ဗြိတိန် စံတော်ချိန်၊ ကြာသပတေးနေ့ မနက်ခင်းအစောပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ မန်စီးတီး လေ့ကျင့်ရေးကွင်းမှ ရန်ပွဲဟာ နာရီပိုင်းအတွင်း မီဒီယာတွေမှာ ပြန်သွားတာကြောင့် ၂၀၁၃ ရဲ့ ဘောလုံးလောကမှာ ပထမဦးဆုံး လူပြောအများဆုံး သတင်း ဖြစ်သွားပါတယ်။ အဆိုပါဖြစ်ရပ်က မန်စီးတီးလေ့ကျင့်ရေးကွင်းမှာ ဖြစ်ပျက်ခဲ့တာဖြစ်ပြီး နည်းပြ မန်ချီနီနဲ့ ပြဿနာ အမြဲရှာတတ်တဲ့ ဘာလော့တယ်လီတို့ နှစ်ဦးသား ကိုယ်ထိလက်ရောက် အချင်းများခဲ့တာ ဖြစ်ပါတယ်။
နည်းပြ မန်ချီနီနဲ့ ဘာလော့တယ်လီတို့၂ ဦးစလုံးကို နည်းပြအဖွဲ့ဝင်တွေနဲ့ကစားသမားတွေက ဖျန်ဖြေခဲ့ရပြီး အခုချိန်ထိတော့ မန်စီးတီးဘက်က ဒီကိစ္စနဲ့ပတ်သတ်လို့ မီဒီယာတွေကို ဖြေကြားခြင်း မရှိသေးပါဘူး။ ဒါပေမယ့် မန်ချီနီဟာ အက်ဖ်အေဖလားအကြို သတင်းစာ ရှင်းလင်းပွဲမှာ ဒီကိစ္စနဲ့ပတ်သတ်ပြီး ဖြေရှင်းချက် ပေးသွားဖွယ်ရှိကြောင်း သိရပါတယ်။
အခုဖြစ်ရပ်မှာ ဘာလော့တယ်လီက သူ့ရဲ့အသင်းဖော်အား ကြမ်းကြမ်းတမ်းတမ်း ဖျက်ရာမှစပြီး မန်ချီနီမှ ဘာလော့တယ်လီအား အပြစ်တင်ပြောကြားပါတယ်။ အဲဒါကို ဘာလော့တယ်လီက မကျေမနပ် ပြန်ပြောတယ်လို့ သိရပါတယ်။ မန်ချီနီက ဘာလော့တယ်လီရဲ့ အပြုအမူကို ဒေါသထွက်သွားကာ သူ့ရဲ့ အကျႌကို ဆွဲပြီး အချင်းစများခဲ့တယ်လို့လည်း သိရပါတယ်။ ဓာတ်ပုံ တပုံမှာတော့ ဘာလော့တယ်လီ ကိုယ်တိုင်လည်း ဒေါသထွက်နေပုံရပြီး အသင်းဖော်များက တခြားနေရာသို့အတင်းဆွဲသွားရတာကိုလည်း တွေ့ရပါတယ်။ ဒီဖြစ်ရပ်ကြောင့် ဘာလော့တယ်လီဟာ မီဒီယာတွေရဲ့ကြားမှာ နာမည်ကြီးဦးမှာဖြစ်သလို မန်ချီနီ နဲ့ဘာလော့တယ်လီ ရဲ့ ဆက်ဆံရေးဟာလည်း ပိုလို့သာ ဆိုးရွားလာဖွယ်ရှိပါတယ်။
အသက် ၂၂ နှစ်ရှိပြီ ဖြစ်တဲ့ ဘာလော့တယ်လီဟာ ၂၀၁၀ သြဂုတ်လတုန်းက မန်စီးတီး အသင်းသို့ပေါင် ၂၄ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းသို့စရောက်ကတည်းက အသင်းနည်းပြ မန်ချီနီနဲ့ပြသနာ ခဏခဏ တက်ခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။
မန်ချီနီက “ကျနော် သူနဲ့နေ့တိုင်း စကားမပြောဖြစ်ပါဘူး၊ ဒါမှ မဟုတ်ရင် ကျနော် စိတ်အထူးကုနဲ့ခဏခဏတွေ့ရဖို့ ရှိပါတယ်။ တခါတရံ လိုအပ်မှသာ သူနဲ့စကားပြောဖြစ်ပြီး အဲဒီအကြောင်းရင်းဟာလည်း အသင်းအတွက် သူ့စွမ်းရည်ဆောင် တိုးတက်လာဖို့ကြောင့်သာ ဖြစ်ပါတယ်” ဆိုပြီး ပြီးခဲ့တဲ့နှစ်က အင်တာဗျုးတခုမှာ ပြောခဲ့ဖူးပါတယ်။ ဒါ့အပြင် မန်ချီနီ ရွှတ်နောက်နောက်နဲ့ပြောခဲ့ဖူးတာက “ကျနော်သာ သူရဲ့ အသင်းဖော် တယောက်ဖြစ်ခဲ့မယ်ဆိုလျှင် နေ့တိုင်း လက်သီးနဲ့ထိုးမိမလား မသိဘူး” လို့ ဖြစ်ပါတယ်။
အဆိုပါဖြစ်ရပ်ကြောင့် “Why Always Me” လို့နာမည်ကြီးတဲ့ အီတလီ လက်ရွေးစင်ကစားသမား ဘာလော့တယ်လီဟာ ယခု ဇန်နဝါရီ အပြောင်းအရွှေ့မှာ အီတလီ ကလပ်အသင်းတခုခုသို့ပြောင်းရွှေ့ဖို့ရာခိုင်နှုန်း ပိုများလာပါတယ်။
Source: BBC