ဘောလုံးရာသီစရင် ပရိသတ်တွေ စောင့်မျှော်နေတတ်တဲ့ ချန်ပီယံလိဂ်ပွဲစဉ်များ မဲခွဲမှုကို မနေ့က ပြုလုပ်သွားခဲ့ပါပြီ။ ထူးထူးခြားခြားအနေနဲ့ ကိုယ့်နိုင်ငံမှာ လိဂ်ချန်ပီယံတွေဖြစ်တဲ့ ရီးယဲလ်မက်ဒရစ်၊ မန်စီးတီး၊ အိုင်းယက်စ်၊ ဘရော့ရှား ဒေါ့မွန်အသင်းတို့ အုပ်စု (D) မှာ ထိပ်တိုက် တွေ့ဆုံကြတော့မှာဖြစ်ပြီး မရဏအုပ်စုအဖြစ် သတ်မှတ်ခြင်း ခံလိုက်ရပါတယ်။
လက်ရှိချန်ပီယံ ချယ်ဆီးအသင်းကတော့ စီးရီးအေ ချန်ပီယံ ဂျုဗင်တပ်နဲ့ တအုပ်စုထဲကျပြီး ရှက်တာဒိုးနက်၊ အက်ဖ်စီ နော့ဂျာလန် စတဲ့ အသင်းသေးတွေ ပါဝင်လာပါတယ်။ နာမည်ကြီး ဘာစီလိုနာအသင်းက ခြေမာတဲ့ ဘန်ဖီကာ၊ စပါတပ် မော်စကို၊ ဆဲယ်တစ် အသင်းတို့နဲ့ ထိပ်တိုက်တွေ့ဆုံရမှာဖြစ်ပါတယ်။
အင်္ဂလန် အသင်းတွေထဲက မန်ချက်စတာ ယူနိုက်တက် အသင်းကတော့ အုပ်စုချောင်တယ်လို့ ဆိုရမှာဖြစ်ပြီး ဘရာဂါ၊ ဂလက်တာစာရေး၊ ကလက်ချ် စတဲ့ အသင်းတွေနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ အာဆင်ဝင်းဂါးရဲ့ အာဆင်နယ်က ဂျာမန်ကလပ် ရှော်ကေး၊ အိုလံပီယာကော့စ်၊ မွန့်ပယ်လီယားစတဲ့ အသင်းတွေနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ပရိသတ် စိတ်ဝင်စားဆုံး အုပ်စုဖြစ်လာတဲ့ အုပ်စု (D) ကတော့ နာမည်ကြီး နည်းပြတွေဖြစ်တဲ့ မော်ရင်ညိုနဲ့ ရောဘတ်တို မန်ချီနီတို့ရဲ့ အားပြိုင်ပွဲဖြစ်လာနိုင်ပါတယ်။ ရီးယဲလ်မက်ဒရစ် ကစားသမားဟောင်း အီမီလီယိုကတော့ ရီးယဲလ်နဲ့ မန်စီးတီးအသင်းသာ အုပ်စုတက်ဖို့ ရေပန်းစားနေပေမယ့် နောက်တဆင့်တက်ဖို့ အသင်းတိုင်းဟာ အကောင်းဆုံး ခြေစွမ်းမှာရှိနေတာကြောင့် ပရိသတ်တွေ နှစ်ခြိုက်မယ့် ပွဲစဉ်တွေ ဖြစ်လာဖွယ်ရှိကြောင်း ပြောသွားခဲ့ပါတယ်။
မန်စီးတီး အသင်းခေါင်းဆောင် ဗင်းဆင့် ကွန်ပနီကတော့ “ဒီနှစ်လည်း ချန်ပီယံလိဂ်မှာလည်း သက်သက်သာသာနဲ့ အုပ်စုလမ်းတက်ဖို့မမြင်ပြန်ပါဘူး။ ဒါပေမယ့် ပရိတ်သတ်တွေ အတွက်တော့ အကြိုက်တွေ့မယ့် ပွဲစဉ်တွေ ဖြစ်လာမှာပါ” ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။
အုပ်စုပွဲစဉ်တွေကို စက်တင်ဘာ ၁၈၊ ၁၉ ရက်တွေက စတင်ပြီး ဒီဇင်ဘာ ၄၊ ၅ ရက်တွေမှာ အုပ်စုပွဲစဉ်တွေ ပြီးဆုံးမှာ ဖြစ်ပါတယ်။ တချိန်တည်းမှာ ဘာစီလိုနာ ကစားသမား အန်ဒရေ အင်နီယေစတာက ယူအီးအက်ဖ်အေရဲ့ ဥရောပ တနှစ်တာ အကောင်းဆုံး ဘောလုံးသမားဆုကို ရရှိသွားပြီး အသင်းဖော် မက်ဆီ၊ ရီးရဲယ်မက်ဒရစ်မှ ကစားသမား ရော်နယ်ဒိုတို့ကို ဖြတ်ကျော်ကာ ရရှိသွားခဲ့ပါတယ်။ အင်နီယေစတာဟာ ယူရို ၂၀၁၂ တုန်းကလည်း ပြိုင်ပွဲအတွင်း အကောင်းဆုံး ဘောလုံးသမားဆုကို ရရှိခဲ့ဖူးပါတယ်။
ချန်ပီယံလိဂ် အုပ်စုဇယား
အုပ်စု (A) ပေါ်တို၊ ဒိုင်နမိုကီးယပ်၊ ပီအက်စ်ဂျီ၊ ဒိုင်နမို ဇာဂရက်
အုပ်စု (B) အာဆင်နယ်၊ ရှော်ကေး၊ အိုလံပီယာကော့်စ်၊ မွန့်ပယ်လီယား
အုပ်စု (C) အေစီမီလန်၊ ဇင်းနစ်၊ အန်ဒါလက်၊ မာလာဂါ
အုပ်စု (D) ရီးယဲလ်မက်ဒရစ်၊ မန်ချက်စတာစီးတီး၊ အိုင်းယက်စ်၊ ဘရော့ရှား ဒေါ့မွန်
အုပ်စု (E) ချယ်ဆီး၊ ရှက်တာဒိုးနက်၊ ဂျုဗင်တပ်၊ အက်ဖ်စီ နော့ဂျာလန်
အုပ်စု (F) ဘိုင်ယန်မြူးနစ်၊ ဗလင်စီယာ၊ လိုင်လီ၊ ဘိတ် ဘိုရီဆော့
အုပ်စု (G) ဘာစီလိုနာ၊ ဘန်ဖီကာ၊ စပါတပ် မော်စကို၊ ဆဲယ်တစ်
အုပ်စု (H) မန်ချက်စတာ ယူနိုက်တက်၊ ဘရာဂါ၊ ဂလက်တာစာရေး၊ ကလက်ချ်
Source: BBC