၂၀၁၃ ကို ရောက်ရှိလို့ ဇန်နဝါရီလ ၂ ရက်နေ့မှာပဲ ပရီးမီးယားလိဂ် အသင်းတွေအားလုံးဟာ ကစားသမားအသစ်တွေ ခေါ်ယူဖို့ ဟန်ပြင်နေကြပြီ ဖြစ်သလို စာချုပ်ကုန်ဆုံးတောမယ့် နာမည်ကြီး ကစားသမားတွေဟာလည်း ဒီနှစ် ဇန်နဝါရီ အပြောင်းအရွှေ့မှာ အများအပြား အဆင်သင့်ရှိနေပါတယ်။ အသင်းကြီးတွေထဲကမှ ဇန်နဝါရီ မရောက်ခင်ကတည်းက ခြေလှမ်းသွက်နေတဲ့ လစ်ဗာပူးအသင်းဟာ အပြောင်းအရွှေ့ ဖွင့်တဲ့နေ့မှာပဲ အသက် ၂၃ နှစ်သာ ရှိသေးတဲ့ ဒန်နီယယ် စတားရစ်ကို ချယ်ဆီးအသင်းကနေ ခေါ်ယူ စာချုပ်ချုပ်လိုက်နိုင်ပါပြီ။ ဒန်နီယယ် စတားရစ်ကို ခေါ်ယူရာမှာ နှစ်ဖက်အသင်းစလုံးက ပြောင်းရွှေ့ကြေးကို မဖော်ပြပေမယ့် ပေါင် ၁၂ သန်းနဲ့ ခေါ်ယူလိုက်တယ်လို့ နာမည်ကြီး သတင်းစာတွေက ဖော်ပြနေကြပါတယ်။
စတားရစ် ရဲ့ ကိုယ်ရေး အကျဉ်း
စတားရစ်ဟာ ဘာမင်ဟမ်မြို့မှာ ၁၉၈၉ ခုနှစ် စက်တင်ဘာ ၁ မှာ မွေးဖွားခဲ့ပြီး သူရဲ့လူငယ် ဘောလုံးကစားသမား ဘဝကို သူရဲ့မွေးရပ်က အက်စတွန်ဗီလာမှာ စတင်ခဲ့ပါတယ်။ ကွန်ဗင်ထရီမှာ ခေတ္တကစားခဲ့ပြီး မန်စီးတီး အသင်းသို့ ၂၀၀၃ ခုနစ်မှာ ပြောင်းရွေ့ ကစားခဲ့ပါတယ်။ စတားရစ်ဟာ လစ်ဗာပူးအသင်းနဲ့ ၂၀၀၆ ခုနစ် အက်ဖ်အေဖလား လူငယ် ဖိုင်နယ်ပွဲစဉ်မှာ စတင်ထိပ်တိုက် တွေ့ဆုံကစားခွင့်ရခဲ့ပြီး မန်စီးတီး လူငယ်အသင်းအတွက် ၄ ဂိုးသွင်းပေးကာ ဖိုင်နယ်သို့ ပို့ဆောင်ပေးခဲ့ပါတယ်။ ဒါပေမယ့် ဖိုင်နယ်ပွဲစဉ်အဖြစ် မန်စီးတီးအသင်းနဲ့ လစ်ဗာပူး လူငယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာမှာ လူငယ်ကစားသမားကောင်းတွေ ပိုင်ဆိုင်တဲ့ လစ်ဗာပူး လူငယ်အသင်းကို ၃-၂ နဲ့ အရှုံးပေးခဲ့ရဖူးပါတယ်။
စတားရစ်ရဲ့ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကြောင့် ၂၀၀၆-၂၀၀၇ ရာသီမှာ မန်စီးတီး အသင်းရဲ့ လူကြီးအသင်းသို့ ရောက်ရှိခဲ့ပြီး ၂၀၀၇ ခုနစ် ဖေဖော်ဝါရီလမှာ ကစားတဲ့ ရီးဒင်းအသင်းနဲ့ပွဲမှာ လူစားလဲဝင်ရောက်ပြီး စတင် ဝင်ကစားခဲ့ပါတယ်။ ဒါပေမယ့် သူရဲ့ တင်ပါးကြွက်သား ဒဏ်ရာကြောင့် ၉ လကြာ အနားယူခဲ့ရပြီး လူငယ် အသင်းနဲ့သာ ပြန်လည် လေ့ကျင့်ခန်း ဆင်းခဲ့ရပါတယ်။
