ချယ်လ်ဆီး ၈ – ၀ အက်စတွန်ဗီလာ
ပြီးခဲ့တဲ့တပတ်က ကမ္ဘာ့ကလပ်များဖလား ချန်ပီယံလုပွဲ ဖိုင်နယ်ပွဲစဉ်မှာ ရှုံးနိမ့်လာခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ ကာလင်းဖလားမှာ လိဒ်ယူနိုက်တက်ကို ဂိုးပြတ်အနိုင်ရရှိအပြီး ပရီးမီးယားလိဂ် ရက်သတ္တပတ် (၁၈) မှာတော့ ၂၀၁၂ အတွင်း ဂိုးသွင်းအများဆုံးအဖြစ် ချယ်လ်ဆီးအသင်းက အက်စတွန်ဗီလာအသင်းအား ၈ ဂိုးပြတ်နဲ့ အိမ်ကွင်းမှာ အနိုင်ရရှိသွားခဲ့ပါတယ်။
အက်စတွန်ဗီလာ အသင်းအတွက်တော့ ပြီးခဲ့တဲ့တပတ်တုန်းက လစ်ဗာပူးအသင်းကို အနိုင်ရရှိခဲ့အပြီး ချိုမြိန်မှုဟာ ခရစ္စမတ်မှာ ပျက်ပြယ်သွားခဲ့ရပါတယ်။ ဒါပေမယ့် အက်စတွန်ဗီလာအသင်းရဲ့ လူငယ်ကစားသမားတွေဟာ အကောင်းဆုံး ကြိုးစားခဲ့ပြီး အားမတန်၍သာ မာန်လျှော့ခဲ့ရတယ်လို့ဆိုရလောက်အောင် ချယ်လ်ဆီးအသင်းရဲ့ နည်းပြ ဘန်နီတက်စ်ရဲ့ ဗျုဟာအောက်မှာ ဂိုးတွေအများကြီး ပေးခဲ့ရပါတယ်။
ချယ်လ်ဆီးအသင်းမှာ ဖရန့်လမ်းပတ် ဒဏ်ရာကနေ ပြန်လည် သက်သာလာတာကြောင့် အောက်တိုဘာ နောက်ပိုင်း ပထမဦးဆုံးအကြိမ် ပရီးမီးယားလိဂ်မှာ ပြန်လည် ကစားတာဖြစ်သလို သူ့ရဲ့ပရီးမီးယားလိဂ် ၅၀၀ မြောက် ပွဲစဉ်လည်း ဖြစ်ခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ဖာနန်ဒိုတောရက်စ်ရဲ့ ဂိုးနဲ့ ပထမပိုင်းပွဲအစ ၃ မိနစ်မှာတင် ဂိုးရရှိခဲ့ပြီး လူးဝစ်ရဲ့ ၂၉ မိနစ် ဖရီးကစ် ဂိုး၊ အီဗာနိုဗစ်ရဲ့ ၃၄ မိနစ်မှာ သွင်းယူသွားတဲ့ ဂိုးတွေနဲ့ သက်သောင့်သက်သာ ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာတော့ လမ်းပတ်၊ ရာမီရက်စ်၊ အော်စကာ၊ ဟာဇက်တို့ရဲ့ ဂိုးတွေနဲ့ချယ်လ်ဆီးအသင်းဟာ ၈ ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။
အက်စတွန်ဗီလာ အသင်းအတွက်တော့ ယခုရှုံးပွဲဟာ သမိုင်းတလျှောက် အဆိုးရွား ဆုံးရှုံးနိမ့်မှု ဖြစ်ခဲ့ပြီး ၁၉၅၀ ပြည့်နှစ် နောက်ပိုင်း အဆိုးရွားဆုံး ရှုံးနိမ့်မှု ဖြစ်ခဲ့ပါတယ်။ ချယ်လ်ဆီးနည်းပြ ဘန်နီတက်စ်က အက်စတွန်ဗီလာနည်းပြ ပေါလ် လန်းဘတ်ကို စာနာကြောင်း၊ အရည်အသွေးရှိတဲ့ လူငယ်ကစားသမားကို ဖော်ထုတ်ပေးနေတဲ့ နည်းပြကောင်းအဖြစ် ချီးကျူးပြောဆိုသွားခဲ့ပါတယ်။
ဂိုးပေါက် လွဲချော်မှုတွေကြောင့် ဒီရာသီမှာ ပထမဦးဆုံး သရေပွဲကြုံသွားတဲ့ မန်ယူ
ဆွမ်ဆီး ၁ – ၁ မန်ယူ
ယခုပွဲနိုင်လျှင် ပရီးမီးယားလိဂ် (၁၈) ပွဲအပြီးမှာ လက်ရှိချန်ပီယံ မန်စီးတီးအသင်းကို ၆ မှတ်ပြတ်နဲ့ ဦးဆောင်နိုင်မှာမို့ ကစားရခက်တဲ့ ဆွမ်ဆီးအသင်းအား မန်ယူအသင်းက ပွဲပြီးချိန်အထိ အတင်းဖိကစားခဲ့တာကို တွေ့ရပါတယ်။ ဒီပွဲမှာ အဖွင့်ဂိုး အရင်ရရှိခဲ့တာကတော့ ဧည့်သည်အသင်း မန်ယူဖြစ်ပြီး အီဗရာက ၁၆ မိနစ်မှာ ခေါင်းတိုက်သွင်းယူပေးခဲ့ပါတယ်။
သိပ်မကြာခင်မှာပဲ ဆွမ်ဆီးအသင်းက ပြန်လည် တိုက်စစ်ဆင်ခဲ့ပြီး မီချုးက ၂၉ မိနစ်မှာ ဆွမ်ဆီးအသင်းအတွက် ချေပဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒီဂိုးဟာ မီချုးအတွက် ဒီရာသီမှာ ၁၃ ဂိုးမြောက်လည်း ဖြစ်ပါတယ်။ ချေပဂိုးရပြီးတာနဲ့ ဆွမ်ဆီးဟာ ကွင်းလယ်မှာ စိုးမိုးထားခဲ့ပြီး မန်ယူအသင်းဖက်သို့ ထိုးဖောက်ခွင့်တွေ ဆက်တိုက်ရရှိခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ ပွဲဟာမန်ယူရဲ့ ခြေအောက်မှာသာ ရှိခဲ့ပြီး မန်ယူအသင်းဟာ ထိုးဖောက်ခွင့် ဆက်တိုက်ရခဲ့ပေမယ့် အနိုင်ဂိုးမရရှိခဲ့ဘဲ ပွဲဟာသရေနဲ့သာ ပြီးဆုံးခဲ့ပါတယ်။ ပွဲချိန်အတွင်းမှာ မန်ယူတိုက်စစ်မှူး ဗန်ပါစီနဲ့ ဆွမ်ဆီးနောက်ခံလူ ဝီလီယမ်တို့ အချင်းများခဲ့ပြီး ၂ ဦးစလုံး အဝါကတ်ပြ သတိပေးခံခဲ့ရပါတယ်။
မန်ယူနည်းပြ ဖာဂူဆန်ကတော့ ဆွမ်ဆီးနောက်ခံလူ ဝီလီယမ်ရဲ့လုပ်ရပ်ဟာ ဗန်ပါစီကို လည်ပင်းကျိုးသွားစေနိုင်သလို ကံကောင်း၍သာ ဗန်ပါစီ သက်ရှင်နေသေးတာ ဖြစ်ကြောင်း စိတ်ဆိုးစွာ ပြောဆိုသွားခဲ့ပါတယ်။ ဆက်လက်ပြီး ဝီလီယမ်အား တသက်တာ ဘောလုံးကစားခွင့်ပါ ပိတ်ပင်သင့်ကြောင်း ဘီဘီစီသို့ ပြောကြားသွားပါတယ်။
ထို ဖြစ်ရပ်နဲ့ပတ်သတ်ပြီး ဆွမ်ဆီးဖက်မှ ဘာမှမတုန့်ပြန်သေးသလို ကာယကံရှင် ဝီလီယမ်ကတော့ မတော်တဆသာ ဖြစ်ကြောင်းနဲ့ ဒိုင်ရဲ့ ခရာမှုတ်သံ မကြားခင်မှာ ဘောလုံးကို အမြန်ဖျက်ထုတ်လိုက်၍ မတော်တဆ ဗန်ပါစီရဲ့ ခေါင်းကိုဘောလုံးနဲ့ ကန်မိသွားခြင်း ဖြစ်ကြောင်း ဖြေရှင်းပြောဆိုခဲ့ပါတယ်။ ထိုဖြစ်ရပ်နဲ့ ပတ်သတ်ပြီး မည်သူမှန်သည် မှားသည်ကိုတော့ ဘောလုံးပရိသတ်တွေက အွန်လိုင်းမှာ စကားစစ်မျက်နှာ ခင်းနေကြကိုလည်း တွေ့ရပါတယ်။ မန်ယူအသင်းဟာ နောက်ပွဲစဉ်အဖြစ် နယူးကာဆယ်အသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။
Source: uk.news.yahoo.com, bbc.co.uk