စက်တင်ဘာ ၁၁ ရက်နေ့ ညနေ က ရန်ကုန်မြို ့ရှိ သုဝဏ္ဏအားကစားကွင်းမှာ ဆူဇူးကီး ဖလားအတွက် ပြင်ဆင်နေတဲ့ မြန်မာလက်ရွေးစင် အသင်း နှင့် စင်ကာပူ လက်ရွေးစင် အသင်းတို့ချစ်ကြည်ရေး ခြေစမ်းပွဲစဉ်အဖြစ် ကစားခဲ့ကြပါတယ်။ မြန်မာအသင်းဟာ ဒေးဗစ်ထန် ရဲ့ နောက်ကျချေပဂိုး နဲ့အိမ်ကွင်းပရိသတ်ကို နှစ်သိမ့်ပေးနိုင်ခဲ့ပြီး ပွဲဟာ သူတပြန် ကိုယ်တပြန် ကြည့်ကောင်းပါတယ်။
မြန်မာအသင်း (ဂိုး) သီဟစည်သူ ၊ ဇော်မင်းထွန်း၊ အောင်သိုက်၊ ရန်အောင်ကျော်၊ ခင်မောင်လွင်၊ ပိုင်စိုး၊ ကျော်ဇေယျာဝင်း၊ ဒေးဗစ်ထန်၊ ရဲဇော်ထက်အောင်၊ မင်းမင်းသူ၊ ကောင်းစည်သူတို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ပွဲမတိုင်ခင်မှာ မြန်မာအသင်း နည်းပြချုပ် ပတ်ဆောင်ဟွာက အဓိက ကစားသမားတွေဖြစ်တဲ့ ကြည်လင်း၊ ရန်အောင်ဝင်း၊ ကျော်ကိုကို၊ သိန်းသန်းဝင်း၊ ရန်ပိုင်တို့ ပါဝင် ကစားနိုင်မှာ မဟုတ်ဘူး ဟု ပြောခဲ့ပေမဲ့ မနေ့ကတော့ ကြည်လင်းကို ဒုတိယပိုင်း မှာ ခဏ ဝင်ကစားခိုင်းပါတယ်။
နှစ်သင်းလုံး ဟာ ဆူဇူးကီး ဖလားပွဲမှာ အောင်ပွဲဆင်နိုင်ဖို့ကြိုးပမ်းနေတဲ့ အသင်းတွေ ဖြစ်ပြီး ဧည့်သည်အသင်းဖြစ်တဲ့ စင်ကာပူ အသင်းက ဒုတိယ ပိုင်းအစ မှာ အဖွင့်ဂိုးရရှိခဲ့ပါတယ်။ စင်ကာပူ ကစားသမား အဂူး ကက်စမာ မြန်မာအသင်း ညာနောက်ခံလူ ရန်အောင်ဝင်း ရဲ့ နောက်ပြန်ပေးဘောကို အခွင့်ကောင်းယူပြီး ဂိုးသွင်းယူခဲ့တာကြောင့် ဂိုးသမား သီဟစည်သူ မကာနိုင်ဘဲ ဂိုးပေးလိုက်ရပါတယ်။ ဒိနောက် မြန်မာအသင်းဟာ ချေပဂိုး ပြန်ရဖို့တိုက်စစ်တင် ကစားခဲ့ပြီး ၁၀ မိနစ်အကြာ မှာတော့ ဒေးဗစ်ထန် က မြန်မာ အသင်းအတွက် ချေပဂိုး ကို လှလှပပ သွင်းယူပေးခဲ့ပါတယ်။
စင်ကာပူ နောက်ခံကစားသမား ရှယ်ဖူး ကတော့ ချေပဂိုး ပေးခံရပြီး ၅ မိနစ်အကြာမှာ ဖျက်တာကြမ်းလို့ ဒုတိယ အဝါကတ်နဲ့ အထုတ်ခံခဲ့ပါတယ်။ မြန်မာ အသင်းဟာ လက်ကျန် ၄ မိနစ်မှာ ဆက်လက် အားတင် ကစားပေးမယ့် ဂိုးမသွင်းနိုင်တော့ပဲ သရေနဲ့ ပွဲဟာ ပြီးဆုံးခဲ့ရပါတယ်။ ယခင်အပတ် က ဖိလစ်ပိုင် အသင်း နဲ့ခြေစစ်ပွဲမှာ ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ စင်ကာပူ အသင်းရဲ့ နည်းပြ ရက်ဒီ အက်ဗရာမိုဗစ် ကတော့ သူ့အသင်းခြေစွမ်းကို ကျေနပ်ကြောင်း ပွဲအပြီး ဆိုသွားခဲ့ပါတယ်။
“နှစ်သင်းစလုံး ကစားတာ ကောင်းပါတယ်။ ပထမပိုင်းမှာ ကျနော်တို့ စီးထားနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ မြန်မာအသင်းက ပြန်လည် စိုးမိုးနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ စင်ကာပူ အသင်း ရဲ့ ကစားသမား တချို့ ပင်ပန်း နွမ်းနယ်နေတာ တွေ့ရပါတယ်။ ဂိုးရရှိဖို့ရုန်းကန်နေရတုန်း ဆိုပေမယ့် အခွင့်အရေးတွေ ဖန်တီးနိုင်တာတွေ့ရတာ ကျေနပ်မိပါတယ်” လို့ မီဒီယာတွေကို ရက်ဒီ အက်ဗရာမိုဗစ်က ပြောပါတယ်။
စင်ကာပူ အသင်းဟာ ဆူဇူးကီး ဖလားပြိုင်ပွဲမှာ အုပ်စု(ဘီ) မှာ ပါဝင်နေပြီး မလေးရှား ၊ အင်ဒိုနီးရှား နဲ့ ခြေစစ်ပွဲမှ ဒုတိယ အဆင့်ဖြင့်တက်ရောက်လာတဲ့အသင်းတွေနဲ့ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ မြန်မာအသင်းကတော့ အောက်တိုဘာ လ အတွင်း ရန်ကုန်မှာ ခြေစစ်ပွဲကန်ရမှာဖြစ်ပြီး ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ အရှေ့တီမော အသင်းတို့နဲ့ ယှဉ်ပြိုင်ရအုံးမှာဖြစ်ပါတယ်။