၂၀၀၇-၂၀၀၈ ရာသီမှာတော့ မန်စီးတီးရဲ့ အသင်းကြီးသို့ ပြန်လည်ရောက်ရှိခဲ့ပြီး တရာသီအတွင်း ၁၆ ပွဲကစား၊ ၄ ဂိုးသွင်း၊ ၃ ကြိမ် ဂိုးဖန်တီးပေးခဲြ့ပီး မန်စီးတီးရဲ့ တနှစ်တာအကောင်းဆုံး လူငယ်ကစားသမားဆုကို ရရှိခဲ့ပါတယ်။ ဒါပေမယ့် ဇူလိုင် ၂၀၀၉ မှာတော့ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီး ချယ်ဆီးအသင်းကို အလွတ် ပြောင်းရွေ့ခဲ့တာကြောင့် မန်စီးတီးအသင်းအတွက် နစ်နာခဲ့ရပါတယ်။ စတားရစ်ကို ရောင်းထုတ်ခဲ့တာနဲ့ပတ်သတ်ပြီး ရောဘတ်တိုမန်ချီနီက အကယ်၍ ၂၀၀၉ ခုနစ်ကသာ မန်စီးတီးမှာ သူရှိခဲ့လျှင် စတားရစ်ကို ရောင်းမည် မဟုတ်ကြောင်းနဲ့ သူလိုချင်တဲ့ ကစားသမားထဲမှာ ပါဝင်ကြောင်း ဖွင့်ဟဖူးပါတယ်။
ချယ်ဆီးအသင်းသို့ ရောက်ပြီးနောက်မှာ စတားရစ်ဟာ အက်အေဖလားမှာ ၄ ဂိုးသွင်းပြီး ဂိုးသွင်းအများဆုံး ရရှိခဲ့သလို အက်အေဖိုင်နယ်မှာလည်း ပို့စ်မောက်အသင်းကို အနိုင်ရရှိပြီး ဖလားရဖို့ စွမ်းဆောင်ခဲ့ပါတယ်။
ဘော်တန်သို့ ရောက်ပြီး နာမည်စတင်ကြီးလာတဲ့ စတားရစ်
၂၀၁၀-၂၀၁၁ ရာသီမှာတော့ ချယ်ဆီးအသင်းအတွက် ၂၁ ပွဲကစားပြီး ၄ ဂိုးသွင်းယူခဲ့ကာ ပွဲအတော်များများမှာ လူစားလဲ အနေဖြင့်သာ ကစားခွင့်ရတာကြောင့် အတွေ့အကြုံရစေဖို့ ဘော်တန်အသင်းသို့ အငှားနဲ့ သွားရောက်ကစားခဲ့ပါတယ်။
ဘော်တန်သို့ ရောက်ပြီးနောက် စတားရစ်ရဲ့ အကောင်းဆုံး ခြေစွမ်းပြနိုင်ချိန်လို့ ဆိုရလောက်အောင် ၁၂ ပွဲကစား ၈ ဂိုးသွင်းပြီး ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တိုက်စစ်မှူးစာရင်းထဲ စတင်ဝင်ရောက်ခဲ့ပါတယ်။ ဘော်တန်အသင်းသို့ ရောက်ရှိချိန်မှာ စတားရစ်ဟာ တဖက်အသင်းတွေကို နေရာစုံကနေ ထိုးဖောက်ခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ အလားအလာကောင်းတဲ့ လူငယ်တိုက်စစ်မှူးအဖြစ် သက်သေပြနိုင်ခဲ့ပါတယ်။
၂၀၁၁-၂၀၁၂ မှာတော့ နည်းပြ ဘိုးအာ့စ်က ချယ်ဆီးသို့ ရောက်ရှိလာပြီး ဘော်တန်ကို အငှားချထားတဲ့ စတားရစ်ကို ပြန်လည်ခေါ်ယူခဲ့ကာ တောင်ပံနှစ်ဖက်မှာ ထားကစားစေပါတယ်။ အသင်းရဲ့အဓိက ကစားသမားဖြစ်လာတဲ့ စတားရစ်ဟာ ၂၀၁၁-၂၀၁၂ ရာသီမှာ အသင်းအတွက် ၁၃ ဂိုး သွင်းယူပေးခဲ့ပြီး အသင်းရဲ့ တွဲဖက်တိုက်စစ်မှူး တောရက်စ်ထက် ဂိုးပိုသွင်းနိုင်ခဲ့ပါတယ်။
ဒါပေမယ့် ရော်ဘတ်တို ဒီမက်တီယို စတင်ကိုင်ပြီးနောက် စတားရစ်ဟာ ပွဲထွက်ခွင့် ပိုမိုနည်းပါးလာတာကြောင့် အသင်းပြောင်းဖို့ အသံတွေ စထွက်လာပြီး ပြိုင်ဘက်အသင်းတွေဖြစ်တဲ့ စပါး၊ အာဆင်နယ်၊ လစ်ဗာပူး တို့က စတားရစ်ကို ခေါ်ယူချင်တဲ့ သတင်းတွေ စထွက်လာပါတယ်။ ရော်ဘတ်တို ဒီမက်တိုယို ချယ်ဆီး နည်းပြအဖြစ် ဖယ်ရှားခံရပြီးနောက် ဘန်နီတက်စ် ရောက်ရှိလာချိန်မှာလည်း စတားရစ်ဟာ ပွဲထွက်ခွင့်မရပဲ ချယ်ဆီးအသင်းမှာ အနာဂတ် မရေရာတာကြောင့် နောက်ဆုံးမှာတော့ လစ်ဗာပူးအသင်းကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။
