ယခုအပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေထဲမှာတော့ အသင်းကြီးတွေ ထိပ်တိုက်တွေ့ဆုံမှုအဖြစ် စူပါဆန်းဒေးမှာ လီဗာပူး-မန်ယူ၊ မန်စီးတီး-အာဆင်နယ်ပွဲစဉ်တို့ ကစားခဲ့ကြပြီး စနေနေ့ ပွဲစဉ်မှာတော့ ချယ်ဆီးအသင်းက စတုတ်ကို ၁-၀ ဂိုးမရှိနဲ့ ပွတ်ကာသီကာ အနိုင်ရရှိခဲ့ပါတယ်။
အငြင်းပွားဖွယ် ရလဒ်တွေကြားထဲက အနိုင်ရသွားတဲ့ မန်ယူ
လီဗာပူး ၁ – ၂ မန်ယူ
ယခုတပတ်ရဲ့ ဥရောပမှာ အကြီးကျယ်ဆုံးပွဲဖြစ်တဲ့ ဒီပွဲစဉ်မစခင်မှာ ၁၉၈၉ က ဟေးဘရော့ ဖြစ်ရပ်ဆိုးမှာ သေဆုံးခဲ့သူ ၉၆ ဦးအတွက် အသင်းခေါင်းဆောင် ၂ ဦးက ပူဖောင်းတွေ အတူတူလွှတ်တင်ခဲ့သလို နှစ်ဘက်အသင်းမှ ပရိသတ်များကလည်း ကွင်းထဲမှာ တဦးကိုတဦး လေးစားမှုပြသခဲ့ကြပါတယ်။
လီဗာပူး အသင်းမှာ (ဂိုး) ရီနာ၊ ကယ်လီ၊ စကာတယ်၊ အက်ဂါ၊ ဂျွန်ဆင်၊ အဲလန်၊ ဂျာရတ်၊ ရှယ်ဗီ၊ စတာလင်၊ ဘိုရီနီ၊ ဆွာရက်စ်တို့ ပွဲထွက်လာပြီး အရန်မှာ လူငယ်ကစားသမား ဆူဆို၊ ဟန်ဒါဆင်၊ ဆာဟင်၊ အက်ဆိုက်ဒီတို့ ပါဝင်လာခဲ့ကြပါတယ်။
မန်ယူအသင်းကတော့ (ဂိုး) လင်ဒီဂတ်၊ ရာဖယ်၊ ဖာဒီနန်၊ အီဗန်၊ အီဗရာ၊ ဗလင်စီယာ၊ ကာရစ်၊ ဂစ်၊ နာနီ၊ ကာဂါဝါ၊ ဗန်ပါစီ တို့ ပါဝင်လာပြီး အရန်မှာ ဝဲဘက်၊ ချီချာရီတို၊ ပေါလ်စခိုးလ်တို့ ပါဝင်ခဲ့ကြပါတယ်။
ပွဲစတာနဲ့ နှစ်ဖက်အသင်းဟာ ဘောလုံး ကိုင်နိုင်ဖို့ကြိုးစားခဲ့ပြီး ပထမပိုင်းမှာ လီဗာပူးအသင်းက ဘောလုံးပိုင်ဆိုင်မှု ၆၃၊ မန်ယူအသင်းက ၃၇ သာရှိခဲ့ကာ လစ်ဗာပူးအသင်းက တရစပ် တိုက်စစ်ဆင်တာကို တွေ့ခဲ့ရပါတယ်။ ပွဲချိန် ၃၉ မိနစ်မှာတော့ ဒီပွဲရဲ့ အပြောင်းအလဲအဖြစ် လီဗာပူး ကွင်းလယ်လူ ရှယ်ဗီနဲ့ မန်ယူနောက်တန်းလူ အီဗန်တို့နှစ်ဦးစလုံး ခြေစုံပစ်ဝင်ရာမှာ ဒိုင်လူကြီး ဟေဆယ်က ရှယ်ဗီကို အနီကတ်ပြခဲ့တာကြောင့် လီဗာပူးအသင်းဟာ ပွဲပြီးတဲ့အထိ ၁၀ ယောက်တည်းနဲ့ ကစားဖို့ အကြောင်းဖန်လာပါတယ်။
