ယခုတပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာတော့ ဇယားထိပ်မှာ အပြောင်းအလဲတွေ ရှိခဲ့ပါတယ်။ ပြိုင်ပွဲစကတည်းက ယခုအချိန်အထိ ဇယားထိပ်မှာ ဦးဆောင်နေခဲ့တဲ့ ချယ်ဆီးအသင်းဟာ ယခုတပတ်မှာ ဆွမ်းဆီးကို သရေကျပြီး ဇယားထိပ်မှာ ဦးဆောင်ခွင့်ကို မန်ယူအား ပေးလိုက်ရသလို လက်ရှိချန်ပီယံ မန်စီးတီးအသင်းကလည်း ဝက်စ်ဟမ်း အသင်းကို သရေကျခဲ့ပြန်ပါတယ်။ မန်ယူအသင်းကတော့ အာဆင်နယ်အသင်းကို အနိုင်ကစားပြီး ဇယားထိပ်ကို တက်လှမ်းနိုင်ခဲ့သလို လစ်ဗာပူးအသင်းက ဂျာရတ်ရဲ့ပွဲ ၆၀၀ ပြည့်မှာ နယူးကာဆယ်အသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့ပြီး သရေနဲ့သာ ကျေနပ်လိုက်ရပါတယ်။
အသင်းဟောင်းနဲ့ပွဲမှာ ဂိုးသွင်းခြေစွမ်းပြတဲ့ ဗန်ပါစီ
မန်ယူ ၂ – ၁ အာဆင်နယ်
ရော်ဘင် ဗန်ပါစီရဲ့ ဂိုးသွင်းခြေစွမ်းပြမှုတွေဟာ အာဆင်နယ်အသင်းရဲ့ ယခုနှစ် လိုအပ်ချက်ဖြစ်နေတယ်ဆိုရင် မမှားနိုင်ပါဘူး။ နွေရာသီတုန်းကမှ အာဆင်နယ် အသင်းကနေ ပြိုင်ဘက် မန်ယူအသင်းကို ပြောင်းခဲ့ပေမယ့် လက်ရှိအချိန်မှာ ၁၀ ဂိုး သွင်းယူထားပြီးပါပြီ။
မန်ယူအသင်းရဲ့ လူစာရင်းကတော့ (ဂိုး) ဒီဂီယာ၊ ရာဖေးလ်၊ အီဗရာ၊ ဖာဒီနန်၊ အီဗန်၊ ဗလင်စီယာ၊ ကာရစ်၊ ယန်း၊ ကလေဗာလေ၊ ရွန်းနီ၊ ဗန်ပါစီတို့နဲ့ ပွဲထွက်လာခဲ့ပြီး အရန်မှာတော့ နာနီ၊ စခိုးလ်၊ အန်ဒါဆင်၊ ချီချာရီတိုတို့ ပါဝင်ခဲ့ပါတယ်။
အာဆင်နယ်အသင်းရဲ့ လူစာရင်းကတော့ (ဂိုး) မန်နှုန်း၊ ဆက်ညာ၊ မာတီဆက်ကာ၊ ဗာမယ်လန်၊ ဆန်းတို့စ်၊ အာတီတာ၊ ဝယ်လ်ရှိုင်းယား၊ ရမ်ဆေး၊ ကာဇိုလာ၊ ပိုဒေါစကီး၊ ဂျီးရော့ဒ်တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့တပတ်က ခြေစွမ်းပြနေခဲ့တဲ့ ဝဲလ်ကော့ကတော့ အရန်မှာသာ ပါဝင်ခဲ့ပြီး ဒုတိယပိုင်းမှာ ဝင်ဆော့သွားခဲ့ပါတယ်။
ပွဲဟာ အသင်းကြီး ၂ သင်း ထိပ်တိုက်တွေ့တာကြောင့် ပွဲစတာနဲ့ ကစားရှိန်တင်ပြီး ကစားတာကို တွေ့ရပါတယ်။ ပွဲအစ ၃ မိနစ်မှာ မန်ယူ ညာနောက်ခံလူ ဆွဲပြေးလာပြီး ဖြတ်တင်ရာမှာ ဗာမယ်လန် ဖျက်ထုတ်တာ မသေသပ်တာကို အခွင့်ကောင်းယူပြီး အသင့်နေရာယူထားတဲ့ ဗန်ပါစီက သူ့ရဲ့ညာခြေနဲ့ ဂိုးထောင့်ထဲကို လှမ်းကန်ကာ မန်ယူ အသင်းအတွက် အဖွင့်ဂိုး သွင်းယူခဲ့ပါတယ်။ ဗန်ပါစီဟာ သူရဲ့အသင်းဟောင်း အာဆင်နယ် အသင်းဖြစ်တာကြောင့် အောင်ပွဲမခံခဲ့ဘဲ အသင်းဟောင်းကို လေးစားသမှုရှိကြောင်း ပြသခဲ့ပါတယ်။
