မှော်ဆန်တဲ့ ချန်ပီယံလိဂ် ညတွေဟာ ဘောလုံးပရိသတ်ကြီးကို ရသမျိုးစုံ ပေးစွမ်းနိုင်စွမ်း ရှိနေဆဲဆိုတာ မနေ့ည ချန်ပီယံလိဂ်ပွဲစဉ်တွေက သက်သေပါပဲ။ မရဏအုပ်စုလို့နာမည်ကြီးတဲ့ အုပ်စု (ဒီ) မှာ ရီးယဲလ်မက်ဒရစ်က ဒေါ့မွန်အသင်းကို အရေးနိမ့်ခဲ့သလို ချန်ပီယံလိဂ်သမိုင်းမှာ ပထမဦးဆုံးအကြိမ် အုပ်စုတက်ဖို့ ကြိုးစားနေတဲ့ မန်စီးတီးအသင်းဟာလည်း အိုင်းယက်စ်အသင်းရဲ့ ကွင်းမှာ ဂိုးပြတ်ရံှူးးနိမ့်ခဲ့ရပါတယ်။ အလားတူ အခြားအုပ်စုမှာ အာဆင်နယ် အသင်းဟာလည်း အိမ်ကွင်း ၂၀၀၃ ခုနစ်နောက်ပိုင်း ပထမဦးဆုံးအကြိမ်အဖြစ် ရံှူးပွဲတွေ့သွားပြီး ဂျာမန်ကလပ် ရှော်ကေးအသင်းကို အရေးနိမ့်ခဲ့ပါတယ်။ နောက်ထပ် အသင်းကြီးဖြစ်တဲ့ အေစီမီလန်အသင်းဟာလည်း အဝေးကွင်းမှာ မာလာဂါအသင်းကို ရံှူးနိမ့်ခဲ့ပြီး အသင်းကြီးတွေ ရံှူးပွဲကြုံတဲ့ည ဖြစ်ခဲ့ရပါတယ်။
ချန်ပီယံလိဂ် အိပ်မက်ဆိုးတွေမက်ဆဲဖြစ်တဲ့ မန်စီးတီး
အိုင်းယက်စ် ၃ – ၁ မန်စီးတီး
ရော်ဘတ်တို မန်ချီနီရဲ့ မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်မှာ ရလဒ်ကောင်းတွေ ရနေပေမယ့် ချန်ပီယံလိဂ်ကို သယ်ဆောင်နိုင်ခြင်းနိုင်မရှိဘဲ အုပ်စုထွက်ရမယ့်ကိန်း ကြုံနေရပြန်ပြီဖြစ်ပါတယ်။
ဟော်လန်လိဂ်ချန်ပီယံ အိုင်းယက်စ်အသင်းမှာ အဲရစ်ဆန်၊ လူးခ်ဒီဂျွန်၊ ဘာဘယ် စတဲ့ နာမည်ကြီးကစားသမားတွေ ပါဝင်ခဲ့ပြီး မန်စီးတီးအသင်းကလည်း ဂိုးမြူးနေတဲ့ ဂျက်ကိုက အဂူရိုနဲ့ပွဲထွက်လာခဲ့ပြီး နာစရီ၊ တိုရေးတို့အုပ်စုနဲ့လူစုံခဲ့ပါတယ်။ ပွဲအစ ၂၂ မိနစ်မှာတင် နာစရီက အဖွင့်ဂိုး သွင်းယူခဲ့လို့ မန်စီးတီး ပရိသတ်တွေ ပျော်ခဲ့ရပေမယ့် အိုင်းယက်စ်အသင်းက တည်တည်ငြိမ်ငြိမ်နဲ့မန်စီးတီး အသင်းကို ဖိအားပေးကစားခဲ့ပါတယ်။
ပထမပိုင်းပြီးခါနီးမှာ ဟော်လန်အသင်းရဲ့ အနာဂတ် တိုက်စစ်မှူးလို့နာမည်ကြီးနေတဲ့ လူးခ်ဒီဂျွန်က ချေပဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ၂ သင်းစလုံး နိုင်ပွဲရဖို့အရှိန်တင် ကစားပေမယ့် ဂိုးရသွားတာက အိမ်ရှင် အိုင်းယက်စ် ဖြစ်နေခဲ့ပါတယ်။ ၅၅ မိနစ်မှာ မွိုင်ဆန်ဒါက ဦးဆောင်ဂိုး သွင်းယူပေးပြီး ၆၈ မိနစ်မှာ ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆန်က အသင်းအတွက် တတိယ ဂိုးကို သွင်းယူပေးပြီး မန်စီးတီးအသင်းကို ချန်ပီယံလိဂ် အိမ်မက်ဆိုးတွေ မက်စေခဲ့ပါတယ်။
ထူးထူးခြားခြား အနေနဲ့ကတော့ အိုင်းယက်စ်အသင်းရဲ့နိုင်ပွဲဟာ ဟော်လန်မြေမှာ ၂၂ နှစ်အတွင်း အင်္ဂလိပ်ကလပ်အသင်းကို ပထမဦးဆုံး နိုင်ပွဲပြန်ရတဲ့ပွဲ ဖြစ်ခဲ့ပါတယ်။ ဒီပွဲအရံှူးကြောင့် ဖိအားတွေဝင်လာတဲ့ ရောဘတ်တို မန်ချီနီ ဘယ်လိုတုံ့ပြန်မလဲဆိုတာ စောင့်ကြည့်ရပါတော့မယ်။
