အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲသည် ကျွန်းဆွယ် အားကစား ပြိုင်ပွဲတွင် မြစ်ဖျားခံသည်။ အရှေ့တောင် အာရှ ကျွန်းဆွယ် အားကစား ပြိုင်ပွဲမှာလည်း ၁၉၅၈ ခုနှစ်၊ ဂျပန်နိုင်ငံ တိုကျိုတွင် ကျင်းပသည့် အာရှ အားကစားပွဲ တွင် စတင် သန္ဓေတည်ခဲ့သည်။ တိုကျို အာရှ အားကစား ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြသည့် မြန်မာ၊ လာအို၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့မှ အားကစား ခေါင်းဆောင်များသည် ၁၉၅၈ ခုနှစ် မေ ၂၂ ရက်နေ့တွင် စုဝေး တိုင်ပင်ကြကာ အရှေ့ တောင် အာရှ ကျွန်းဆွယ် အားကစား ပြိုင်ပွဲ “Southeast Asia Peninsula Games- SEAP GAMES” ကျင်းပရန် သဘောတူညီခဲ့ကြသည်။
ဦးတည် ရည်မှန်းချက်
အရှေ့တောင်အာရှ ကွန်းဆွယ် နိုင်ငံများ အားကစား ပြိုင်ပွဲအတွက် ထားရှိသည့် ဦးတည်ရည်မှန်းချက်များမှာ ကောင်းသည်။
အရှေ့တောင်အာရှ ဒေသ ကျွန်းဆွယ်ကြီးပေါ်တွင် တည်ရှိနေကြသည့် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ စင်ကာပူ၊ ထိုင်းနှင့် (တောင်) ဗီယက်နမ် နိုင်ငံတို့သည် အာရှ အားစားပွဲတွင် လည်းကောင်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြ သည်။ သို့သော် အဆင့်အတန်း ကွာလွန်းအားကြီးသဖြင့် ကျွန်းဆွယ်ဒေသ နိုင်ငံများမှ အားကစား သမားများ၊ အားကစား အသင်းများသည် အောင်မြင်မှု မရရှိကြပါ။
သို့ဖြစ်ရာ အောက်ခြေတွင် စတင်ပျိုးထောင် ကြပြီး တဆင့်ပြီး တဆင့် တက်သွားရန် အတွက် အောက်ခြေ အဆင့်ဖြစ် သည့် ကျွန်းဆွယ် နိုင်ငံများသာ ပါဝင်ယှဉ်ပြိုင်နိုင်သည့် အရှေ့တောင် အာရှ ကျွန်းဆွယ် အားကစား ပြိုင်ပွဲကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။
၁၉၅၈ ခုနှစ် အာရှ အားကစား ပွဲတွင် မြန်မာ၊ လာအို၊ မလေးရှားနှင့် ထိုင်းတို့၏ ဦးဆောင်မှုကို ကမ္ဘောဒီးယား၊ တောင် ဗီယက်နမ်နှင့် စင်ကာပူတို့က သဘောတူ ညီခဲ့မှုဖြင့် ၁၉၅၉ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်မှ ၁၇ ရက်အထိ ကျင်းပရန် ဆုံးဖြတ်ခဲ့ကြသည်။
သို့ရာတွင် လက်တွေ့ ပြိုင်ပွဲ စတင်သော အခါ ၆ နိုင်ငံသာ ယှဉ်ပြိုင်ခဲ့ကြရသည်။ အိမ်ရှင် ထိုင်းနိုင်ငံနှင့် နိုင်ငံရေး အငြင်းပွားမှုများ ကြောင့် ကမ္ဘောဒီယားနိုင်ငံက ပါဝင် ယှဉ်ပြိုင်ခဲ့ခြင်း မရှိပါ။
