ကျနော်တို့ မြန်မာပရိသတ်တွေ နေ့စဉ်နဲ့အမျှ ရင်သပ်ရှုမောစွာ အားပေးနေတဲ့ အင်္ဂလိပ် ပရီးမီးယားလိဂ်မှ ဘောလုံး ပွဲစဉ်များဟာ ပြိုင်ဆိုင်မှု ပြင်းထန်သလို ကစားသမားတွေဟာလည်း ဘောလုံးကန်နေတဲ့ သက်တမ်းတလျှောက် လက်ဖျားငွေသီးတဲ့လူတွေလို့ ဆိုရလောက်အောင် လစာငွေ အဆမတန် ရရှိကြပါတယ်။
ပရီးမီးယားလိဂ် ပရိသတ်တွေအနေနဲ့ လွန်ခဲ့တဲ့နှစ်ပိုင်းတွေတုန်းက အက်စတွန်ဗီလာမှာ နာမည်ကြီးခဲ့တဲ့ လီဟန်ဒရီကို မှတ်မိကြမှာပါ။ ၁၉၉၉ နောက်ပိုင်း ဝန်းကျင်လောက်မှာ ပေါ်ထွက်လာခဲ့ပြီး အင်္ဂလန်ရဲ့ ရွှေရောင် မျိုးဆက်သစ်လို့ နာမည်ကြီးခဲ့တဲ့ လီဟန်ဒါရီဟာ အခု နာမည်ကြီးကစားသမား လန်းပတ်၊ ရီယိုဖာဒီနန်၊ စတီဗန် ဂျာရတ်တို့နဲ့ မရှေးမနှောင်း နာမည်ကြီးခဲ့တဲ့ ကစားသမားပါ။
လီဟန်ဒရီဟာ ၂၀၀၀ ပြည့်နှစ်အကျော်မှာ တပတ်ကို ပေါင် ၃ သောင်းကျော်နဲ့ပရီးမီးယားလိဂ်ရဲ့ လစာငွေ အများဆုံးရရှိတဲ့ အယောက် ၂၀ စာရင်းကို ဝင်ခဲ့ဖူးပါတယ်။ အခု အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ လီဟန်ဒရီဟာ တချိန်က သူနှစ်ခြိုက်စွာ ဝယ်ယူခဲ့တဲ့ ဇိမ်ခံကား၊ ဇိမ်ခံအိမ်တွေကို ဆုံးရှုံးလိုက်ရပြီဖြစ်ပါတယ်။ ၂၀၁၂ ဇန်နဝါရီလမှာ အကြွေးတွေကြောင့် ဟန်ဒရီဟာ ဒေဝါလီ ခံခဲ့ရပြီး စိတ်ကျရောဂါကြောင့် သူကိုယ့်သူ သတ်သေဖို့လည်း ၂ ကြိမ်တိုင် ကြိုးစားခဲ့ပါသေးတယ်။
လတ်တလောအချိန်မှာ တမ်ဝေါ့လို့ခေါ်တဲ့ အပျော်တမ်း ကလပ်မှာ ဘောလုံးကစားနေသေးတဲ့ ဟန်ဒရီဟာ သူရဲ့ အကြောင်းဖြစ်စဉ်တွေနဲ့ ပတ်သတ်လို့ ရင်ဖွင့်ခဲ့ပါတယ်။ ဒါနဲ့ပတ်သတ်ပြီး Sporting Charity XPro လို့ ခေါ်တဲ့အဖွဲ့ အစည်းက လီဟန်ဒါရီဟာ ပရီးမီးယားလိဂ် နာမည်ကြီး ကစားသမားတွေထဲက ငွေကြေးပြဿနာ ကြုံတွေ့ရတဲ့ ကစားသမား တဦးပါလို့ ဆိုပါတယ်။ ဆက်လက်ပြီး ပရီးမီးယားလိဂ် ကစားသမား ၅ ယောက် မှာ ၃ ယောက်လောက်က ဘောလုံးသမား ဘဝမှ အနားယူအပြီး ငွေကြေးပြဿနာတွေကြောင့် ဒေဝါလီ ခံရလုနီးပါး ဖြစ်နေကြတယ်လို့ ဆိုပါတယ်။
ဘောလုံးသမား ဘဝမှာ ငွေဖြုန်းကြမ်းကြတဲ့ သူတွေကို ဒေဝါလီ ခံရလို့ စာနာမိဖို့ မလွယ်ပါဘူး။ ဒါပေမယ့် လီဟန်ဒရီရဲ့ ဖြစ်ရပ်ဟာ အခြားသူတွေနဲ့ ကွဲပြားလို့ နေပါတယ်။ လီဟန်ဒရီက သူရဲ့ ငွေကြေးတွေကို ဘယ်လို သုံးစွဲ စုဆောင်းရမယ် ဆိုတာ မသိသလို အိမ်ထောင်ရေး ပြိုကွဲမှုက သူ့ကို အကြွေးတွေ တင်စေပြီး လူမွဲစာရင်းကို ရောက်စေခဲ့တာလို့ ရင်ဖွင့်ပါတယ်။