တပတ်အတွင်း ရံှူးပွဲ ၂ ပွဲ ဆက်သွားတဲ့ အာဆင်နယ်
အာဆင်နယ် ၀ – ၂ ရှော်ကေး
ပထမ ပွဲစဉ် ၂ ပွဲ မှာ ၆ မှတ်အပြည့် ယူထားနိုင်တဲ့ အာဆင်နယ်အသင်းဟာ မထင်မှတ်ဘဲ အိမ်ကွင်းမှာ ရံှူးပွဲကြုံခဲ့ရပါတယ်။ အရင်အပတ် စနေနေ့က နော်ဝစ်အသင်းကို ရံှူးနိမ့်ခဲ့ရတဲ့ အာဆင်နယ်အသင်းရဲ့ ကစားသမားတွေ မောပန်းနေပုံရပြီး လုံလောက်တဲ့ တိုက်စစ်ဆင်မှုမျိုး မလုပ်နိုင်ခဲ့တာကြောင့် တဖက်အသင်းရဲ့ ဂိုးတွေသွင်းယူခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ အိမ်ကွင်းမှာ အနိုင်ရဖို့ လူစာရင်းအပြည့်နဲ့ပွဲထွက်လာခဲ့ပြီး ကာဇိုလာ၊ ပိုဒေါစကီး၊ ဂါဗင်ဟိုတို့တွေ ပွဲထွက်လာခဲ့ပါတယ်။ ရှော်ကေးအသင်းကတော့ ဟန်တယ်လာ၊ ဖာဖန်နဲ့ဘာစီလိုနာကနေ အငှားလာကစားနေတဲ့ အယ်ဖယ်လိုင်းတို့ပါဝင်ကစားခဲ့ပြီး ခြေစွမ်းပြခဲ့ပါတယ်။ နှစ်သင်းစလုံးဟာ ကျွမ်းကျင်တဲ့ ကစားသမားတွေ များတာကြောင့် ကွင်းလယ်မှာ ထိန်းကစားဖို့ကြိုးစား ကစားခဲ့ကြပြီး ပထမပိုင်းမှာ ဂိုးမရှိ သရေဖြစ်နေခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ တိုက်စစ်ဆင်ဖို့ ရုန်းကန်ခဲ့ရပြီး အထူးသဖြင့် ဘယ်တောင်ပံကစားတဲ့ ဆန်းတိုစ့်ဖက်နေ ဘောလုံးခဏခဏ ကျွံထွက်တာကြောင့် ရှော်ကေးအသင်းရဲ့ တောင်ပံတိုက်စစ်တွေကို ထိန်းဖို့သာ အချိန်ကုန်ခဲ့ရပါတယ်။ ရှော်ကေးအသင်းအတွက် ဂိုးတွေကိုတော့ ဟန်တယ်လာက ၇၆ မိနစ်၊ အယ်ဖယ်လိုင်း ၈၆ မိနစ်မှာတခါ ဆက်တိုက်သွင်းယူပေးခဲ့ပြီး အဖိုးတန်တဲ့ အဝေးကွင်း ၃ မှတ် ရယူနိုင်ခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ အုပ်စုပွဲတွေဖြစ်တဲ့ အိမ်ကွင်းပွဲစဉ်တွေမှာ ၂၀၀၃ ခုနစ်က အင်တာမီလန်အသင်းကို ၃ ဂိုးပြတ်နဲ ရံှူးနိမ့်ပြီးကတည်းက ရံှူးပွဲမရှိဘဲ ၉ နှစ်အကြာမှာ ပထမဦးဆုံးအကြိမ် အိမ်ကွင်းရံှူးပွဲ ပြန်လည်ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းရဲ့ လက်ထောက်မန်နေဂျာ စတိဗ်ဘိုးလ်ကတော့ အာဆင်နယ်အသင်းရဲ့ ခြေစွမ်းနဲ့ပတ်သတ်ပြီး ဝေဖန်ပြောကြားခဲ့သလို နိုင်ငံတကာ ခြေစစ်ပွဲစဉ်တွေပြီးကတည်းက ကစားသမားအများစုဟာ ပင်ပန်းနေပုံရပြီး ပုံမှန်ခြေစွမ်း ပြန်ရဖို့ရုန်းကန်နေရတယ်လို့ငြီးတွားခဲ့ပါတယ်။
ချန်ပီယံလိဂ်ပွဲစဉ်ရလဒ်များ
အုပ်စု (A)
ဒိုင်နမိုဇာဂရက် ၀ – ၂ ပီအက်စ်ဂျီ
ပေါ်တို ၃ – ၂ ဒိုင်နမိုဇာဂရက်
အုပ်စု (B)
အာဆင်နယ် ၀ – ၂ ရှော်ကေး
မွန့်ပယ်လီယေး ၁ – ၂ အိုလံပီယာကော့စ်
အုပ်စု (C)
ဇင်းနစ် – အန်ဒါလက်ချ်
မာလာဂါ – အေစီမီလန်
အုပ်စု (D)
အိုင်းယက်စ် ၃ – ၁ မန်စီးတီး
ဒေါ့မွန် ၂ – ၁ ရီးရဲယ်မက်ဒရစ်