ဒီအပတ်မှာ ကမ္ဘာ့ဘောလုံး ပရိသတ်တွေအတွက် အကြိုက်ဆုံးနဲ့ရင်ခုန်စရာ အကောင်းဆုံး ပွဲတပွဲဖြစ်စေမယ့် ရီးယဲလ် မက်ဒရစ်နဲ့ မန်ယူအသင်းတို့ရဲ့ ချန်ပီယံလိဂ် ပထမအကျော့ ပွဲစဉ်ဟာ ဖေဖော်ဝါရီ ၁၃ နေ့ညမှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။ နာမည်ကြီး နည်းပြတွေဖြစ်တဲ့ ဆာ အဲလက်စ် ဖာဂူဆန်နဲ့မော်ရင်ညိုတို့ရဲ့ တကျော့ပြန် ဗျူဟာစစ်ပွဲဟာ ပရီးမီးယားလိဂ် ပရိသတ်ကြီးအတွက် စိတ်ဝင်စားစရာဖြစ်သလို ကမ္ဘာ့အချမ်းသာဆုံး ကလပ်ဆိုတဲ့ ဂုဏ်ပုဒ်ကိုလည်း အပြန်အလှန် ပိုင်ဆိုင်ထားတဲ့ ကလပ် ၂ သင်း ဖြစ်ပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ်မှာ နှစ်ပေါင်းများစွာ စိုးမိုးထားတဲ့ မန်ယူနဲ့ ချန်ပီယံလိဂ်မှာ အအောင်မြင်ဆုံး ကလပ်အသင်းအဖြစ် ရပ်တည်နေဆဲဖြစ်တဲ့ ရီးယဲလ်မက်ဒရစ်တို့ရဲ့ ပွဲဟာ မြက်ခင်းစိမ်းအတွင်းမှာသာ မကဘဲ အသင်းရဲ့ ဂုဏ်သိက္ခာ ယှဉ်ပြိုင်ပွဲအဖြစ် ပြင်းထန်တဲ့ပွဲစဉ် ဖြစ်လာနိုင်ပါတယ်။
ရီးယဲလ်မက်ဒရစ်ရဲ့ ပြင်ဆင်မှု အနေအထား
လက်ရှိ လာလီဂါ ချန်ပီယံ ရီးယဲလ် မက်ဒရစ်ဟာ ဒီနှစ် လာလီဂါမှာတော့ အခြေအနေမကောင်းဘဲ ဘာစီလိုနာနဲ့ အက်သလက်တီကို မက်ဒရစ်တို့ရဲ့ နောက်မှာ အဆင့် ၃ နေရာကနေ တိုက်ပွဲဝင်နေရပါတယ်။ အသင်းရဲ့ ဂိုးရမှုဟာ ရော်နယ်ဒို အပေါ်မှာသာ အားထားလွန်းနေပြီး အရေးကြီးတဲ့အချိန်မှာ ဘန်ဇီမာနဲ့ဟီဂူအင်တို့ဟာ ခြေစွမ်း မပြနိုင်တာကြောင့် နည်းပြ မော်ရင်ညိုအတွက် ခေါင်းခဲစရာ ဖြစ်နေပါတယ်။
ရီးယဲလ်မက်ဒရစ်ဟာ လာလီဂါမှာ အခြေအနေ မကောင်းတာကြောင့် သူတို့ရဲ့ ရည်မှန်းချက်ဟာ ချန်ပီယံလိဂ်ရရေး အဖြစ် ပိုမိုကြိုးစားလာဖွယ် ရှိပါတယ်။ နည်းဗျူဟာနဲ့လက်ရဲဇက်ရဲရှိတဲ့ မော်ရင်ညိုဟာ မန်ယူနဲ့ပွဲမှာ ဘယ်လိုကစားကွက်တွေနဲ့ ပွဲထွက်လာမယ်ဆိုတာ ဘောလုံး ဝေဖန်ရေးသမားတွေတောင် မခန့်မှန်းနိုင်တာကြောင့် ဘောလုံး ပရိသတ်ကြီးကလည်း စိတ်ဝင်တစား ဖြစ်နေပါတယ်။ ဖေဖော်ဝါရီလဟာ ရီးယဲလ်အသင်းအတွက် ပွဲကျပ်ကာလ ဖြစ်နေပြီး