အင်တာဗျူးတခုမှာ လီဟန်ဒရီက ကျနော်ဟာ အသက် ၂၁ နှစ်လောက်ကနေ ၃၃ နှစ်လောက်အထိက လစာ တော်တော်များများ ရရှိခဲ့တာပါ။ ကျနော်ဟာ အပတ်တိုင်း ရရှိနေတဲ့ အဲဒီလောက်များတဲ့ ဝင်ငွေတွေနဲ့ စပွန်ဆာကြေးတွေကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ စဉ်းစားပါတယ်။ လူအများမြင်တာက ဘောလုံးသမားတွေဟာ အလွယ်တကူ ကားအကောင်းစားတွေ စီးမယ်၊ ဇိမ်ခံအိမ်တွေ ရှိမယ်။ စတိုင်ကျတဲ့ အဝတ်အစားတွေနဲ့ ချမ်းသာတဲ့ သူဌေးတွေလို အားလပ်ရက် ခရီးတွေ ထွက်မယ်လို့ပဲ မြင်ကြတာပါ။ အဲဒီ ဇိမ်ခံ အရာအတ္ထုတွေဟာ ဘောလုံးကန်နေတုန်း ပိုက်ဆံ တအားဝင်တော့ လွယ်ကူပါတယ်။
ဟန်ဒရီရဲ့ အဖေဟာ အရင် စကော့တလန် ဘောလုံးသမားဟောင်း တဦးပါ။ သူက ဟန်ဒရီကို ပိုက်ဆံ ဝင်ငွေရရှိတုန်း ကောင်းမွန်စွာ သုံးစွဲဖို့နဲ့ စိတ်ချရတဲ့နေရာမှာ ရင်းနှီးမြှုပ်နှံဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒါပေမယ့် လီဟန်ဒရီဟာ မှားယွင်းတဲ့ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခဲ့ပြီး ပေါင် ၁၀ သန်းခန့် ဆုံးရှုံးခဲ့ပါတယ်။
ကျနော်ဟာ တခြားသူတွေလို လောင်းကစား ပြုလုပ်တဲ့သူမျိုး မဟုတ်သလို ပိုက်ဆံကို ဂရုမစိုက်ဘဲ ဖောဖောသီသီ သုံးတတ်တဲ့သူမျိုးလည်း မဟုတ်ပါဘူး။ ကျနော်ရဲ့ ရည်ရွယ်ချက်ဟာ မိသားစုကို စောင့်ရှောက်ဖို့ စိတ်ချရတဲ့နေရာမှာ ကောင်းမွန်တဲ့ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခဲ့ဖို့ပါဆိုပြီး ရင်ဖွင့်ပါတယ်။
ဒါပေမယ့် ကျနော်ကို ရိုက်ခတ်စေခဲ့တာက ကျနော့် ဇနီးနဲ့ကွာရှင်းအပြီး ကျနော့်လက်ထဲမှာ ပိုက်ဆံ မကျန်ခဲ့သလို အခြားဝယ်ထားတဲ့ အိမ်တွေဟာ ရောင်းမထွက်ဘဲ ဆုံးရှုံးတဲ့နစ်နာမှုတွေ တမျိုးပြီးတမျိုး ကြုံခဲ့ရပါတယ်လို့ ဆိုပါတယ်။
ပီတာကယ်ဆေဟာ ကြွယ်ဝချမ်းသာတဲ့ သူများကို အကြံပေးနေတဲ့ ပုဂ္ဂိုလ် တဦးဖြစ်ပြီး ဘောလုံးသမားနဲ့ ရုပ်သံကြေညာသူတွေကိုလည်း သူတို့ရဲ့ အောင်မြင်မှုနဲ့ ငွေကြေးချမ်းသာမှုဟာ ခဏတာမျှသာလို့ သတိပေးသွားပါတယ်။ ပီတာကယ်ဆေက ဆက်လက်ပြီး သူတို့ရဲ့ ကစားသမားဘဝဟာ သူတို့ လိုချင်သလောက် ရေရှည်မှာ ဝင်ငွေရမယ့် အလုပ်မျိုး မဟုတ်ပါဘူး။ ကိုယ်ပိုင်ဆိုင်တဲ့ ငွေကြေးတွေကိုဘယ်လို အသုံးချရမလဲ မသိရင် တကယ့် အခက်အခဲကို ရင်ဆိုင်ရတဲ့အခါ ကျဉ်းထဲကျပ်ထဲ ရောက်ရှိပြီး ဒေဝါလီ ခံရတဲ့အဆင့်တွေ ဖြစ်ကုန်ကြပါတယ်လို့ ဆိုပါတယ်။