ပထမဆုံး အကြိမ်ကျင်းပသည့် ကျွန်းဆွယ်ပြိုင်ပွဲတွင် အားကစားနည်း ၁၂ မျိုးထည့်သွင်း ကျင်းပခဲ့သည်။ မြန်မာနိုင်ငံ က စားပွဲတင် တင်းနစ်နှင့် သေနတ်ပစ်ပြိုင်ပွဲတို့တွင် ဝင်ရောက် ယှဉ်ပြိုင်နိုင်ခဲ့ခြင်း မရှိဘဲ ပြေးခုန်ပစ်၊ ကြက်တောင်၊ ဘတ်စကက်ဘော၊ လက်ဝှေ့၊ စက်ဘီးစီး၊ ဘောလုံး၊ တင်းနစ်၊ ရေကူး၊ ဘော်လီဘောနှင့် အလေးမ ပြိုင်ပွဲတို့ကို အားကစား သမားပေါင်း ၁၂၆ ဦးဖြင့် ပါဝင် ယှဉ်ပြိုင်ခဲ့သည်။ ရွှေတံဆိပ် ၁၁ ဆု (ပြေးခုန်ပစ် ၅၊ ရေကူး ၂၊ လက်ဝှေ့ ၂၊ အလေးမ ၂) ဆွတ်ခူးခဲ့ပြီး နိုင်ငံအလိုက် ဒုတိယ ရသည်။
အိမ်ရှင်မြန်မာ
အားကစားရုံ၊ အားကစားကွင်းများ အဆင်သင့်ရှိတန် သလောက် ရှိနေပြီဖြစ်သည့်အပြင် ကျွန်းဆွယ် အားကစားပြိုင်ပွဲ ကျင်းပရေး ဦးဆောင်ဦးရွက်ပြုသည့် နိုင်ငံထဲတွင် တနိုင်ငံအဖြစ် ပါဝင်သည့် ထိုင်းနိုင်ငံကို ဂုဏ်ပြုသော အားဖြင့် ကျွန်းဆွယ် ပထမပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပ စေခဲ့ခြင်းဖြစ်သည်။ နောင် ပြိုင်ပွဲများကို အင်္ဂလိပ် အက္ခရာစဉ် အတိုင်း ကျင်းပရန် ဆုံးဖြတ်ထားသဖြင့် ဘီ (B) အက္ခရာဖြင့် စသော Burma (မြန်မာ)က ဒုတိယအကြိမ်မြောက် အရှေ့တောင် အာရှ ကျွန်းဆွယ် အားကစား ပြိုင်ပွဲကို လက်ခံကျင်းပရန် ဖြစ်သည်။ ဤသို့ ကျင်းပရန် ပထမအကြိမ် မြောက် ထိုင်းနိုင်ငံ ဘန်ကောက်တွင် ကျင်းပခဲ့သည့် ကျွန်းဆွယ် အားကစားပြိုင်ပွဲ အတွင်း ကျင်းပသည့် အရှေ့တောင် အာရှ ကျွန်းဆွယ် အားကစား ပြိုင်ပွဲ ဖက်ဒရေးရှင်း အစည်းအဝေးမှ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ယင်း အစည်းအဝေး သို့ မြန်မာနိုင်ငံ ကိုယ်စားလှယ်များ အဖြစ် မစ္စတာဟာ့စ်ကင် (အတွင်းရေးမှူး၊ အမျိုးသား ကိုယ်လက်ကြံ့ခိုင်ရေး ကောင်စီ)၊ ဒက္ခိဏာတိုင်း အားကစားမှူး ဦးလှကြည်နှင့် အားကစားကွင်း အရာရှိ ဦးသန်းဆွေတို့ တက်ရောက်ခဲ့ကြသည်။
ဝန်ကြီချုပ်နှင့် သမ္မတ
ဒုတိယအကြိမ်မြောက် အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစား ပြိုင်ပွဲကို မြန်မာနိုင်ငံက လက်ခံကျင်းပရန် ဆုံးဖြတ်ပြီးနောက် ကျွန်းဆွယ်ပြိုင်ပွဲ ကော်မတီ တရပ်ကို အစိုးရက ဖွဲ့စည်းပေးသည်။
ကော်မတီ နာယကမှာ ဝန်ကြီးချုပ်နှင့် နိုင်ငံတော် သမ္မတ တို့ ဖြစ်သည်။
