မြန်မာနိုင်ငံနှင့် တောင်ကိုရီယား နိုင်ငံတို့ အနာဂတ်တွင် ၂ နိုင်ငံ ပိုမို ပူးပေါင်း ဆောင်ရွက်ရေးအတွက် တောင်ကိုရီယားနိုင်ငံ၏ ပထမဆုံး အမျိုးသမီး သမ္မတလောင်း မစ္စ ပတ်ဂုန်ဟေး (Ms. Park Geun-hye) နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဆွေးနွေးကြကြောင်း သိရသည်။
“အနာဂတ်မှာ အာရှတိုက်နဲ့ ကမ္ဘာကြီးမှာလို တောင်ကိုရီယားနဲ့ မြန်မာနိုင်ငံတို့ဟာ ပိုပြီး လွတ်လပ်ပျော်ရွှင်မှုတွေ တည်ဆောက်ဖို့ ကျမတို့ အတူလက်တွဲ လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်တယ်” ဟု သမ္မတသစ် မစ္စ ပတ်ဂုံဟေးက ပြောကြောင်း တောင်ကိုရီယား မီဒီယာများက ဖော်ပြသွားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတသစ် မစ္စ ပတ်ဂုံဟေး နှင့် ယနေ့ နေ့လယ် ၁ နာရီခွဲတွင် တွေ့ဆုံရာတွင် မစ္စ ပတ်ဂုံဟေးက ထိုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကလည်း မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ဖော်ဆောင်နေခြင်းသည် မြန်မာသာမက ကမ္ဘာတဝှမ်းမှ လူသားများအတွက်လည်း အကူအညီများ ပေးနိုင်မည်ဟု မျှော်လင့်ကြောင်း တောင်ကိုရီယားသို့ ၅ ရက်တာ ခရီးအဖြစ် အလည်အပတ် ရောက်ရှိနေစဉ် ပြောကြားသည်။
“ကျမတို့ နိုင်ငံတွေရဲ့ ငြိမ်းချမ်းရေးနဲ့ ကြွယ်ဝချမ်းသာရေးတွေအကြောင်း ကျမတို့ ပြောနေတာဟာ ကျမတို့ နိုင်ငံတွေရဲ့ ပြည်သူတွေ အတွက်ချည်း ပြောနေတာ မဟုတ်ပါဘူး။ ကမ္ဘာတဝှန်းက လူသားအားလုံးအတွက်လည်း ပါဝင်ပါတယ်။ မြန်မာနိုင်ငံဟာ ဒီမိုကရေစီ စနစ်ကို အကောင်အထည် ဖော်နေတဲ့ တချိန်တည်းမှာ ကမ္ဘာတလွှား တခြားနေရာတွေက လူတွေကိုလည်း အကူအညီတွေ ပေးနိုင်ဖို့ အခြေအနေကောင်းတွေ ပိုရှိလာမယ်လို့ ကျမတို့လည်း မျှော်လင့်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
သမ္မတသစ် မစ္စ ပတ်ဂုန်ဟေးနှင့် ဒေါ်အောင်ဆန်းစုကြည် တို့၏ ဖခင်များသည် သေနတ်ဖြင့် လုပ်ကြံသတ် ဖြတ်ခံရသည့် နိုင်ငံခေါင်းဆောင်ဟောင်းများ အဖြစ် တူညီသော နောက်ခံ သမိုင်းကြောင်းရှိသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ဖခင် ဗိုလ်ချုပ် အောင်ဆန်းသည် ၁၉၄၇ ခုနှစ်က လုပ်ကြံခံရပြီး မစ္စ ပတ်ဂုန်ဟေး၏ ဖခင် သမ္မတ ပတ်ချုံဟီးသည် ၁၉၇၉ ခုနှစ်က သူ၏ ထောက်လှမ်းရေး အကြီးအကဲ၏ လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရသည်။
“ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီ စံပြပုဂ္ဂိုလ်အဖြစ် တဖက်မှာ ရပ်တည် လှုပ်ရှားနေစဉ်မှာ ပတ် (မစ္စ ပတ်ဂုံဟေး) ကတော့ ကိုရီယားနိုင်ငံ ဒီမိုကရေစီအရေး လှုပ်ရှားမှု မြင်ကွင်းတွေကနေ မိသားစု ကိစ္စကြောင့် ဖယ်ခွာနေရတယ်” ဟု ဆိုးလ်မြို့ ကိုရီယားတက္ကသိုလ် နိုင်ငံရေး သိပ္ပံဌာန ပါမောက္ခ လီရှင်ဟွာက ပြောသည်ကို ဝါရှင်တန် အိတ်ဇမိုင်နာ သတင်းတပုဒ်က ကိုးကားဖော်ပြသည်။
ထို့အပြင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် တောင်ကိုရီယား လက်ရှိ သမ္မတ မစ္စတာ လီမြောင်ဘတ်နှင့်လည်း ယနေ့ နံနက်ပိုင်းက ဆိုးလ်မြို့ အပြာရောင် သမ္မတ အိမ်တော်၌ တွေ့ဆုံကြရာ တောင်ကိုရီးယားနှင့် မြန်မာ ၂ နိုင်ငံ စီးပွားရေး၊ ပညာရေး ဖလှယ်ရေးကိစ္စများ ဆွေးနွေးကြကြောင်း သိရသည်။
“စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေးတို့ဟာ လက်တွဲ ဆောင်ရွက်သွားသင့်တယ်” ဟု သမ္မတ လီ မြောင်ဘတ်က ပြောကြောင်း ၎င်း၏ ကိုယ်ရေးအရာရှိကို ကိုးကား၍ ဆင်ဟွာ သတင်းက ဖော်ပြသည်။
မြန်မာနိုင်ငံသို့ ယမန်နှစ် နိုဝင်ဘာလက လာရောက်စဉ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သူ ကိုရီယား အမျိုးသား လွှတ်တော် အကြီးအကဲနှင့်လည်း ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့သည်။ ထို့နောက် ဆိုးလ် မြို့တော်ဝန် မစ္စတာ ဘတ်ဝန်ဆုန်းနှင့်လည်း တွေ့ဆုံခဲ့သေးသည်။
“ဒီမနက် အစိမ်းရောင်ဖောင်ဒေးရှင်း ဥက္ကဌက ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံပြီး ဒေါ်လာ ၂ သိန်းဖိုးလောက် ရှိတဲ့ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်မီးတွေကို မြန်မာနိုင်ငံမှာ အသုံးပြုဖို့ အကူအညီပေးမယ်ဆိုတဲ့ အကြောင်း ပြောပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည် ကိုရီယားခရီးစဉ် ပူးပေါင်းဆောင်ရွက်မှု ကော်မတီမှ ကိုနေထွန်းနိုင်က ဧရာဝတီသို့ ပြောသည်။
အဆိုပါ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်မီးသည် မြန်မာနိုင်ငံနှင့် ကိုက်ညီပြီး ၄ နာရီကြာ နေရောင်ခြည်ဖြင့် အားသွင်း ထားပြီးလျှင် ၁၀ နာရီခန့်ကြာ အသုံးပြုနိုင်သည့် ဓာတ်မီးမျိုးဖြစ်ကြောင်း သူက ဆက်ရှင်းပြသည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ ၅ ရက်တာ တောင်ကိုရီယားခရီးစဉ် အတွင်း ပြုံချံမြို့တွင် ကျင်းပမည့် အထူး အိုလံပစ် ဖွင့်ပွဲအခမ်းအနားသို့ တောင်ကိုရီယား သမ္မတနှင့်အတူ တက်ရောက်မည်ဟု သိရသည်။