ဒုတိယပိုင်း ပွဲပြန်စချိန်မှာ လီဗာပူးအသင်းက ဘိုရီနီအစား အသက် ၁၈ နှစ် စပိန်လူငယ် ဆူဆိုကို ပရီးမီးယားလိဂ်မှာ ပထမဆုံးအနေနဲ့ ထည့်ကစားစေခဲ့သလို မန်ယူကလည်း နာနီအစား ပေါစခိုးလ်ကိုထည့်ပြီး ကစားစေခဲ့ပါတယ်။ လူစားဝင်ရောက်လာတဲ့ ဆူဆိုရဲ့ ဖန်တီးပေးမှုကြောင့် မန်ယူအသင်းမှ ကစားသမားတွေပြာပြီး ဘောလုံးဖျက်တာကနေ ဂိုးဧရိယာအတွင်း ဝဲကျလာတဲ့ဘောလုံးကို ဂျာရတ်က ရင်ဘတ်ဖြင့်ထိန်းကာ မြေမကျဘဲ ဘယ်ခြေထောက်နဲ့ ကန်သွားရာမှာ မန်ယူဂိုးသမား မည့်သို့မျှမတတ်နိုင်ဘဲ ဂိုးပေးလိုက်ရပါတယ်။ ပွဲဟာ ပိုအကြိတ်အနယ်ရှိလာပြီး ၅၃ မိနစ်မှာ ဘရာဇီး နောက်ခံလူ ရာဖေးလ်က မန်ယူအသင်းအတွက် ချေပဂိုးကို ဘယ်ခြေထောက်နဲ့ လှလှပပ သွင်းယူခဲ့တာကြောင့် မန်ယူအသင်း ချေပဂိုးရရှိခဲ့ပါတယ်။
လီဗာပူး အသင်းဟာ တရပ်စပ် တိုက်စစ်ဆင်ခဲ့ပြီး အခွင့်အရေးတွေ ရခဲ့ပေမယ့် ဆွာရက်စ် ဧရိယာအတွင်း ဖြတ်ထုတ်ခံရတဲ့ ဘောလုံးကို မသိကျိုးကျွန် ပြုနေခဲ့တာကြောင့် လီဗာပူးအသင်းဟာ ပယ်နတီရမယ့် အခွင့်အရေးကို ဆုံးရှုံးခဲ့ပါတယ်။ မိနစ် ၈၀ မှာတော့ ဗလင်စီယာ ဂိုးဧရိယာအတွင်း ပြေးဆွဲကာ အရှိန်လွန်ပြီး လဲကျရာကနေ မန်ယူကို အသင်းကို ပယ်နတီ ပေးခဲ့တာကြောင်း အန်ဖီးကွင်းအတွင်း ပိုမိုဆူညံခဲ့ပါတယ်။ ဒီ ပယ်နတီကို ဗန်ပါစီက သွင်းယူပေးသွားပြီး မန်ယူအသင်းအတွက် အန်ဖီးကွင်းမှာ အနိုင်မရရှိတာ ၆ နှစ်ကြာတဲ့ စံချိန်ကို ချိုးဖျက်နိုင်ခဲ့ပါတယ်။
ပွဲအပြီး သတင်းထောက်တွေက လစ်ဗာပူး မန်နေဂျာ ရော့ဂျားစ်ကို မေးမြန်းရာမှာတော့ ကျနော်တို့ကစားသမားတွေ အထူးကြိုးစားခဲ့သလို တဖက်အသင်းကိုလည်း ဖိထားနိုင်ခဲ့ပါတယ်။ ရှယ်ဗီရဲ့ပြစ်ဒဏ်ဘောဟာ အနီဆိုလျှင် အီဗန်ရဲ့ ခြေစုံပစ်ဝင်မှုဟာလည်း အနီထိသင့်ပါတယ်။ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တွေဟာ မေးခွန်းထုတ်စရာတွေ ဖြစ်ခဲ့ပါတယ်ဆိုပြီး ပြောကြားသွားခဲ့ပါတယ်။