ပြိုင်ပွဲကျင်းပရေး ကော်မတီ ဥက္ကဌမှာ ဒုတိယကာကွယ်ရေး ဦးစီးချုပ် ဗိုလ်မှူးချုပ် အောင်ကြီးဖြစ်ပြီး အတွင်းရေးမှူးမှာ မစ္စတာ ဟာ့စ်ကင်း (NFC) တို့ ဖြစ်သည်။ ဒုတိယ ဥက္ကဌများမှာ သတိုးမဟာ သရေစည်သူ ဦးစံလွင် (နိုင်ငံတော် စာရင်းစစ်ချုပ်)၊ အတွင်းဝန်ချုပ် စည်သူ ဦးရွှေမရ နှင့် စည်သူ ဦးပိုင်တို့က ဆောင်ရွက်သည်။
တွဲဖက်အတွင်းရေးမှူး ၂ဦးမှာ ဗိုလ်ကြီး ထွန်းငြိမ်းနှင့် ဦးသန်းဆွေတို့ ဖြစ်သည်။
ယင်း ဦးစီး ကော်မတီအောက်တွင် ဘဏ္ဍာရေး ကော်မတီ၊ ကြီးကြပ်ခန့်ခွဲမှု ကော်မတီ၊ သတင်းနှင့် ပြန်ကြားရေး ကော်မတီ၊ ဧည့်ခံကြိုဆိုရေး ကော်မတီ စသည့် ကော်မတီ ၄ ရပ် သာ ဖွဲ့စည်းသည်။
ဘဏ္ဍာရေး ကော်မတီ သဘာပတိ အဖြစ် ဦးစံလွင်၊ အကျိုးဆောင် ဦးအုံး (စာရင်းစစ်ချုပ်၊ NFC)၊
ကြီးကြပ် စီမံခန့်ခွဲရေး ကော်မတီတွင် သဘာပတိ ဦးပိုင်၊ အကျိုးဆောင်အဖြစ် ဦးသန်းဝင်း (ကာယညာ)၊
သတင်းနှင့် ပြန်ကြားရေးဆပ်ကော်မတီတွင် သဘာပတိ သရေစည်သူ ဦးရွှေမရ၊ အကျိုးဆောင် ဦးခင် (ပြန်ကြားရေး ဒုဝန်)၊
ဧည့်ခံကြိုဆိုရေး ကော်မတီ သဘာပတိ သိရိပျံချီ ကာနယ် မင်းစိန်၊ အကျိုးဆောင် ဦးကြည် (တိုင်း အားကစားမှူး၊ NFC) တို့က ဆောင်ရွက်ကြသည်။
ပြဿနာကြုံ
ထိုသို့ အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစားပြိုင်ပွဲ ဒုတိယအကြိမ်ကို မြန်မာနိုင်ငံက လက်ခံကျင်းပရန် ပြင်ဆင် နေစဉ်တွင် ပြဿနာတရပ် ပေါ်လာသည်။ တောင်ဗီယက်နမ်က ဝင်ရောက် မယှဉ်ပြိုင်နိုင်ကြောင်း မြန်မာနိုင်ငံသို့ တရားဝင် အကြောင်းကြားခဲ့သည်။
ထိုင်းနိုင်ငံတွင် ပထမအကြိမ် ကျင်းပစဉ်က ကမ္ဘောဒီယားက ဝင်ရောက် မယှဉ်ပြိုင်ခဲ့ပါ။ အိမ်ရှင် ထိုင်းနှင့် နိုင်ငံရေး မပြေလည်မှုကို အကြောင်းပြကာ ဝင်ရောက် မပြိုင်ခြင်း ဖြစ်သည်။
ရန်ကုန် ကျွန်းဆါယ် ပြိုင်ပွဲတွင်လည်း တောင်ဗီယက်နမ်က စာရင်းသွင်းပြီးကာမှ ဝင်မပြိုင်တော့ဘူး လိုလို သတင်း ထွက်လာခဲ့သည်။
အကြောင်းပြချက်ကတော့ မြောက်ဗီယက်နမ်နှင့် ပြည်တွင်းစစ် ဖြစ်နေသောကြောင့် ငွေကြေး အကုန်အကျများ နေသဖြင့် ကျွန်းဆွယ်ပွဲ အတွက် အကုန်အကျ မခံနိုင်တော့ ကြောင်း ဟု၍ ဖြစ်သည်။
စစ်ပွဲကြောင့် အားကစားပွဲနှင့် လွဲရမည့် အနေအထားပင်ဖြစ်သည်။
