ကမ္ဘာ့အမြန်ဆုံးလူသားလို့ နာမည်ကြီးတဲ့ အပြေးသမား အူစိန်ဘော့တ်က ဘရာဇီးနိုင်ငံ၊ ရီယိုမြို့မှာကျင်းပမယ့် ၂၀၁၆ အိုလံပစ် ပြိုင်ပွဲမှာ မီတာ ၁၀၀၊ ၂၀၀ ပြိုင်ပွဲတွေမှာ ထပ်မံပြီး ရွှေတံဆိပ်ဆုရအောင် ကြိုးပမ်းသွားမယ်လို့ ကြုံးဝါးလိုက်ပါတယ်။
ဂျမေကာလူမျိုးဖြစ်တဲ့ ဘော့တ်ဟာ မကြာမီက ပြီးစီးသွားခဲ့တဲ့ လန်ဒန် အိုလံပစ်ပွဲစဉ်မှာ မီတာ ၁၀၀၊ ၂၀၀ ဆုတွေကို ၂၀၀၈ ဘေဂျင်းအိုလံပစ်ကအတိုင်း ရွှေတံဆိပ်တွေ ဆက်လက်ဆွတ်ခူးနိုင်ခဲ့သလို 4×100 (၄ ယောက်x ၁၀၀ ) လက်ဆင့်ကမ်း ပြိုင်ပွဲမှာလည်း ရွှေတံဆိပ်ဆု ထပ်မံရရှိထားပါတယ်။ ဘော့တ်က “ပြိုင်ပွဲ ၃ မျိုးပဲ ဝင်ဖို့ စိတ်ကူးထားပါတယ်။ တခြားကွဲပြားတဲ့ ပြိုင်ပွဲတွေကို ယှဉ်ပြိုင်ဖို့ စိတ်ကူးမရှိပါဘူး။ ကျနော် ဆုရထားတဲ့ ပြိုင်ပွဲတွေမှာ ရွှေတံဆိပ်ဆု ပြန်ရဖို့ ကြိုးစားသွားမှာဖြစ်ပြီး ကမ္ဘာ့ပရိသတ်တွေကို ကျနော် ဘာလုပ်နိုင်လဲဆိုတာ ပြသချင်ပါတယ်” ဆိုပြီး ဖွင့်ဟပြောဆိုခဲ့ပါတယ်။
လက်ရှိအချိန်မှာ အသက် ၂၆ နှစ်ရှိပြီဖြစ်တဲ့ ဘော့တ်ဟာ မီတာ ၁၀၀၊ ၂၀၀ စတဲ့ ပြိုင်ပွဲတွေမှာ ကမ္ဘာ့စံချိန် တင်ထားတဲ့သူ ဖြစ်ပါတယ်။ လာမယ့်နှစ် မော်စကိုမှာ ပြုလုပ်မယ့် ကမ္ဘာ့ပြေးခုန်ပစ် ပြိုင်ပွဲမှာလည်း ဒီထက့်ပိုပြီး အပြေးမြန်အောင် ကြိုးပမ်းနေတယ်လို့ ဘော့ထ်က ဆိုပါတယ်။
ဆက်လက်ပြီး ဘော့တ်က “ကျနော်အမြဲပဲ ကြိုးစားနေဖို့ လိုပါတယ်။ ကျနော် အသက်ငယ်တုန်းက အကောင်းဆုံး လုပ်နိုင်ခဲ့သလို လူတွေကလည်း ကျနော့်အသက်အရွယ်နဲ့ အလွန်မြန်တယ်လို့ ပြောခဲ့ကြတယ်။ အခုကျေတော့လည်း ကျနော်ဟာ စီနီယာ ဖြစ်လာပြီမို့ ရှိပြီးသားအရည်အချင်း မကျအောင်ပိုပြီး ကြိုးစားနေရပါတယ်။ ကျနော့်ကို ကျနော် အတင်းတွန်းအားပေးပြီး ကြိုးစားသွားမှာဖြစ်သလို အောင်မြင်မှုတွေ ဆက်ထိန်းထားဖို့ အာရုံစိုက်ထားပါတယ်။ တနှစ်ထက့် တနှစ် ပိုပြီးမြန်အောင် ပြေးနိုင်ဖို့က ကျနော့်ရဲ့ ရည်မှန်းချက်” ပါ ဆိုပြီး ပြောသွားခဲ့ပါတယ်။
ဘော့တ်ဟာ အိုလံပစ်ပြိုင်ပွဲတွေမှာ နှစ်ကြိမ်ဆက်တိုက် ရွှေတံဆိပ်ဆု ရယူနိုင်တဲ့ ပထမဦးဆုံးသော အပြေးသမားဖြစ်လာခဲ့ပြီး နောက်ဆုံးအကြိမ် ကျင်းပခဲ့တဲ့ လန်ဒန် အိုလံပစ်ပွဲစဉ်မှာ ၁၉.၃၂ စက္ကန့်နဲ့ မီတာ ၂၀၀ ကို ပန်းဝင်ထားပြီး မီတာ ၁၀၀ မှာတော့ ၉.၆၃ စက္ကန့်နဲ့ ပန်းဝင်ထားတဲ့ အပြေးသမား ဖြစ်ပါတယ်။
Source: BBC