ထို့နောက် ဂွမ်ဂျူးမြို့တွင် ၂၀၀၄ ခုနှစ်က ရရှိခဲ့သည့် ဂွမ်ဂျူး လူ့အခွင့်အရေးဆုကို လက်ခံယူမည်ဖြစ်သည်။ ဂွမ်ဂျူး လူ့အခွင့်အရေးဆုသည် ၁၉၈၀ ပြည့်နှစ်က ဒီမိုကရေစီ လှုပ်ရှားမှုတွင် လုံခြုံရေးတပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရမှုကို ဂုဏ်ပြု၍ နှစ်စဉ် ကမ္ဘာတဝှန်းမှ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများအား ချီးမြှင့်လေ့ရှိသည့် ဆုဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန် ပြည်ထောင်စု ဟာဝိုင်ယီ၊ ဟိုနိုလူလူကျွန်းသို့ ဇန်နဝါရီလ ၂၄ ရက်နေ့က Rotary ကမ္ဘာ့ ငြိမ်းချမ်းရေး ညီလာခံတက်ရောက်ရန် သွားရောက်ခဲ့ပြီး Rotary ငြိမ်းချမ်းရေးဆုကိုလည်း ဇန်နဝါရီလ ၂၆ ရက်နေ့က လက်ခံယူခဲ့သည်။
အမေရိကန် ခရီးစဉ်အတွင်း ဟာဝိုင်ယီ ငြိမ်းချမ်းရေးအဖွ့ဲတခုဖြစ်သော Pillars of Peace အဖွဲ့က ကြီးမှူးကျင်းပသည့် ကျောင်းသူ၊ ကျောင်းသားများနှင့် တွေ့ဆုံပွဲတွင် ကချင်ပြည်နယ် လက်နက်ကိုင် ပဋိပက္ခ များအကြား အရပ်သား ပြည်သူများ ဒုက္ခရောက်နေရမှုအပေါ် ၎င်းတို့ ငြိမ်းချမ်းရေး ရစေရန်အတွက် ပဋိပက္ခများကို စတင်ဖန်တီးခဲ့သူများ အနေဖြင့် သတ္တိရှိရှိ ပြဿနာကို အဆုံးသတ်ရန် လိုအပ်ကြောင်းလည်း ပြောဆိုသွားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဟာဝိုင်အီမှ လေကြောင်းဖြင့် ကိုရီးယားနိုင်ငံသို့ ဆိုးလ်မြို့တော်၊ အင်ချွန်း နိုင်ငံတကာလေဆိပ်သို့ ယမန်နေ့က ဆိုက်ရောက်လာကြောင်း၊ တည်းခိုရာ ဆိုးလ်မြို့ ဂျိုဆောန် ဟိုတယ်သို့ လာရာတွင်လည်း လုံခြုံရေး အထူး တင်းကြပ်ထားသည့်ကြားက စနစ်တကျဖြင့် မြန်မာ တိုင်းရင်းသားများ၊ ကိုရီးယား အခြေစိုက် မြန်မာအဖွဲ့အစည်း အသီးသီးတို့က ရိုးရာဝတ်စုံများဖြင့် ကြိုဆိုခဲ့ကြကြောင်း ကိုနေထွန်းနိုင်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံပွဲကို ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဆိုးလ်မြို့ မာဖိုဂူ အရပ်ရှိ သမ္မတဟောင်း ကင်မ်ဒေးဂျုံး စာကြည့်တိုက်နှင့် ပြတိုက် အဆောက်အဦတွင် ကျင်းပမည် ဖြစ်သည်။
တောင်ကိုရီယားနိုင်ငံတွင် မြန်မာနိုင်ငံမှ ရောက်ရှိလာသူ စုစုပေါင်း ၅ ထောင်ဝန်းကျင်ခန့်ရှိမည်ဟု ခန့်မှန်းကြောင်း ကိုနေထွန်းနိုင်က ပြောသည်။