ပထမအကြိမ် ထိုင်းနိုင်ငံတုန်းက ကမ္ဘောဒီးယား နိုင်ငံ မပါသဖြင့် ၆ နိုင်ငံသာ ယှဉ်ပြိုင်ခဲ့ကြရသည်။ ရန်ကုန်ကျွန်းဆွယ် ကျပြန်တော့ ကမ္ဘောဒီးယား ပြန်ပါလာပေမယ့် တောင်ဗီယက်နမ်က ထွက်မည့် တကဲကဲ ဖြစ်နေပြန်သည်။
ယင်း ပြဿနာကို မည်ကဲ့သို့ ဖြေရှင်းရပုံကို မစ္စတာဟာ့စ်ကင်းက သူ၏ “နှစ် ၆၀ မြန်မာနိုင်ငံ အားကစား သမိုင်း” စာအုပ်ထဲတွင် အောက်ပါအတိုင်း မှတ်တမ်းတင်ခဲ့သည်။
“တောင်ဗီယက်နမ်နိုင်ငံသည် ပြီးခဲ့သော ပထမအကြိမ် ကျွန်းဆွယ်ပွဲတော်တွင် ဘောလုံး အနိုင်ရထားသော အသင်း ဖြစ်လေရာ ထိုနိုင်ငံ မပါဝင်ခြင်းသည် မြန်မာပြည်သူ လူထု၏ စိတ်ဝင်စားမှုကို လျော့ပါး သွားစေမည်။
ထို့ပြင် ကျွန်းဆွယ်ပွဲတော်ကြီး အောင်မြင်စွာ ကျင်းပရေးကို အနှောင့်အယှက် ဖြစ်စေနိုင်သည်။ ထို့ကြောင့် စာရေးသူသည် အထွေထွေ အတွင်းရေးမှူး အနေဖြင့် ရန်ကုန်မြို့တွင်ရှိနေသော တောင်ဗီယက်နမ် သံရုံးမှ နိုင်ငံခြားဆိုင်ရာ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံလျှက် အားကစားပွဲသို့ အဖွဲ့တဖွဲ့ စေလွှတ်ပေးပါရန် မေတ္တာရပ်ခံ ရလေတော့ သည်။
အဆုံးစွန်တွင် မြန်မာ အားကစား အာဏာပိုင်များက လိုအပ်လျှင် လေယာဉ်ခကိုပင် ထောက်ပံ့ကူညီပေးမည်ဟု လိုက်လျောပေးခဲ့သည်။
သို့ဖြင့် ရန်ကုန်ရှိ တောင်ဗီယက်နမ် နိုင်ငံ သံရုံးမှ နိုင်ငံခြားရေး သက်ဆိုင်ရာကိုယ်စားလှယ် တဦးသည် ဗီယက်နမ် အားကစား အဖွဲ့ ပါဝင်ရေး အတွက် ဆိုင်ဂုံမြို့သို့ သွားရောက် စီစဉ်တော့သည်။ နောက် ချက်ချင်းပင် ပြန်လာပြီး ထောက်ပံ့ကူညီမှု မယူဘဲ မိမိတို့ဘာသာ ပါဝင်မည့် သတင်းကောင်း ပြန်ပါလာတော့သည်။
မြန်မာနိုင်ငံတွင် ဒုတိယအကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲမှာလည်း ကျွန်းဆွယ် ဒေသဆိုင်ရာ နိုင်ငံစုဖြင့် အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။
မြန်မာအဖွဲ့
၁၉၆၁ ခုနှစ် ကျွန်းဆွယ် အားကစား ပြိုင်ပွဲတွင် မြန်မာနိုင်ငံက အမျိုးသား အားကစား သမား ၁၂၇ ဦး၊ အမျိုးသမီး အားကစား သမား ၂၇ ဦး၊ အုပ်ချုပ် နည်းပြ ၃၀၊ စုစုပေါင်း ၁၈၄ ယောက်ကို ဗိုလ်မှူးကြီး လှအောင်က ခေါင်းဆောင်ပြီး ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ထည့်သွင်း ကျုင်းပသည့် အားကစားနည်း များမှာ ပြေးခုန်ပစ်၊ ရေကူး၊ ဘတ်စကက်ဘော၊ ဘော်လီဘော၊ ဘေလုံး၊ အလေးမ၊ တင်းနစ်၊ စားပွဲတင် တင်းနစ်၊ လက်ဝှေ့နှင့် ရွက်လှေပြိုင်ပွဲတို့ ဖြစ်သည်။
