စပိန် ဘောလုံးကလပ်တွေထဲမှာ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံးဖြစ်တဲ့ ဘာကာနဲ့ ရီးယဲလ် အသင်းတို့ရဲ့ ပွဲစဉ်မှာ မက်ဆီနဲ့ စီ ရော်နယ်ဒိုတို့က ၂ ဂိုးစီအပြိုင်သွင်းကြပြီး ဘာကာကွင်း နူးကမ့်မှာ သရေပွဲ ဖြစ်သွားခဲ့ပါတယ်။
ဘာကာ အသင်းဟာ (ဂိုး) ဗောဒက်စ်၊ အဲဗက်စ်၊ မာရှေရာနို၊ အက်ဒရီယာနို၊ ယောဒီအယ်ဗာ၊ ဇာဗီ၊ ဘက်စကွက်၊ ဖာဘရီဂက်စ်၊ ပက်ဒရို၊ မက်ဆီ၊ အင်နယေစတာ တို့နဲ့ ပွဲထွက်လာခဲ့ပြီး ဒုတိယပိုင်းမှာ မွန်တိုယာနဲ့ ဆန်းချက်စ်တို့ ပါဝင်ကစားခဲ့ပါတယ်။
မော်ရင်ညိုရဲ့ ရီးယဲလ် အသင်းကတော့ (ဂိုး) ကာဆီးလက်၊ အာဘယ်လိုအာ၊ ပီပီ၊ ရာမိုစ့်၊ မာဆယ်လို၊ ခက်ဒီရာ၊ အလွန်ဆို၊ အိုဇေးလ်၊ ရော်နယ်ဒို၊ ဒီမာရီယာ၊ ဘန်ဇီမာတို့နဲ့ ပွဲထွက်လာခဲ့ပြီး လူစားလဲအနေနဲ့ ဟီဂူအင်၊ ကာကာ၊ အက်ဆီယန်တို့ ပါဝင်ကစားခဲ့ပါတယ်။
အခုပွဲမှာ ဗွေဆော်ဦး ဂိုးရသွားတာက အိမ်ရှင် ဘာကာ မဟုတ်ဘဲ ဧည့်သည်အသင်းဖြစ်တဲ့ ရီးယဲလ် အသင်းမှာ ရော်နယ်ဒိုက ၂၃ မိနစ်မှာ အဖွင့်ဂိုး သွင်းယူပြီး ဘာကာနဲ့တွေ့တိုင်း ဂိုးသွင်းယူတဲ့စံချိန်ကို ဆက်ထိန်းသွားပါတယ်။
နောက်ထပ် ၂ မိနစ်အကြာမှာ ဘန်ဇီမာရဲ့ ကန်ချက်ဟာ တိုင်ထိ ထွက်သွားတာကြောင့် ရီးယဲလ်အသင်း နစ်နာခဲ့ရပြီး သိပ်မကြာခင်မှာပဲ မက်ဆီက ချေပဂိုး သွင်းယူပေးသွားပြီး ပထမပိုင်းမှာ သရေကျနေခဲ့ပါတယ်။
ဒုတိယပိုင်း ပြန်အစမှာတော့ ဘာကာအသင်းပဲ နောက်တဂိုးရသွားပြီး ၆၁ မိနစ်မှာ မက်ဆီက ဖရီးကစ်ကနေတဆင့် လှလှပပ ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒီဂိုးဟာ ယခုရာသီအတွက် မက်ဆီရဲ့ ၁၀ ဂိုးမြောက်ဖြစ်ပါတယ်။
ရီးယဲလ်အသင်းကလည်း ချေပဂိုး ပေးလိုက်ရတာကြောင့် ပြန်လည်တိုက်စစ်ဆင် ကစားလာခဲ့ပြီး နှစ်ဖက်အသင်းစလုံးက ကစားသမားတွေဖြစ်တဲ့ ပက်ဒရို၊ ဘက်စကွက်၊ အလွန်ဆို၊ အာဘယ်လိုအာ၊ ပီပီ၊ အိုဇေးလ်တို့ဟာ အဝါကတ်ပြ သတိပေးခံခဲ့ရပါတယ်။ မက်ဆီ ဂိုးသွင်းပြီး ၅ မိနစ် အကြာမှာတော့ ရော်နယ်ဒိုက အိုဇေးလ်ရဲ့ ဘောလုံးပေးပို့မှုကို ကောင်းကောင်း အသုံးချပြီး ချေပဂိုး သွင်းယူပေးခဲ့ပါတယ်။
နှစ်သင်းစလုံးဟာ အနိုင်ရရှိဖို့အကြိတ်အနယ် ကစားသွားပြီး ရီးရဲယ်အသင်းကလည်း တိုက်စစ် အားဖြည့်တဲ့အနေနဲ့ ကာကာ၊ ဟီဂူအင်တို့ကို ထည့်ပြီး ကစားစေသလို ဘာကာအသင်းနည်းပြ တီတိုကလည်း ဆန်းချက်စ်ကိုထည့်ပြီး ရီးယဲလ် နောက်တန်းကို အလုပ်ရှုပ်စေခဲ့ပါတယ်။ မိနစ် ၉၀ ပြည့်ချိန်မှာတော့ နှစ်သင်းစလုံးဟာ ဂိုးထပ်မသွင်းနိုင်တော့ပဲ ပွဲဟာ ၂-၂ နဲ့သာ ပြီးဆုံးသွားခဲ့ပါတယ်။
ရီးယဲလ်မက်ဒရစ် ကစားသမား စီရော်နယ်ဒိုဟာ ရီးယဲလ်အသင်းအတွက် ၂၀၀၉ က စတင်ပြီးကစားခဲ့ရာ ယခုပွဲစဉ်အပြီးမှာ ၁၅၅ ပွဲကစားပြီး ဂိုးပေါင်း ၁၆၀ သွင်းယူနိုင်ခဲ့သလို မက်ဆီကလည်း ၁၅၅ ပွဲမှာ ၁၆၉ ဂိုး သွင်းယူထားနိုင်တဲ့ စံချိန်ကို ရယူထားကြပါတယ်။ ဘာကာနဲ့ ရီးယဲလ်အသင်းတို့ရဲ့ ပွဲစဉ်ဟာ ယခုတပတ်အတွက် အကောင်းဆုံး ဘောလုံးပွဲအဖြစ် သတ်မှတ်ခံခဲ့ရသလို ဘောလုံးပရိသတ်တွေ စိတ်ကျေနပ်မှု အပြည့်ရစေမယ့် ပွဲစဉ်ဖြစ်ခဲ့ပါတယ်။
Source: bbc.co.uk, espnstar.com