဏ်ခံခဲ့ရသည့် သားငယ်မှာ ထိုစဉ်က ယခု မီးလောင်ဒဏ်ခံခဲ့ရသူ ဖူးဖူးလေးနှင့် သက်တူရွယ်တူခန့်သာ ဖြစ်သည်။ ယခုအချိန်တွင် ထိုသားငယ်၏ အသက်မှာ ၁၁ နှစ်ကျော်ခဲ့ပြီ။
လွန်ခဲ့သည့် ၈ နှစ် ဆောင်းတညက မြကျွန်းသာ စားသောက်ဆိုင်တွင် ကျမနှင့် ရင်းနှီးသူ အစ်ကိုတို့ မိသားတစု သူတို့ ငယ်သူငယ်ချင်းများနှင့် ပြန်လည် ဆုံတွေ့သည့် ပွဲတပွဲ ကျင်းပစဉ်က ဖြစ်သည်။ စားသောက်ဆိုင်တွင် မီးတိုင်ကြီးများ ထွန်းညှိ ထားသည်။ လျှပ်စစ်မီးတိုင်များ မဟုတ်ဘဲ ဝါးပိုးလုံးများကို ထိပ်တွင်ခွဲစိတ်၍ ရေနံချေး မီးထုပ်ကြီးများကို ထွန်းညှိကာ တင်ထားခြင်း ဖြစ်သည်။ မိဘများက သူငယ်ချင်းများနှင့် စကားပြောနေစဉ် ကလေးကလည်း ဘာသာဘာဝ ဆော့ကစားနေသည်။ ထိုစဉ် စားပွဲထိုးတဦးက မီးတိုင်တတိုင်ကို တိုက်မိပြီး မီးတိုင်ပေါ်မှ ရေနံချေးမီးထုပ်ကြီး လွင့်စဉ်ကာ ကလေး၏ ရင်ဗတ်ပေါ် တန်းတန်းမတ်မတ် ကျရောက်သွားခဲ့သည်။
ဆောင်းတွင်းဖြစ်သောကြောင့် ရှပ်အကျႌလက်ရှည်ကို ကြယ်သီးအပြည့် တပ်၍ ဝတ်ဆင်ပေးထား ခံရသော ကလေးငယ်၏ ရင်ဗတ်ကို မီးများလောင်ကျွမ်းချိန် ဖခင်ဖြစ်သူက စိုးရိမ်တကြီးဖြင့် အကျႌကို ကြယ်သီးမဖြုတ်မိဘဲ အောက်မှ အထက်သို့ ဆွဲလှန်လိုက်ရာ မီးများက ရင်ဗတ်သာမက မျက်နှာကိုပါ လောင်ကျွမ်းသွားတော့သည်။ မီးငြိမ်းသွားချိန်တွင် ကလေး၏ မျက်နှာ အပါအဝင် ကိုယ် အထက်ပိုင်းတပိုင်းလုံး မီးလောင်ခဲ့ပြီး ဖြစ်နေသည်။
မီးလောင်ဒဏ်ရာများ ပျောက်ကင်းပြီးချိန်တွင် ကလေးမှာ မိမွေးတိုင်း၊ ဖမွေးတိုင်း မဖြစ်နိုင်တော့။ မွေးဖွားစဉ်က ဖြူဖြူတုတ်တုတ် ချောမောလှပ ချစ်စရာကောင်းလှသော သားငယ်လေး၏ မျက်နှာမှာ ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့ပြီ။
ကလေး၏ မိခင်က နာမည်ကြီး ပုဂ္ဂလိက ဆေးခန်းကြီးတခုမှ သူနာပြုဆရာပြု ဆရာမ တဦး ဖြစ်သောကြောင့် မိခင်နှင့် ရင်းနှီးသူ ဆရာဝန်ကြီးများနှင့် စာနာဖေးမသော ဆွေမျိုးသားချင်း၊ မိတ်ဆွေ အပေါင်းအသင်းတချို့၏ အကူအညီဖြင့် ကလေးငယ်ကို အကြိမ်ပေါင်းများစွာ ခွဲစိတ်ခဲ့ကြသည်။ ပေါင်မှာအသားကို ခွဲထုတ်ယူကာ မျက်နှာတွင် အကြိမ်ကြိမ် အစားထိုးခဲ့သဖြင့် ယခု ၁၁ နှစ်အရွယ် သားငယ်၏ မျက်နှာမှာ များစွာ ကြည့်ပျော်ရှုပျော် ဖြစ်ခဲ့ပြီ။ သို့သော် အလုံးစုံ ချောမွတ်ခြင်း ရရှိရန် ဘယ်လောက်ဆက်လက် ခွဲစိတ်ရဦးမည် မသိနိုင်။
ယခု ဖူးဖူးလေး၏ အဖြစ်အပျက်ကို ကြားရတော့ လွန်ခဲ့သည့် ၈ နှစ်ခန့်က သားငယ်၏ အဖြစ်ဆိုးကို ပြန်သတိရကာ ကျမ အစ်ကိုကဲ့သို့ ရင်းနှီးသူ ကလေးအဖေကို ဖုန်းဆက်မေးမြန်းမိသည်။