ဘာစီလိုနာအသင်းနဲ့ ဘုရင့်ဖလား ပွဲစဉ် ဆီမီးဖိုင်နယ် ၂ ပွဲနဲ့လိဂ်ဖလားပွဲ ၁ ပွဲ ကန်ရမှာ ဖြစ်သလို မန်ယူအသင်းနဲ့လည်း ၂ ပွဲ ယှဉ်ပြိုင်ကစားရဖို့ ရှိတာကြောင့် နည်းပြမော်ရင်ညိုအနေနဲ့ ကစားသမား အပြောင်းအလဲ ပြုဖွယ်ရှိနေပါတယ်။ မော်ရင်ညိုရဲ့ အဆိုအရတော့ ရီးယဲလ်နဲ့ မန်ယူပွဲဟာ ဘောလုံးပရိသတ်တွေ စောင့်မျှော်နေတဲ့ ပွဲမျိုးဆိုပြီး အမွှမ်းတင်သွားပါတယ်။
မန်ယူအသင်းရဲ့ ပြင်ဆင်မှု အနေအထား
မန်ယူအသင်းဟာ ပရီးမီးယားလိဂ်မှာ အခြေအနေကောင်းနေပြီး ဒုတိယနေရာကနေ လိုက်နေတဲ့ မန်စီးတီးကို ၁၂ မှတ် ဖြတ်လိုက်နိုင်ပြီ ဖြစ်တာကြောင့် ချန်ပီယံလိဂ်ကို အတင်းအားသွန်ကစားမယ့် အနေအထားမှာ ရှိနေပါတယ်။ မန်ယူအသင်းအတွက် အားသာချက်က ဖိအားတွေမရှိဘဲ ရီးယဲလ်အသင်းကို ကစားရမှာ ဖြစ်ပါတယ်။ နည်းပြ ဖာဂူဆန်က ပရီးမီးယားလိဂ် ပွဲစီစဉ်သူတွေကို ဝေဖန်ထားပြီး ပွဲစဉ်ဇယားဟာ ချန်ပီယံလိဂ်မှာ အောင်မြင်ရေးအတွက် အနှောင့်အယှက် ဖြစ်စေတယ်လို့ ဝေဖန်ထားတာကြောင့် ဖာဂူဆန်ဟာ ချန်ပီယံလိဂ် အောင်မြင်ရေးအတွက် သေချာစီစဉ်နေမှန်း သိသာပါတယ်။
ရီးယဲလ်အသင်းနဲ့ပတ်သတ်ပြီး ဖာဂူဆန်က “မော်ရင်ညိုမှာ ကစားသမားကောင်းတွေ ၂ သင်းစာလောက် ပိုင်ဆိုင်ထားပြီး သူဘာလုပ်မယ်ဆိုတာ ခန့်မှန်းရခက်ပါတယ်။ ချန်ပီယံလိဂ် ရဖို့ဟာ သူတို့ရဲ့ အဓိက နံပါတ် ၁ ရည်မှန်းချက် ဖြစ်ဖွယ်ရှိနေပြီး ပေါ်တို၊ အင်တာတို့နဲ့ ဖလား ၂ ကြိမ်ရဖူးထားတဲ့ မော်ရင်ညိုဟာ ဒီဖလားရရင် အသင်း ၃ သင်းနဲ့ ချန်ပီယံလိဂ်ဖလား ၃ ကြိမ်ရတဲ့ နည်းပြ ဖြစ်လာမှာ ဖြစ်တာကြောင့် မော်ရင်ညိုရဲ့ အကောင်းဆုံး စိန်ခေါ်မှုတွေကို တွေ့ရဖွယ်ရှိနေပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။
အသက် ၇၁ နှစ်ရှိပြီ ဖြစ်တဲ့ ဆာ အဲလက်စ် ဖာဂူဆန်ဟာ တိုက်စစ်မှာ အားထားရတဲ့ ရွန်းနီအပြင် ဗန်ပါစီ ကိုပါ ရရှိထားတာကြောင့် ဒီနှစ်မှာလည်း ၁၉၉၉ တုန်းကလို အောင်မြင်မှုမျိုး ပြန်ရဖို့မျှော်လင့်နေပါတယ်။