မန်ယူ အသင်းဟာ အိမ်ရှင်ပီပီ ပွဲကို စိုးမိုးထားခဲ့ပြီး ပထမ ပိုင်းပြီးခါနီးမှာ အက်ရှလေယန်းရဲ့ ဖြတ်တင်ဘောကို ကာဇိုလာ လက်နဲ့ကာသလို ဖြစ်တာကြောင့် မန်ယူအသင်း ပယ်နတီရပါတယ်။ ဒီပယ်နတီကို ရွန်းနီ ကန်သွင်းရာမှာ ဂိုးပေါက် မတည့်တာကြောင့် ပထမပိုင်းမှာ ၂ ဂိုးနဲ့ ဦးဆောင်ခွင့် လွဲချော်ခဲ့ရပါတယ်။
ဒုတိယပိုင်းမှာတော့ အာဆင်နယ်အသင်းဟာ ဒဏ်ရာရရှိသွားတဲ့ ရမ်ဆေး အစား ဝဲလ်ကော့ကို ထည့်ကစားပြီး တိုက်စစ်ပိုင်းမှာ ပိုမို လှုပ်ရှားနိုင်လာပါတယ်။ ဒါပေမယ့် ဒုတိယ ဦးဆောင်ဂိုး ရသွားကတော့ မန်ယူအသင်းဖြစ်ပြီး ၆၇ မိနစ်မှာ ရွန်းနီ လှမ်းတင်ပေးလိုက်တဲ့ ဘောလုံးကနေ အသင်းခေါင်းဆောင် အီဗရာက လွတ်လွတ်ကျွတေ်ကျွတ် ခေါင်းတိုက်ပြီး ဒုတိယဂိုး သွင်းယူပေးခဲ့ပါတယ်။ အာဆင်နယ်အသင်းအတွက် နှစ်သိမ့်ဂိုးကိုတော့ ပွဲပြီးခါနီးမှာ ကာဇိုလာက လှလှပပ သွင်းယူပေးခဲ့ပြီး ပွဲဟာ ၂-၁ ဂိုးနဲ့ ပြီးဆုံးခဲ့ပါတယ်။
အရင်နှစ်က ၈-၂ နဲ့ မန်ယူအသင်းကို ရလဒ်ကြီးကြီးမားမား ရှုံးနိမ့်ထားတဲ့ အာဆင်နယ်အသင်းဟာ ဝယ်လ်ရှိုင်းယား အထုတ်ခံခဲ့ရပေမယ့် ကွင်းလယ်မှာ အတင်းဖျက်ကစားပြီး ဂိုးပြတ်ရှုံးနိမ့်မယ့် အခြေအနေကနေ လွတ်မြောက်ခဲ့ပါတယ်။ ဒီပွဲရဲ့ စူပါစတားဖြစ်ခဲ့တဲ့ ဗန်ပါစီကတော့ စံချိန်သစ်တခု တင်နိုင်ခဲ့ပြီး အဲဒါကတော့ ပရီးမီးယားလိဂ်မှာ အသင်းတိုင်းကို ဂိုးသွင်းထားနိုင်တဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။
ဆွာရက်စ်ရဲ့ ချေပဂိုးနဲ့ အန်ဖီးမှာ သရေကျခဲ့တဲ့ လစ်ဗာပူး
လစ်ဗာပူး ၁ – ၁ နယူးကာဆယ်
လစ်ဗာပူး အသင်းခေါင်းဆောင် ဂျာရတ်ရဲ့ ပွဲ ၆၀၀ မြောက်မှာ ဆွာရက်စ်ရဲ့ ချေပဂိုးနဲ့ လစ်ဗာပူးအသင်းဟာ နယူးကာဆယ်နဲ့ သရေကျခဲ့ပါတယ်။
လစ်ဗာပူး အသင်းမှာ (ဂိုး) ဂျုန်းစ်၊ ဝစ်ဒမ်၊ စကာတယ်၊ အက်ဂါ၊ အန်နရစ်ကေး၊ ဆာဟင်၊ ဂျာရတ်၊ အဲလန်၊ စတာလင်၊ ဆွာရက်စ်၊ ဆူဆိုတို့နဲ့ပွဲထွက်လာခဲ့ပါတယ်။