မန်ယူနည်းပြ ဖာဂူဆန်ကတော့ ကျနော်တို့အသင်း ကစားပုံ ညံ့ဖျင်းခဲ့ကြောင်း၊ ပထမပိုင်းမှာ ကစားတဲ့ လစ်ဗာပူးအသင်းဟာ မန်ယူအသင်းကွင်းလယ်ကို စိုးမိုးထားကြောင်းနဲ့ အနီကတ်နဲ့ပတ်သတ်ပြီး ဘာမှမပြောကြားလိုကြောင်း ပြောဆိုသွားခဲ့ပါတယ်။
စကိုင်းစပေါ့ အားကစား ရုပ်သံမေးမြန်းခန်းမှာတော့ စပါးနည်းပြဟောင်း ရက်နက်နဲ့ မန်ယူ ကစားသမားဟောင်း ဂယ်ရီနဲဗေးလ် တို့က လီဗာပူးအသင်းရဲ့ အနိုင် ၃ မှတ်ကို ဒိုင်လူကြီးက ရိုက်ချိုးပစ်ခဲ့ကြောင်း ပြောကြားခဲ့ကာ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သတ်ပြီး မေးခွန်းထုတ်သွားခဲ့ပါတယ်။
နောက်ကျဂိုးနဲ့ ချန်ပီယံ ဆီက ၁ မှတ် ခွဲယူသွားတဲ့ ရှုံးပွဲမရှိ အာဆင်နယ်
မန်စီးတီး ၁ – ၁ အာဆင်နယ်
ယခုနှစ်ရာသီမှာ ရှုံးပွဲမရှိသေးတဲ့ နှစ်သင်းကို ပြပါဆိုရင် မန်စီးတီးနဲ့ အာဆင်နယ်တို့ပဲ ဖြစ်ပါလိမ့်မယ်။ ယခုပွဲ သရေကျတာကြောင့် သရေ ပွဲ ၃ ပွဲကျပြီး မန်စီးတီးအသင်းဟာ အမှတ်တွေ နစ်နာခဲ့ရပါတယ်။ အာဆင်နယ် အသင်းကတော့ မန်စီးတီးအသင်းထံမှ ၁ မှတ်ရယူနိုင်ခဲ့တာဟာ နောက်ပွဲတွေအတွက် ပိုပြီး အားတက်လာစေမှာ အမှန်ပါ။ အိမ်ရှင် မန်စီးတီး အသင်းဟာ (ဂိုး) ဟတ်၊ ကွန်ပနနီ၊ ဇာဘလက်တာ၊ လက်စကော့၊ ကလစ်ချီ၊ ဆင်ကလဲယား၊ ဂါစီယား၊ ဆေးဗား၊ တိုရေး၊ ဂျက်ကို၊ အဂူရိုတို့နဲ့ ပွဲထွက်လာပြီး အရန်မှာတော့ တေးဗက်စ်၊ ဘာလော့တယ်လီ၊ ရော့ဝယ်၊ ဘယ်ရီတို့ ပါဝင်လာခဲ့ပါတယ်။
အာဆင်နယ် အသင်းကတော့ (ဂိုး) မာနှုန်း၊ မာတီဆက်ကာ၊ ကိုစီယန်နီ၊ ဂျန်ကင်ဆန်၊ ဂစ်၊ ဒီယာဘီ၊ အာတီတာ၊ ရမ်ဆေး၊ ကာဇိုလာ၊ ပိုဒေါစကီး၊ ဂါဗင်ဟိုတို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ အရန်မှာတော့ ဝယ်ကော့၊ ချိန်ဘာလိန်၊ ဂျီးရော့စတဲ့ ကစားသမားတွေ ပါဝင်လာခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ယခုပွဲမှာ ကစားပုံ ကောင်းမွန်ခဲ့ပြီး အိမ်ရှင် အသင်းဘက်ကို တချိန်လုံး တိုက်စစ်ဆင် ကစားနိုင်ခဲ့တာကို တွေ့ရပါတယ်။ အထူးသဖြင့် ဂါဗင်ဟို အခွင့်အရေး တော်တော်များများ ရခဲ့ပြီး အသုံးမချနိုင်ခဲ့တာကြောင့် အာဆင်နယ်အသင်းအတွက် နစ်နာခဲ့ရပါတယ်။ အဖွင့်ဂိုးကိုတော့ မထင်မှတ်ဘဲ အဖိခံနေရတဲ့ မန်စီးတီးအသင်းက ကော်နာကနေ လက်စကော့က ခေါင်းတိုက်ဂိုး သွင်းယူသွားတာကြောင့် မိနစ် ၄၀ မှာ ဦးဆောင်ဂိုး ရရှိသွားခဲ့ပါတယ်။
ဒုတိယပိုင်းပြန်အစမှာ မန်စီးတီးအသင်းက ဆင်ကလဲယားကို ထုတ်ပြီး ကွင်းလယ်မှာ ဖျက်ဖို့ ရော့ဝယ်ကို ထည့်ကစားစေခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ပိုမိုတိုက်စစ်ဆင် ကစားလာပြီး စပိန်ကွင်းလယ်လူ ကာဇိုလာကို မထိန်းနိုင်တာကြောင့် မန်စီးတီး နောက်ခံလူတွေ အလုပ်ရှုပ်နေခဲ့ရပါတယ်။ မိနစ် ၈၀ လောက်မှာတော့ ကာဇိုလာ ဂိုးစည်းထိပ်ကနေ ကန်တဲ့အလုံးက ဂျိုးဟတ် ပုတ်ထုတ်နိုင်လိုက်တာကြောင့် ကော်နာ ရပါတယ်။ အဆိုပါ ကော်နာ ဘောမှတဆင့် မန်စီးတီး ဧရိယာအတွင်း ရှုပ်နေတဲ့ကြားမှာ ကိုစီယန်နီက အပြင်းကန်သွင်းယူပြီး အာဆင်နယ်အသင်းအတွက် အဖိုးတန်ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။
ပြိုင်ပွဲအပြီးမှာတော့ အာဆင်ဝင်းဂါးက ရရှိသင့်တဲ့ ဂိုးတွေမရရှိပေမယ့် မန်စီးတီးကွင်းမှာ ၁ မှတ်ရယူနိုင်ခဲ့ကြောင့် ဝမ်းသာမိကြောင်း ပြောဆိုသွားခဲ့ပါတယ်။
ပရီးမီးယားလိဂ် ပွဲစဉ် (၅) ရလဒ်များ
ဆွမ်ဆီး ၀ – ၃ အဲဗာတန်
ချယ်ဆီး ၁ – ၀ စတုတ်
ဆောက်သမ်ပတန် ၄ – ၁ အက်စတွန်ဗီလာ
ဝက်ဘရွန်း ၁ – ၀ ရီးဒင်း
ဝက်စ်ဟမ်း ၁ – ၁ ဆန်းဒါးလန်း
ဝီဂန် ၁ – ၂ ဖူဟမ်
လီဗာပူး ၁ – ၂ မန်ယူ
နယူးကာဆယ် ၁ – ၀ နော်ဝစ်
မန်စီးတီး ၁ – ၁ အာဆင်နယ်
တော့တမ်ဟမ် ၂ – ၁ ကျုပီအာ