စတားရစ်ဟာ အသင်းပြောင်းဖို့ ဆုံးဖြတ်အပြီးမှာ စပါးအသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ပြီး ယခု သူရရှိနေတဲ့ လစာ ပေါင် ၈ သောင်းကနေ တပတ်ကို ပေါင် ၆ သောင်းနဲ့ လျှော့ယူပြီး ကစားဖို့ သဘောတူညီမှု ရအပြီးမှာ လစ်ဗာပူးကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။
လစ်ဗာပူး ဝက်ဘ်ဆိုဒ်နဲ့ အင်တာဗျူးမှာတော့ စတားရစ်က သူဟာ လစ်ဗာပူးအသင်းအတွက် ဘယ်နေရာမှာမဆို ကစားဖို့ရှိကြောင်း၊ သူရဲ့အားသန်တဲ့နေရာက တိုက်စစ်ဗဟိုမှာဆိုပေမယ့် အသင်းအတွက် မည့်သည့်နေရာမှာမဆို ကစားပေးဖို့ အဆင့်သင့်ရှိကြောင်း ဖွင့်ဟပြောဆိုခဲ့ပါတယ်။ ဆက်လက်ပြီး စတားရစ်က သူဟာ တောင်ပံကနေပြီး တဖက်အသင်း ခံစစ်မှူးတွေကို လှည့်စားကာ အသင်းဖော်တွေအတွက် ဂိုးဖန်တီးပေးရတာကို သဘောကျမိပြီး ဆွာရက်စ် နဲ့အတူ တွဲကစားဖို့ စိတ်လှုပ်ရှားမိကြောင်း အင်တာဗျူးမှာ ပြောဆိုသွားခဲ့ပါတယ်။
လစ်ဗာပူးနည်းပြ ဘရန်ဒန် ရော်ဂျားစ်ကတော့ “ကျနော် ဒန်နီယယ် စတားရစ်ကို အသက် ၁၂ ကတည်းက ကွန်ဗန်ထရီမှာ စတင်သိရှိခဲ့ပြီး သိပ်မကြာခင်မှာပဲ သူဟာ မန်စီးတီးကို ရောက်သွားပါတယ်။ သူဟာ ဂိုးသွင်းနိုင်တယ်၊ လျင်မြန်မှုရှိတယ်၊ ပြီးတော့ လစ်ဗာပူး ကစားသမား တယောက်မှာ ရှိသင့်တဲ့အောင်မြင်မှုကို ဆာလောင်တဲ့ စိတ်ဓာတ်ရှိပါတယ်။ စတားရစ်ဟာ လစ်ဗာပူးလို အသင်းကြီးမှာ သူရဲ့ စွမ်းရည်ကို ထုတ်ဖော်ပြသခွင့် ရမှာဖြစ်သလို ဒါဟာ သူ့အတွက် အခွင့်ကောင်းပါပဲဆိုပြီး စတားရစ်ကို ပိုမိုကြိုးစားဖို့ ပြောသွားခဲ့ပါတယ်။
ဘောလုံး ဝေဖန်သုံးသပ်ရေးသမားတွေကတော့ လစ်ဗာပူးအသင်းမှာ အောင်မြင်ဖို့ စတားရစ်အနေနဲ့ ကြိုးစားရမှာ ဖြစ်သလို အသင်းအနေနဲ့လည်း မကြာခင်မှာ အင်္ဂလန်ရဲ့ အနာဂတ် တိုက်စစ်မှူးကောင်းဖြစ်လာမယ့် လူငယ်ကစားသမား စတားရစ်ကို ရရှိလိုက်တာကြောင့် နှစ်ဦးနှစ်ဖက် ကောင်းမွန်တဲ့ ပြောင်းရွှေ့မှုဖြစ်ကြောင်း သုံးသပ်ပြောဆိုသွားပါတယ်။
ဒန်နီယယ် စတားရစ်ရဲ့ ဂိုးသွင်းယူမှုမှတ်တမ်း
ဘော်တန် (၂၀၁၁- အငှား) – ၁၂ ပွဲ – ၈ ဂိုး
ချယ်ဆီး (၂၀၀၉ – ၂၀၁၂) – ၆၆ ပွဲ – ၂၄ ဂိုး
မန်စီးတီး (၂၀၀၆-၂၀၀၉) – ၃၂ ပွဲ – ၆ ဂိုး
Source: liverpoolfc.com