ခွဲစိတ်မခံမီ မီးလောင် ဒဏ်ရာများ ပျောက်ကင်းရန် ကလေးဆေးရုံတွင် တင်၍ ကုသနေချိန်၌ ရဲများလာရောက်ကာ တရားစွဲ မစွဲ၊ အမှု လုပ်မလုပ် မိခင်၊ ဖခင်တို့ကို မေးမြန်းခဲ့သည်ဟု သိရသည်။ ကလေးအတွက် ရတတ်မအေး ဖြစ်နေချိန်တွင် သားဖြစ်သူ ဝေဒနာ ပျောက်ကင်းရန် တခုကိုသာ အားထုတ်ခဲ့ကြသောကြောင့် အမှုကို ပိတ်ခဲ့သည်ဟု ကလေးအဖေက ကျမကို ပြောပြသည်။ စားသောက်ဆိုင်ဘက်မှ လျော်ကြေး၊ ဂရုဏာကြေး စသည်ဖြင့် တပြားတချပ်မှ မရခဲ့ပါ။
ထိုအဖြစ်အပျက်မှာ အမှန်တကယ် ဖြစ်ပျက်ခဲ့သော်လည်း ကျမ အစ်ကို၊ အစ်မတို့နှင့် ဆွေမျိုးသားချင်း ရင်းနှီးသူ တချို့မှအပ ဘယ်သူမှ မသိလိုက်ကြ။ ထိုစဉ်က ကျမက ဂျာနယ်လစ်တဦးတော့ ဖြစ်နေပြီ၊ သို့သော် ထိုကာလသည် သိတိုင်း ရေး၍ ရသော ကာလမဟုတ်ခဲ့။ မျက်စိနှင့် နား ပွင့်နေသော်လည်း ပါးစပ်ကို ဖွင့်ချင်တိုင်းဖွင့်၍ မရသော ကာလ၊ ဟိုဟာ မထည့်ရ၊ ဒီဟာ မရေးရနှင့် တင်းကျပ်လှသော စစ်အုပ်ချုပ်ရေးလက်အောက် စိစစ်ရေးဖြတ်ရသည့် ဂျာနယ်များတွင် စားသောက်ဆိုင်၌ မီးလောင်ခဲ့ရသော ကလေး၏ သတင်း မပါခဲ့။ ထိုစဉ်က မလွတ်လပ်သော မီဒီယာများနှင့် ရင်းနှီးကျွမ်းဝင်ရန်၊ စကားပြောရန် ထိတ်လန့်သော၊ အကြောက်တရား ကြီးမားသော လူထု၏ အခြေအနေကြောင့်လည်း ထိုသတင်း မကျယ်ပြန့်ခဲ့ခြင်း ဖြစ်နိုင်သည်။ ကျမ အစ်ကိုနှင့် အစ်မသည် ကလေးကို အကြိမ်ကြိမ် ခွဲစိတ် ပြုပြင်နိုင်လောက်အောင်အထိ ငွေကြေး ဖူလုံတောင့်တင်းသူများ မဟုတ်ကြသော်လည်း စာနာတတ်သော မိတ်ဆွေ အပေါင်းအသင်းနှင့် ဆွေမျိုးသားချင်း အဝန်းအဝိုင်း တောင့်တင်း သောကြောင့် သားငယ်ကို မတရားရုပ်ပျက်ဆင်းပျက် ဖြစ်နေသည့် အခြေအနေမှ ဆွဲထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ယခု ဖူးဖူးလေး၏ အဖြစ်ကျတော့ တမျိုးဖြစ်သည်။ သူတို့မိသားစုမှာ ငွေကြေးလည်း မတောင့်တင်း၊ ဆွေမျိုးအသိုင်း အဝန်းလည်း မရှိ၊ ဖူးဖူးလေး၏ ဖခင်ကလည်း ကလေး မီးမလောင်ခင် ကတည်းက နေအိမ်မှ ထွက်သွားလိုက်သည်မှာ ဘယ်ရောက်၍ ဘယ်ပေါက်နေမှန်းမသိ။ ဆေးရုံတွင် တကယ့်ကို မျက်စိသူငယ်၊ နားသူငယ်နှင့် ဖြစ်နေသူများ။ လွန်ခဲ့သည့် ၈ နှစ်က မီးလောင်ခံခဲ့ရသူ သားငယ်ထက် ဆိုးရွားစွာ၊ အချိန်ကြာမြင့်စွာ ဖူးဖူးလေး မီးလောင်ဒဏ် ခံခဲ့ရသည်၊ အသက် မသေဆုံး သည်ကိုပင် ကံကောင်းသည်ဟု ဆိုရမလို ဖြစ်နေသည်။ ငှားရမ်းနေထိုင်သည့် အိမ်ကို စပေါ်တိုးမပေးနိုင် သဖြင့် ဖူးဖူးလေး အပါအဝင် မိခင်နှင့် ကျန်သားသမီး နှစ်ယောက်မှာ နေစရာပင် မရှိတော့။ ဆေးရုံကိုပင် အိမ်လုပ်နေရသည်။ ကလေးကို ဆေးကုဖို့ အသာထား၊ စားစရာပင် မရှိသောကြောင့် မိခင်ဖြစ်သူမှာ ဆေးရုံတွင် ကလေးများကို ထားခဲ့ပြီး အလှူခံ ထွက် ကျွေးမွေးခဲ့ရသည်ဟု သိရသည်။ ဖူးဖူးလေး၏ အစ်ကို အကြီးဆုံးက တနေ့ ကျပ်တထောင်ဖြင့် နေ့စားအလုပ် ဝင်လုပ် နေရသည်။