ပြေးခုန်ပစ်
ပြေးခုန်ပစ် ပြိုင်ပွဲတွင် မလေးရှားက ရွှေ ၉၊ ငွေ ၇၊ ကြေး ၈ ရပြီး၊ ပထမရသည်။ မြန်မာက ရွှေ ၇၊ ငွေ ၂၊ ကြေး ၉ ဖြင့် ဒုတိယ ရသည်။ မီတာ ၈၀ တန်းကျော် ပြေးပွဲနှင့် အမျိုးသမီး မီတာ ၁၀၀ ပြေးပွဲတွင် ဂရေစီကားကသာ ပန်းဝင်ဓာတ်ပုံ အဆုံးအဖြတ်ဖြင့် မရှုံးခဲ့လျင် မြန်မာက ပြေးခုန်ပစ်တွင် ပထမ ရနိုင်သည်။
လက်ဝှေ့
ကျွန်းဆွယ် လက်ဝှေ့ ပြိုင်ပွဲ အတန်း ၈ တန်း ထည့်သွင်း ကျင်းပရာ၊ မြန်မာ လက်ဝှေ့သမား ၇ ဦး ဗိုလ်လုပွဲ တက်သည်။ ရွှေတံဆိပ် ရသည်။ ကြေးတံဆိပ် တဆုရသည်။ နိုင်ငံအလိုက် ပထမ ရသည်။
သေနတ်ပစ်
သေနတ်ပစ် ပြိုင်ပွဲတွင် ပစ်နည်း ၅ မျိုး ထည့်သွင်းကျင်ပရာ ကျော်ရှိန်နှင့် ခင်မောင်မြင့်တို့က ရွှေတံဆိပ် ၁ ဆုစီ ရကြသည်။ ထိုင်းကလည်း ရွှေ ၂ ခုရသည်။ စင်ကာပူက ရွှေ ၁ ရသည်။
ရေကူး
မြန်မာရေကူးသမားတို့ အအောင်မြင်ဆုံး ဖြစ်သည်။ ရွှေ ၁၃၊ ငွေ ၇ ၊ ကြေး ၃ ခု ရသည်။ မည်သည့်နိုင်ငံကမျှ ရွှေတံဆိပ် မရကြပါ။
အလေးမတွင် ရွှေ ၄၊ ဘော်လီဘောတွင် ရွှေ ၁၊ ရွက်လှေ တွင် ရွှေ ၂ ၊ စုစုပေါင်း ရွေတံဆိပ် ၃၅ ဖြင့် နိုင်ငံအလိုက် ပထမနေရာတွင် ရပ်တည်နိုင်ခဲ့သည်။
မျက်နှာပျက်စရာ
နိုင်ငံတကာနှင့် ပြဿနာ ကြီးကြီးမားမား မရှိခဲ့သော်လည်း ပြည်တွင်း၌ ဘောလုံးနှင့် လက်ဝှေ့ပွဲ တပွဲ အတွက် ပြဿနာ ပေါ်ခဲ့သည်။ ဒုတိယ ကျွန်းဆွယ်တွင် မြန်မာ အားထားသော ဘောလုံးမှာ ဗိုလ်လုပွဲတွင် မလေးရှား အသင်းကို ဝး၂ ဂိုးဖြင့် ရှုံးသည်။ ယင်း ရှုံးနိမ့်မှုကို ပြိုင်ပွဲ ကျင်းပရေး ကော်မတီ ဥက္ကဌက မကျေနပ်၍ သတင်းစာ ရှင်းလင်းပွဲ တရားဝင် ကျင်းပပြီး ဘောလုံးသမား တချို့ကို ပွဲပယ် ပြစ်ဒဏ်ပေးခဲ့သည်။
နောက်တပွဲကတော့ လက်ဝှေ့ပွဲ ဖြစ်သည်။ သုံးချီစလုံး အလဲထိုး မခံရရုံတမယ် တဖက် လက်ဝှေ့သမား၏ အထိုးခံနေရ သော မြန်မာ လက်ဝှေ့သမား တဦးမှာ ၃ ချီစေ့သော အခါ အမှတ်ဖြင့် အနိုင်ရသွားခဲ့သည်။ ယင်းပွဲတွင် ဒိုင်လူကြီးလုပ်သည့် မြန်မာဒိုင်များကိုလည်း အပြစ်ပေးခဲ့သည်။
မှတ်တမ်း အကျဉ်း
ဤသည်မှာ မြန်မာနိုင်ငံတွင် ပထမဆုံး ကျင်းပခဲ့သည့် ကျွန်းဆွယ် အားကစားပြိုင်ပွဲ၏ မှတ်တမ်း အကျဉ်းမျှသာ ဖြစ်သည်။