ပြီးခဲ့တဲ့ စနေနေ့ ညနေပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏ လူငယ်လေ့ကျင့်ရေးကွင်းမှာ ကစားခဲ့တဲ့ မြန်မာနဲ့ လာအိုအသင်းတို့ရဲ့ ခြေစစ်ပွဲစဉ်မှာ နှစ်ဖက်စလုံး ဂိုးမသွင်းနိုင်ဘဲ သရေ ရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။ ဒါပေမယ့် မြန်မာအသင်းဟာ အရင်ကစားခဲ့တဲ့ ၃ ပွဲမှာ ၃ ပွဲစလုံး အနိုင်ရရှိထားပြီး အခု သရေပွဲအပါအဝင် ရမှတ် (၁၀) မှတ်နဲ့ ခြေစစ်ပွဲအုပ်စုဇယား ထိပ်ဆုံးကနေ အောင်မြင်သွားခဲ့ပါတယ်။
မြန်မာအသင်းဟာ ဘရူနိုင်း၊ တီမော၊ ကမ္ဘောဒီးယားတို့ကို အနိုင်ရရှိထားခဲ့တာ ဖြစ်ပါတယ်။ လာအိုအသင်းကတော့ ခြေစစ်ပွဲအောင်ဖို့ မျှော်လင့်ချက်အနည်းငယ်ရှိခဲ့ပြီး တဖက်ပွဲစဉ်မှာ တီမောအသင်းက မထင်မှတ်ဘဲ ဘရူနိုင်းအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် လာအို အသင်းဟာ အုပ်စု ဒုတိယနဲ့ မြန်မာအသင်းနောက်ကနေ ခြေစစ်ပွဲအောင်ခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲနိုင်ရင် လာအိုအသင်းဟာ အုပ်စုတက်ဖို့ မျှော်လင့်ချက် ရှိတာကြောင့် အားကုန်ကစားခဲ့ပြီး မြန်မာ ဂိုးပေါက်ကို မကြာခဏ ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ လာအိုအသင်းမှ ကစားသမား အများစုဟာ ထိုင်းလိဂ်မှာ ကစားနေသူတွေ ပါဝင်တာကြောင့် မြန်မာအသင်းနဲ့ ကောင်းကောင်း ယှဉ်ကစားနိုင်တာကို တွေ့ရပါတယ်။
ပထမပိုင်းအစမှာ တိုက်စစ်မှူးတွေ ဒဏ်ရာရနေတဲ့ပြဿနာကြောင့် ရှေ့တက်ကစားနေတဲ့ ကြည်လင်း အပိုင်အခွင့်အရေး ရခဲ့ပေမယ့် လာအို ဂိုးသမား ဆန်ပါချန်ရဲ့ ခြေထောက်နဲ့ထိပြီး ဂိုးရဖို့အခွင့်အရေး လွဲချော်ခဲ့ရပါတယ်။ ၂၆ မိနစ်မှာတော့ ခင်မောင်လွင် လွတ်လွတ်ကျွတ်ကျွတ် ကန်ခွင့်ရပေမယ့် လာအို နောက်တန်းရဲ့ ဖျက်ထုတ်ခြင်းကို ခံခဲ့ရပါတယ်။
ဒုတိယပိုင်းမှာ လာအိုအသင်းရဲ့ တိုက်စစ်မှာ ပိုမိုကောင်းမွန်လာပြီး မြန်မာ ဂိုးသမား သီဟစည်သူ ကောင်း၍သာ မြန်မာအသင်း ဂိုးမပေးရဘဲ ရှိနေခဲ့တာဖြစ်ပါတယ်။ ၇၅ မိနစ်မှာ မြန်မာအသင်းမှ ညီညီမင်း ဝင်ကစားခဲ့ပြီး ယခုပွဲဟာ သူရဲ့ ဆူဇူးကီး ခြေစစ်ပွဲစဉ်တလျှောက် ပထမဆုံး ကန်ရတဲ့ပွဲဖြစ်ပါတယ်။ ပွဲပြီးခါနီးမှာ လာအိုအသင်းက ပိုမိုဖိကစားလာခဲ့ပြီး နာကျင်အချိန်ပိုမှာ လာအိုအသင်းက ကန်ဖန်းရဲ့ကန်ချက်ကို မြန်မာ ဂိုးသမား သီဟစည်သူက လှလှပပ ကာကွယ်နိုင်ခဲ့ပါတယ်။
မြန်မာအသင်းဟာ အုပ်စု ပထမအနေနဲ့ခြေစစ်ပွဲ အောင်မြင်သွားခဲ့တာကြောင့် လာမယ့် နိုဝင်ဘာလမှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြိုမှာ ကျင်းပမယ့်အုပ်စု (A) ထဲ ပါဝင်နေပြီး အိမ်ရှင် ထိုင်း၊ ဗီယက်နမ်၊ ဖီလစ်ပိုင်တို့နဲ့ ထိပ်တိုက် ရင်ဆိုင်ကစားရတော့မှာ ဖြစ်ပါတယ်။
ပွဲအပြီးမှာ “မြန်မာအသင်းနည်းပြ ပတ်ဆောင်ဟွာက ဒီနေ့ပွဲဟာ ကျနော်တို့အတွက် အလွန်ခက်ခဲခဲ့ပါတယ်။ ရာသီဥတုဟာ အလွန်ပူပြင်းခဲ့ပြီး ကစားသမားတွေဟာ ထင်သလောက် ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။ ဒါပေမယ့် ကျနော်တို့အသင်းခြေစစ်ပွဲ ပထမ နေရာကနေ အောင်မြင်တဲ့အတွက် ဝမ်းသာမိသလို ကစားသမားတွေအတွက်လည်း ဂုဏ်ယူမိပါတယ်” ဆိုပြီး ပြောဆိုခဲ့ပါတယ်။
Source: AFF