facebook မကယ်လျှင် ဤမိသားစု၏ အဖြစ်၊ ဖူးဖူးလေး၏ အဖြစ်မှာ တွေးရဲစရာပင် မရှိဟု ဆိုရပေမည်။ facebook တွင် အမှတ်တမဲ့ပဲ ဖြစ်ဖြစ်၊ ရည်ရွယ်၍ပဲဖြစ်ဖြစ် ဤအဖြစ်အပျက်ကို စတင်ပေးလိုက်သူအား ချီးကျူးမိသလို၊ လူသိများ ထင်ရှား သူတို့၏ စေတနာနှင့် လူမှုရေး အသိရှိမှုတို့အတွက် ဖူးဖူးလေး ကိုယ်စား ကျမ ကျေးဇူးတင်မိသည်။ သာမန်လူတယောက်က သွားရောက် လှူဒါန်းသည်ထက်၊ ထင်ရှားသူ အနုပညာရှင် တဦးက လှူဒါန်းလိုက်ခြင်းမှာ ပိုမိုထိရောက်သည်ကို မငြင်းနိုင်ပါ။
ဤ အဖြစ်အပျက် မတိုင်ခင် မြန်မာအများစု အသုံးပြုနေသော facebook စာမျက်နှာများက သတင်းကောင်းထက် သတင်းဆိုးများဖြင့်သာ ကျော်ကြားခဲ့သည်။ အတင်းအဖျင်းများ၊ ကောလာဟလများ၊ ယုတ်ညံ့သည့် ဝေဖန်တိုက်ခိုက်မှုများ၏ ဒဏ်ကို မခံနိုင်သဖြင့် facebook အသုံးပြုမှုမှ ရပ်နားသွားသူများပင် အများအပြား ရှိခဲ့သည်။
ဖူးဖူးလေး၏ အဖြစ်က လူထု မီဒီယာ ကွန်ယက်၏ အကျိုးနှင့် ကောင်းကွက်ကို ညွှန်ပြလိုက်ခြင်းဟု ယူဆသည်။ လွန်ခဲ့သည့် ၈ နှစ်ကသာ လွတ်လပ်သည့် မီဒီယာများ၊ လူမှုကွန်ရက်များ ကျယ်ပြန့်ခဲ့လျှင် ကျမ၏ သားကြီးထက် ၂ နှစ်သာငယ်ပြီး တူအရင်းကဲ့သို့ ချစ်ခင်ရင်းနှီးရသော သားငယ်အတွက် စာနာမှုများနှင့် တရားမျှတမှု တစုံတရာ ရရှိခဲ့လိမ့်မည်ဟု ကျမ တွေးနေမိသည်။ ကျမ တူလေးသာမကဘဲ လူမသိသူမသိ တရားမျှတမှု၊ စာနာမှုများ မခံစားရသူ များစွာ ရှိနေနိုင်ပါ သေးသည်။
အခုတော့ facebook ပေါ်မှ share ဆိုသော ခလုပ်တချက်၏ အားက ဖူးဖူးလေးအတွက် မျှော်လင့်ချက် ရောင်ခြည်သန်းနိုင် ခဲ့ပြီ။
မကြာသေးခင်က facebook ကြောင့်ပင် လူမျိုးရေးဘာသာရေး အမုန်းပွားမှုများ ရှိသင့်သည်ထက် ပိုရှိခဲ့သည်၊ လူလူချင်း ခိုက်ရန် ဖြစ်ပွားလာအောင် facebook ကပင် လှုံ့ဆော်ခဲ့ကြသည်၊ ဆဲဆိုရိုင်းပြမှုများ မြင်မကောင်းအောင် ပွထခဲ့ပြီး အကျိုးဆက် အားဖြင့် နာကျည်းမှုများ၊ ရန်ညှိုးဖွဲ့မှုများ တိုးပွားခဲ့သည်။ ယခု ဖူးဖူးလေး၏ အဖြစ်ကတော့ ထိုအရာများနှင့် ဆန့်ကျင်ဘက် မြင်ရ ကြားရရုံဖြင့် ကြည်နူးအားရဖွယ် ဖြစ်သည်။ facebook သည် အကျိုးရှိရှိ သုံးတတ်လျှင်ဆေးဖြစ်၍၊ မသုံးတတ်ပါက ဘေးဖြစ်နိုင်သည် မဟုတ်ပါလား။ ။