နယူးကာဆယ် အသင်းမှာတော့ (ဂိုး) ကရူးလ်၊ ကိုလော့ချီနီ၊ ဆန်တန်၊ ပါချ့်၊ တေလာ၊ ကာဘာယီ၊ အန်နီတာ၊ ဘန်အာဖာ၊ ဂူတီယာရက်စ်၊ ဆစ်စီတို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။
လစ်ဗာပူးအသင်းဟာ နည်းပြ ရော့ဂျားစ်ရဲ့ ပုံစံအတိုင်း ဘောလုံးကိုင်ကစားဖို့ကြိုးစားခဲ့ပြီး ပွဲအစ ၁၅ မိနစ်မှာ နယူးကာဆယ် အသင်းကို တရစပ် တိုက်စစ်ဆင်ခဲ့ပေမယ့် ဂိုးမရခဲ့ဘဲ နယူးကာဆယ် အသင်းရဲ့ ဝါရင့် ကွင်းလယ် လူတွေကြောင့် ထင်သလောက် မပေါက်ဘဲ ဖြစ်ခဲ့ပါတယ်။ ဂိုးသွင်းခွင့်တွေ ရရှိပေမယ့် ဂိုးအဖြစ် မပြောင်းလဲနိုင်တဲ့ လစ်ဗာပူးဟာ ၄၃ မိနစ်မှာ ကောင်တာကနေ ဂိုးပေးလိုက်ရပြီး ပြင်သစ် ကွင်းလယ်လူ ကာဘာယီရဲ့ ဂိုးဟာ အင်မတန် သေသပ်လှပခဲ့ပါတယ်။
ဒုတိယပိုင်းမှာ လစ်ဗာပူးအသင်းဟာ ချေပဂိုး ရဖို့ ပိုမိုကြိုးစားလာခဲ့ပြီး ဂိုးသွင်းခွင့်တွေ ရရှိပေမယ့် ဂိုးသမား ကရူးလ် ကောင်းနေတာကြောင့် အရာမထင်ဘဲ ဖြစ်နေခဲ့ပါတယ်။ ၆၇ မိနစ်မှာတော့ အန်နရစ်ကေးက အဝေးကနေ လှမ်းတင်ပေးလိုက်တဲ့ ဘောလုံးကို ဆွာရက်စ်က ကိုလော့ချီနီနဲ့ယှဉ်ပြေးရင်း ရင်ဘတ်နဲ့ အသာထိန်းကာ ဂိုးသမားကို လိမ်ခေါက်ပြီး သွင်းယူတာကြောင့် လစ်ဗာပူးအသင်း ချေပဂိုးရရှိခဲ့ပါတယ်။ ဒီဂိုးဟာ ဆွာရက်စ်အတွက် ဒီရာသီ မှာ ပရီးမီးယားလိဂ် ၇ ဂိုးမြောက် ဖြစ်ပါတယ်။ လစ်ဗာပူးအသင်းဟာ ဒေါင်းနင်း၊ ရှယ်ဗီတို့ကို ထည့်ကစားစေပေမယ့် သိသိသာသာ မထူးခြားခဲ့သလို စတာလင်နဲ့ဆွာရက်စ် ၂ ယောက်တည်းသာ လစ်ဗာပူး တိုက်စစ်ကို ဖော်နေခဲ့ရပါတယ်။
၈၄ မိနစ်မှာတော့ ဆွာရက်စ်ကို ဖျက်တာကြမ်းတယ်ဆိုပြီး ကိုလော့ချီနီက အနီ ထွက်သွားတာကြောင့် လက်ကျန် ၁၀ မိနစ်လောက်ကို နယူးကာဆယ် အသင်းက ၁၀ ယောက်တည်းနဲ့ကစားခဲ့ရပါတယ်။ ပွဲအပြီးမှာတော့ ၂ ဖက်အသင်းစလုံး ဂိုးမသွင်းနိုင်တော့ဘဲ သရေနဲ့သာ ပြီးဆုံးခဲ့ပါတယ်။
ပရီးမီးယားလိဂ် ပွဲစဉ် (၁၀) ရလဒ်များ
ဝက်စ်ဟမ်း ၀ – ၀ မန်စီးတီး
ဖူဟမ် ၂ – ၂ အဲဗာတွန်
နော်ဝစ် ၁ – ၀ စတုတ်
ဆန်းဒါးလန်း ၀ – ၁ အက်စတွန်ဗီလာ
ဆွမ်းဆီး ၁ – ၁ ချယ်ဆီး
တော့တမ်ဟမ် ၀ – ၁ ဝီဂန်
မန်ယူ ၂ – ၁ အာဆင်နယ်
လစ်ဗာပူး ၁ – ၁ နယူးကာဆယ်
ကျူပီအာ ၁ – ၁ ရီးဒင်း
ကိုးကား – BBC