AFC Challenge Cup 2014 ဟာ အာရှအတွင်းရှိ ဘောလုံးအားကစားမှာ ဖွံ့ဖြိုးမှု နှေးကွေးနေတဲ့ ဘောလုံးအသင်းတွေကို ယှဉ်ပြိုင်စေပြီး အာရှဖလားသို့ ဝင်ခွင့်ရစေရန် ရည်ရွယ်ပြီး ၂၀၀၆ ခုနစ်မှာ စတင် ကျင်းပခဲ့တဲ့ ပြိုင်ပွဲ ဖြစ်ပါတယ်။ အနိုင်ရတဲ့ အသင်းဟာ အာရှဖလားသို့ခြေစစ်ပွဲ ဝင်စရာမလိုဘဲ တိုက်ရိုက် ကစားခွင့်ရရှိမှာ ဖြစ်ပါတယ်။
မြန်မာ လက်ရွေးစင် ဘောလုံးအသင်းဟာ AFC Challenge Cup 2014 ခြေစစ်ပွဲ အုပ်စုအဆင့် ပထမပွဲစဉ်မှာ ဂူအမ် အသင်းကို ၅ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာကြောင့် ခြေစစ်ပွဲအောင်ဖို့ အခွင့်အရေး ကောင်းနေခဲ့ပါတယ်။ ဒါပေမယ့် မတ်လ ၄ ရက်နေ့ညနေ၊ သုဝဏ္ဏကွင်းမှာ ကစားခဲ့တဲ့ ထိုင်ဝမ်အသင်းနဲ့ ပွဲစဉ်မှာတော့ သရေ ရလဒ်သာ ရရှိခဲ့တာကြောင့် ခြေစစ်ပွဲအောင်ဖို့ နောက်ဆုံးပွဲစဉ်မှာ အိန္ဒိယအသင်းကို အကြိတ်အနယ် ယှဉ်ပြိုင်ကစားရတော့မှာ ဖြစ်ပါတယ်။
ထိုင်ဝမ်နဲ့ ပွဲစဉ်မှာ မြန်မာအသင်းရဲ့ လူစာရင်းဟာ အောက်ပါအတိုင်း ပွဲထွက်လာခဲ့ပါတယ်။
(ဂိုး) သီဟစည်သူ
နောက်တန်း – ဇော်ဇော်ဦး၊ ဇော်မင်းထွန်း၊ သိန်းသန်းဝင်း၊ သက်နိုင်
ကွင်းလယ် – ဒေးဗစ်ထန်၊ ပိုင်စိုး၊ နိုင်လင်းဦး၊ ရန်အောင်ကျော်
ရှေ့တန်း – ကျော်ဇေယျာဝင်းနဲ့ စိုးကျော်ကျော်တို့ ပွဲထွက်လာခဲ့ပါတယ်။
နည်းပြ ပါ့ဆောင်ဟွာက ကြည်လင်း၊ ပြည့်ဖြိုးအောင်၊ အောင်ဟိန်းကျော် တို့ကိုတော့ အနားပေးထားခဲ့ပြီး အရန်မှာ ထိုင်စေခဲ့သလို စိုးမင်ဦးနဲ့ ကောင်းစည်သူ တို့ကတော့ ဒဏ်ရာကြောင့် ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။
မြန်မာ အသင်းဟာ ပထမ ပိုင်း ၁၈ မိနစ်မှာပဲ အဖွင့်ဂိုး ရရှိခဲ့ပြီး တိုက်စစ်မှူး စိုးကျော်ကျော်က မြန်မာအသင်းအတွက် ဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် လက်ကျန် အချိန်တွေမှာ မြန်မာအသင်းဟာ တည်ငြိမ်မှု မရှိတာကြောင့် အခွင့်အရေးတွေ ဆုံးရှုံးခဲ့ပြီး ပွဲပြီးခါနီး ၁၀ မိနစ်အလိုမှာ မြန်မာနောက်ခံလူ ပယ်နတီ ဧရိယာအတွင်း အဖျက်ကြမ်းတာကြောင့် ပယ်နတီ ပေးရပါတယ်။ အဲဒီ ပယ်နတီကို ထိုင်ဝမ် အသင်းခေါင်းဆောင် လီမန်ချူးက ဂိုးသွင်းယူပေးပြီး မြန်မာအသင်းအတွက် နောက်တဆင့်တက်ဖို့ အခွင့်အရေးကို ပိုမိုခက်ခဲစေခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ မြန်မာ အသင်းဟာ ၂ ပွဲကစား ၄ မှတ်နဲ့ အုပ်စု ဒုတိယ အနေဖြင့်သာ ရပ်တည်နေပါတယ်။ အိန္ဒိယ အသင်းကတော့ ၂ ပွဲ ကစား ၆ မှတ်ဖြင့် ပထမနေရာမှာ ရပ်တည်နေပြီး နှစ်သင်းစလုံး ဂိုးကွာခြားချက် တူညီစွာ ရှိနေကြပါတယ်။ မြန်မာ အသင်းအနေနဲ့ခြေစစ်ပွဲအောင်ဖို့အတွက် အိန္ဒိယ အသင်းကို အနိုင်ရရှိဖို့ လိုအပ်နေပြီး ၂ သင်းစလုံးအတွက် ခက်ခဲမယ့်ပွဲစဉ် ဖြစ်လာမှာပါ။
ပွဲချိန်
မြန်မာ – အိန္ဒိယ
မတ်လ ၆ ရက်နေ့ (မြန်မာ စံတော်ချိန် ညနေ ၆း၄၅)