ဘောလုံးသမားတွေဟာ ပညာရေးပိုင်းမှာ အားနည်းတဲ့သူတွေ ဖြစ်သလို သူတို့ရဲ့ပတ်ဝန်းကျင်ဟာလည်း သူတို့ကို အသိပညာပေးမယ့် အဖွဲ့အစည်းမျိုး နည်းတာကြောင့် ဘောလုံးသမားတွေဟာ အနားယူတာနဲ့ ငွေကြေးအခက်အခဲ ကြုံကြရတာပါလို့ ဝေဖန်သွားပါတယ်။
နာမည်ကြီး ဘောလုံးသမားတွေထဲက ဒေဝါလီ ခံရတဲ့သူတွေထဲမှာ မန်ယူ ကစားသမားဟောင်း ကီး ဂယ်လစ်စပီ၊ ဂျမ်ဘာ ဂျမ်ဘာတို့ ပါဝင်သလို ချယ်လ်ဆီးနဲ့ နယူးကာဆယ် ကစားသမားဟောင်း ဘာဘာရာရို ဟာလည်း ဒေဝါလီ ခံခဲ့ရပါတယ်။ ဒါ့အပြင် လစ်ဗာပူး ကစားသမား ဂျွန်ဘန်းစ်နဲ့ ဂျွန်အာနီ ရီဆေးတို့ဟာလည်း အေးဂျင့်တွေနဲ့ ပြဿနာတက်ခါ လူမွဲစာရင်း သွင်းခံခဲ့ရဖူးပါတယ်။
အက်ဖ်အေ အမှုဆောင် အရာရှိချုပ် ဂေါ်ဒန် တေလာကတော့ ကျနော်ဟာ အေးဂျင့်တွေနဲ့ပတ်သက်ပြီးလည်း သတိထား ပြောချင်ပါတယ်။ သူတို့တွေဟာ ငွေကြေးရွှင်တုန်း အနားမှာ ပျံဝဲနေသလို ကစားသမားတွေ ခက်ခဲတဲ့အချိန် ရောက်ရင် လိပ်ပြာတွေလို ဝတ်ရည်စုပ်ပြီး ထွက်ပြေးတတ်ကြတယ်လို့ ပြစ်တင်ပြောဆိုသွားပါတယ်။
“ကစားသမား တော်တော် များများဟာ အခုလိုပြဿနာတွေ ကြုံနေရတဲ့အခါ ပရီးမီးယားလိဂ် အဖွဲ့ချုပ်ရုံးကို လာပြီး အကြံဉာဏ် လာလာတောင်းကြပါတယ်၊ သတိထားရမှာက ငွေကြေးကို အကျိုးရှိစွာ အသုံးချတတ်ဖို့ လိုအပ်ပြီး ဘောလုံးကန်တဲ့ အချိန်မှာလို ဇိမ်ခံပစ္စည်းတွေနဲ့ ပျော်မွေ့ဖို့တော့ လွယ်ကူမှာ မဟုတ်ပါဘူး။ တော်တော်များများဟာ ဒါနဲ့ပတ်သတ်ပြီး အသားမကျသလို ချက်ချင်းကြီး လုံးဝပြောင်းလဲဖို့ကတော့ မလွယ်ပါဘူး” လို့ ပြောသွားခဲ့ပါတယ်။
ဘောလုံးသမားတွေ သူဌေးကနေ လူမွဲစာရင်း အချိန် ခဏတာအတွင်း ပြောင်းလဲသွားတဲ့ ဖြစ်ရပ်သတင်းတွေဟာ ပရီးမီးယားလိဂ် ဘောလုံးလောကမှာ တော်တော်လှုပ်ခတ် သွားသလို နောက်ဖြစ်လာမယ့် အကျိုးဆက်ကိုတွေးပြီး ဘောလုံးသမားတွေ အနားမယူခင် ဘဝအတွက် ဆွေးနွေးတိုင်ပင်မှုနဲ့ သင်တန်းတွေကို ဂရုတစိုက် လုပ်ဆောင်သင့်တယ်လို့ အင်္ဂလန်က မီဒီယာတွေက ရေးသားနေကြပါတယ်။
ကိုးကား – BBC