အဆုံးအဖြတ် ဂိုးသွင်းကြမယ့် ရော်နယ်ဒိုနဲ့ ဗန်ပါစီ
ရော်နယ်ဒို အတွက်တော့ မိခင်ကလပ်ဟောင်းနဲ့ ပြန်လည်ဆုံတွေ့ဖြစ်ပြီး သူ့ကို ဘောလုံးစင်မြင့်ပေါ် တင်ပေးလိုက်တဲ့ ဖာဂူဆန်နဲ့ ပြန်လည် ဆုံတွေ့ခြင်းလည်း ဖြစ်ပါတယ်။ မန်ယူအသင်းမှာ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ် စတဲ့ အောင်မြင်မှုတွေ ရယူပေးခဲ့ပြီး ပရိသတ်ရဲ့ အချစ်တော်တဦးဖြစ်ခဲ့တဲ့ ရော်နယ်ဒိုဟာ ရီးယဲလ်အသင်းသို့ရောက်ပြီးကတည်းက ချန်ပီယံလိဂ်ကို ရယူနိုင်ခြင်းမရှိသေးဘဲ လာလီဂါနဲ့ စပိန် ဘုရင့်ဖလားတို့ကိုသာ ရယူနိုင်ပါသေးတယ်။ လာလီဂါမှာ မက်ဆီနဲ့ အတူ ဂိုးတွေအပြိုင်သွင်းနေတဲ့ ရော်နယ်ဒိုဟာ တဖက်အသင်း နောက်တန်းကို တဦးတည်းစွမ်းရည်နဲ့ ဒုက္ခပေးနိုင်ဆဲပါ။ စိတ်ဝင်စားစရာကတော့ ရော်နယ်ဒိုအနေနဲ့ သူရဲ့ဆရာဟောင်း ဖာဂူဆန်ရဲ့ ခံစစ်နည်းဗျူဟာကို ချိုးဖျက်ပြီး ဂိုးသွင်းယူနိုင်မလားဆိုတာ စောင့်ကြည့်ရပါမယ်။ ရီးယဲလ်အသင်းအတွက် ၁၇၉ ပွဲ ကစားပြီး ၁၈၂ ဂိုး သွင်းယူထားတဲ့ ရော်နယ်ဒိုဟာ ရီးယဲလ်အတွက်တော့ အချိန်မရွေး ပေါက်ကွဲစေနိုင်တဲ့ လက်နက်တခုပါ။
ဗန်ပါစီအတွက် ရွှေရောင်လွှမ်းတဲ့ နှစ်တွေလို့ ဆိုရအောင် ၂၀၁၂ ကစလို့အခုချိန်အထိ ဂိုးမြူးလို့ နေပါတယ်။ အာဆင်နယ် အသင်းမှာ ကစားရင်း ပရီးမီးယားလိဂ် ဂိုးသွင်းအများဆုံး ရရှိခဲ့တဲ့ ဗန်ပါစီဟာ မန်ယူအသင်းသို့ ပြောင်းရွှေ့ကစားခဲ့ပေမယ့် ဂိုးသွင်း အားကောင်းဆဲပါ။ မန်ယူအသင်း အနိုင်ရရှိရေးအတွက် အဆုံးအဖြတ် ဂိုးတွေ သွင်းပေးနေတဲ့ ဗန်ပါစီဟာ ပွဲစဉ်တိုင်းမှာ တဖက်နောက်တန်းကို ဘက်စုံထောင့်စုံကနေ ခြိမ်းခြောက်လို့ နေပါတယ်။ မန်စီးတီးနည်းပြရဲ့ အဆိုအရ ဒီနှစ် ပရီးမီးယားလိဂ် အဆုံးအဖြတ်ဟာ ဗန်ပါစီအပေါ် မူတည်သွားတယ်လို့ ဆိုရလောက်အောင် မန်ယူအသင်းအတွက် အရေးပါနေပါတယ်။ ဗန်ပါစီနဲ့ရွန်းနီတို့အတွဲ ရီးယဲလ်အသင်းဖက်ကို ဂိုးသွင်းနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။
