ဆူဇူကီး ဖလားအတွက် ခြေစစ်ပွဲဝင်နေတဲ့ မြန်မာလက်ရွေးစင် အသင်းဟာ မနေ့က တီမောအသင်းနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ပြီး တောင်ပံကစားသမား ကြည်လင်းရဲ့ ဂိုးတွေနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ပတ်ဆောင်ဟွာရဲ့ မြန်မာအသင်း ပွဲထွက်လူစာရင်းဟာ ဘရူနိုင်းနဲ့တုန်းက ပွဲအတိုင်း ပွဲထွက်လာပြီး နောက်တန်းမှာ မိုးဝင်းတယောက် အပြောင်းအလဲအနေနဲ့ ပါလာခဲ့တာကို တွေ့ရပါတယ်။ ရန်ပိုင်၊ ကျော်ကိုကို စတဲ့ နာမည်ကြီး တိုက်စစ်မှူးများကတော့ ဒဏ်ရာကြောင့် ယခုခြေစစ်ပွဲစဉ် လူစာရင်းမှာတောင် ပါဝင်လာခဲ့ခြင်းမရှိပဲ နိုဝင်ဘာမှာပြုလုပ်မယ့် ဆူဇူကီးဖလား နောက်ဆုံးအဆင့်မှာတော့ ပါဝင်လာဖွယ်ရှိကြောင်း သိရပါတယ်။
ဂိုး – သီဟစည်သူ
နောက် – ရန်အောင်ဝင်း၊ မိုးဝင်း၊ ဇော်မင်းထွန်း၊ သိန်းသန်းဝင်း
လယ် – ကြည်လင်း၊ ရာဇာဝင်းသိန်း၊ ရန်အောင်ကျော်၊ ကျော်ဇေယျာဝင်း၊ ဒေးဗစ်ထန်၊
ရှေ့ – ကောင်းစည်သူ
မြန်မာအသင်းဟာ ပထမပိုင်းမှာ တဖက်အသင်းကို အသာစီးနဲ့ ကစားနိုင်ခဲ့ပြီး ကစားရှိန်ကို မနားတမ်း မြှင့်ကစားခဲ့ပါတယ်။ ၃၈ မိနစ်မှာတော့ ဒေးဗစ်ထန်ရဲ့ ကော်နာ ဖြတ်တင်ဘောကို ကြည်လင်းက ခေါင်းတိုက် သွင်းယူပေးတာကြောင့် အိမ်ရှင်ပရိတ်သတ်တွေရဲ့ အသံဟာ ဆူညံလို့ နေခဲ့ပါတယ်။
ဒုတိယပိုင်း ပြန်အစမှာတော့ မြန်မာအသင်း ကစားကွက်တည်နေချိန်မှာ တီမောအသင်းက အတင်းထိုးဖောက်ပြီး အဲလန် လီယန်ဒရိုက ချေပဂိုးသွင်းယူသွားတာကြောင့် မြန်မာအသင်းဟာ ခြေစစ်ပွဲအောင်ဖို့ ပိုပြီး ရုန်းကန်ခဲ့ရပါတယ်။ မြန်မာ အသင်းဟာ ချေပဂိုးရဖို့ ပြန်လည်ကြိုးစားခဲ့ပြီး ၇၃ မိနစ်မှာတော့ လူကျွံထောင်ချောက်ကနေ လွတ်ထွက်လာတဲ့ ဘောလုံးကို ကြည်လင်းက အသာအယာထိန်းက ဂိုးသမားရဲ့ ဘယ်ဘက်ထောင့်ကျဉ်းထဲကို ကန်သွင်းပြီး မြန်မာအသင်းအတွက် အနိုင်ဂိုး သွင်းယူပေးခဲ့ပါတယ်။
မြန်မာ အသင်းဟာ ဒီပွဲအနိုင်ရရှိတာကြောင့် ၂ ပွဲ ကစား ၂ ပွဲ နိုင်နဲ့ ၆ မှတ်ရရှိနေပြီး အုပ်စုကနေတက်ဖို့ အခြေအနေ အကောင်းဆုံး ဖြစ်လျက်ရှိပါတယ်။
မြန်မာအသင်းဟာ ယခု ပွဲစဉ်မှာ နောက်တန်းကို အဓိက လုံအောင်ကစားသွားခဲ့ပြီး ပြီးခဲ့တဲ့ ဘရူနိုင်းနဲ့ ပွဲစဉ်တုန်းက အမှားအယွင်းများခဲ့တဲ့ နောက်တန်းမှာ မိုးဝင်း ဝင်ကစားပြီး တဖက်အသင်းမှ တိုက်စစ်မှူးကောင်းတွေဖြစ်တဲ့ အဲလန်နဲ့ မူရီလိုတို့ကို ထိန်းကစားဖို့ မြန်မာနည်းပြ ပတ်ဆောင်ဟွာက အစီအစဉ်ဆွဲခဲ့တာ အလုပ်ဖြစ်သွားပါတယ်။
မြန်မာအသင်းဟာ နောက်ဆုံး ၂ ပွဲမှာ ကမ္ဘောဒီးယားအသင်း၊ လာအိုအသင်းတို့နဲ့ ဆက်လက်ယှဉ်ပြိုင်ဖို့ ရှိပြီး အုပ်စု ပထမနဲ့ ခြေစစ်ပွဲအောင်ဖို့အခြေအနေကောင်းနေပြီ ဖြစ်ပါတယ်။
Source: affsuzukicup.com