မန်ယူ ကစားသမားဟောင်း ဂယ်ရီ နက်ဗေးလ် ကတော့ ရော်နယ်ဒိုဟာ အားအနည်းဆုံး နောက်ခံလူ ဘက်ကနေ ထိုးဖောက် အနိုင်ယူတတ်ကြောင်း ပြောဆိုသွားပါတယ်။ ၂၀၀၃ ကနေ ၂၀၀၉ အထိ ရော်နယ်ဒိုနဲ့အတူတွဲကစားဖူးတဲ့ ဂယ်ရီက သူဟာ မန်ယူအသင်းမှာ ကန်စဉ်ကထက် ပိုမိုရင့်ကျက်ပြီး ပြီးပြည့်စုံတဲ့ ကစားသမား ဖြစ်လာပါတယ်။ သူဟာ တဖက်နောက်တန်းတွေ အတွက်တော့ တကယ့်ကို မကောင်းဆိုးဝါး ပမာပါပဲ။ နေရာစုံကနေ ထိုးဖောက်တတ်တဲ့ ရော်နယ်ဒိုကို ထိန်းချုပ်ဖို့ ခက်ခဲမှာပါ။ သတင်းတွေအရ ဖာဂူဆန်ဟာ ဖေးလ် ဂျုးန်စ်ကို ရော်နယ်ဒိုအနားမှာ တချိန်လုံး လိုက်ဖျက်ကစားဖို့ ကြိုးစားနိုင်ပေမယ့် သူ့ကိုထိန်းချုပ်ဖို့အနည်းဆုံး ၂ ယောက်လောက် အသင့်ရှိနေမှ ဖြစ်မှာပါဆိုပြီး သတိပေးသွားပါတယ်။
မန်ယူ ကစားသမားဟောင်း ဆိုးရှိုင်းယားကလည်း ရီးယဲလ်နဲ့မန်ယူတို့ရဲ့ ပွဲစဉ်ရလဒ်ဟာ ရော်နယ်ဒိုနဲ့ဗန်ပါစီ တို့အပေါ် မူတည်နေကြောင်းနဲ့ ပြင်းထန်တဲ့ ပွဲစဉ်တခု ဖြစ်လာဖွယ်ရှိကြောင်း ပြောဆိုသွားပါတယ်။ ကျနော့် ဆန္ဒအရဆိုရင်တော့ မန်ယူကို နိုင်စေချင်ပါတယ်။ မန်ယူ အသင်းက ၄-၃ နဲ့နိုင်ပြီး ရော်နယ်ဒိုက ၃ ဂိုးသွင်းယူတယ်ဆိုရင် မျှတမယ်လို့ သဘောကျစွာ ဖြေကြားခဲ့ပါတယ်။
ပွဲကြိုသုံးသပ်ချက်
ရီးယဲလ်အသင်းဟာ အိမ်ကွင်းဖြစ်တာကြောင့် အတင်းဖိကစားလိမ့်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။ ဒါပေမယ့် မန်ယူအသင်းဟာ ခံစစ်ထက်စာရင် ကွင်းလယ်မှာတင် အဖျက်ကစားပြီး ကောင်တာနဲ့ ဂိုးရဖို့ ပြန်ကြိုးစားနိုင်ပါတယ်။ ရီးယဲလ်အိမ်ကွင်းမှာဆိုရင် တဖက်အသင်းတွေ ခံစစ်ကစားရင် ဂိုးပိုမိုပေးရတတ်တာကြောင့် မန်ယူအသင်းဟာ သူတို့အားသန်တဲ့ တောင်ပံတိုက်စစ်ကို အားကိုးဖွယ်ရှိပြီး နှစ်အသင်းစလုံးရဲ့ တိုက်စစ်ထက်မြက်မှုကို ကြည့်ရှုရမှာ ဖြစ်သလို နာမည်ကြီး နည်းပြတွေရဲ့ နည်းဗျူဟာ ပရိယာယ်တွေကလည်း ပရိသတ်တွေကို ရင်ခုန်စရာကောင်းတဲ့ ချန်ပီယံလိဂ်ညကို ပေးစွမ်းနိုင်မှာပါ။
ပွဲချိန်
ဖေဖော်ဝါရီ ၁၃ ရက် နေ့ည
မြန်မာစံတော်ချိန် နံနက်ခင်း ၂း၁၅